ရတနာပုံဆရာမှတ်ကြီး - ယာယီကနဖျင်း
ရတနာပုံဆရာမှတ်ကြီး - ယာယီကနားဖျင်း
(မိုးမခ) ဇူလိုင် ၂၄ ၊ ၂၀၂၄
ဒီရက်ပိုင်း ကြင်စိုးအလုပ်ရှုပ်နေသည်။ တရုတ်ကြီးနဲ့ သူ့ဘော်ဘော်တွေရော၊ ပီဒက်တွေရောက ညှပ်ပူးညှပ်ပိတ် အကြေးလှန်ဖို့ လုပ်နေကြတော့ ချွေးပြန်အောင်ရော သေးမှန် ချေးမှန်အောင်ရော စဉ်းစားနေရသည်။ သူ့ကာချုပ်ပလ္လင်ဘေးမှာ ချေပစ်ထားတဲ့ စက္ကူလုံးတွေက အရူးပလာတာရိုက်ဖို့ လုံးထားတဲ့ ဂျုံလုံးတွေလိုလို။
ထိုစဉ် ကြိုက် တံခါးခေါက်သံ ငါးချက် ကြားရသည်။ ဒါ အနန္တောအနန္တငါးပါး ဦးထိပ်ထားသူသရေကြိုး ရောက်လာပြီဆိုသည့် သဘော။ ကြင်စိုးနဲ့ သရေကြိုးက အမြွှာ။ အပြင်ပန်းကတော့ ချွတ်စွပ်။ အတွင်းပိုင်းကတော့ ကြင်စိုးက သူခိုး၊ ပလ္လင်သူခိုး။ တခြားဘာမှမခိုး ပလ္လင်ဘဲခိုးသူ။ အဲဒါကြောင့် သူ့နာမည် ပလ္လင်သူခိုး ကြင်စိုးလို့ တွင်သည်။ ကြင်စိုး ဆိုတာ ကြိုးစင်လို့ သဘောရသည့် သူ့ရဲ့အလွန်ပီတိ သောမနဿဖြစ်ရတဲ့ ဝါသနာတခုကတော့ ဗုံးကြဲ လက်နက်ကြီးထု သတ်ဖြတ် ဖြိုဖျက်ရတဲ့အလုပ်။ အထူးသဖြင့် သူ့မြေးအရွယ် ကလေးငယ်တွေ ခန္ဓာကိုယ်ပါ အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်အောင် သတ်ဖြတ်လိုက်ရမှ အာသာပြေသည့်အကျင့် ရှိသည်။ လက်နက်ကြီးထု ဖြိုဖျက်ရာလတွင်လည်း ဘုရားကျောင်းကန် စေတီ ဗလီ ချာ့တ် ဘာသာရေးအဆောက်အအုံတွေ၊ ဟော်တယ်တွေဖြိုလိုက်ရမှ စားဝင်အိပ်ပျော်တာမျိုး။
သရေကြိုးကတော့ ငါးမြွေထိုးနဲ့ ငါးပြေမ စပ်ကျထားတဲ့အပြုံးမျိုး ပြုံးတတ်သူ။ ဘုံးစရာမှန်ရင် ရန်ကုန်မြို့ လယ်မြေတွေမှစ အသက်အာမခံကြေးအဆုံး ဝုန်းလိုက်ရမှ၊ မဟုတ်ရင် အမြဲယင်းထနေတတ်သူ။ တင်ဒါ ခေါ်သမျှ သားတော်ဖို့၊ ဖင်ခါကိစ္စ မှန်သမျှ သမီးလေးအတွက်။ အဲဒါကြောင့် သူ့နာမည်ကို မေရိုးလို့ ဘာသာပြန်ကြသည်။ မေ = ကား အဆင့်မြင့်သတ်ပုံနည်းနဲ့ ရေးထားခြင်းဖြစ်လသည်။ ကြင်စိုးတို့ အမြွှာညီအစ်ကိုက သူတို့နာမည်တွေကို ရိုးရိုးအများနည်းတူရေးလျှင် မကြိုက်တတ်။ မေ-ကို ဗျည်းနဲ့ သရ ခွဲဖတ်မှ အသံမှန်ရသည်။ သရေကြိုးက မအလနဲ့ ပိုတူသည်။ တကယ်တော့ မအလနဲ့ သူတို့က တဖအေတည်း။ ဖအေ ဘယ်သူမှန်း မသိတာတခုပင် ပြောစရာရှိသည်။ သောင်းလှိုင်သားလိုလို၊ ညွန့်လှိုင်သားလိုလို၊ ခင်လှိုင်သားလိုလို။
"စဉ်းစားပီးပလား" ဝင်လာလာချင်း ဆေးကြောင်လာတဲ့အခွက်နဲ့ မေးပြီး သူ့အတွက် ခိုးထားတဲ့ ဝကခလို့ စာကပ်ထားတဲ့ ပလ္လင်ပေါ် စူတူတူ ဝင်ထိုင်လိုက်သည်။ "အေး" လို့ သူခိုးလေနဲ့ ခပ်အုပ်အုပ်ဖြေရင်း ကြင်စိုးက သူ တညလုံး ရေးထားတဲ့ စာရွက်ကို ထုတ်ပေးလိုက်သည်။
ဘူနေတဲ့ သရေကြိုးက ခေါင်းတညိတ်ညိတ်နဲ့ စာလုံးပေါင်းဖတ်သည်။ ဖတ်ပြီးပြီးချင်းမှာပဲ ယင်းထလာသည့်အတွက် ခပ်သွက်သွက်ပြန်ထွက်သွားတော့သည်။
တံခါးဝမှာ ခြေသံကြားရပြန်သည်။ ပြီးနောက် တံခါးကိုဆောင့်ကန်ဖွင့်ပြီး ဝင်လာသည်။ ဝင်လာလာချင်း သွေးညှီနံ့ရော ခွေးသွားရေနံ့ရော အလုံးလိုက် ဆောင့်ကာ တခန်းလုံး ဟောင်နေတော့ သည်။ မအလနဲ့ သူ့ဂုံးအို ဝင်လာမှန်း သိလိုက်သည်။ ဒီကောင်က အလွန်တရာကိန်းကြီးခန်းကြီးနိုင်တဲ့ကောင်။ လင်မယားနှစ်ယောက် လိုက်ဖက်။ အသွင်တူတဲ့ အိမ်သူ သခေါ။ မနာလိုစိတ်နဲ့ မောက် မာစိတ် တပြိုင်နက် ဖြစ်ကြသူ။ အဏုမြူတို့၊ အာကာသတို့၊ စာရိတ္တကောင်းရမယ်တို့၊ ပညာနဲ့ နိုင်ငံထောင်မယ်တို့ သောက်ကြီးသောက်ကျယ်တွေ လူပုံအလယ် ကြွယ်ချင်သူ။ မတန်မရာပြောတဲ့လုပ်တဲ့ထဲမှာတော့ မိန်းမကလည်း ဈေးအကြီးဆုံးလက်ကိုင်အိတ်ကြီးတွေတကိုင်ကိုင်နဲ့ စတိုင်ထုတ်ရင်း လင်ပုကို ဖင်ခုထိုင်ထားသူပင်။ လင်မယားနှစ်ယောက်လုံး နောက်ထပ် တူတာကတော့ "ခေါင်းပစ်" တာ။ သူတို့ဆရာတော်က "ခေတ်ပြောင်းဖို့ ခေါင်းပစ်ရမယ်" မိန့်ချက်ကို ဦးထိပ်ပန်ဆင်ထားတာ။
"ကဲ ထိုင်"
"ဟိုမှာ"
"ယာယီသမ္မတ" ဆိုသည့် ပလ္လင်သစ်ကို တွေ့ရတော့ လင်မယားနှစ်ယောက် တယောက် မျက်လုံး တယောက် စူးနဲ့ထိုးဖောက်သလို ကြည့်ပြီး ဝင်ထိုင်လိုက်ကြသည်။
"ယာယီသမတ ဆိုတာက"
"ယာယီသမ္မတ ဆိုတော့ အတည်သမ္မတတော့ မဟုတ်ဖူးပေါ့။ ခဏတဖြုတ်ပေါ့။ ကြားခံပေါ့။ အဓိကက မင်းအတွက် ဒုသမ္မတနေရာကို မြင့်ဆွေကို ကပ္ပိပြီး အနုနည်းနဲ့ သိမ်းရတာဆိုတော့ကား ဒုဆိုတာကြီးကို ဖုံးဖို့လဲ လိုတယ် မဟုတ်လား။ အဲဒါကြောင့် စလွယ်ကြီးတော့ မလွယ်ချင်နဲ့။ မင်းက ဝစီပိတ်တပည့် ကြောင်သူတော်ပီပီ ထန်သီးလုံးကို ပုတီးလုပ်လွယ်ဖို့ သရေကြိုးဆီပို့လိုက်တဲ့ ညွှန်ကြားချက်ထဲမှာ ထည့်ရေးထားတယ်။ သွားစီစဉ်နေပြီ။ မနက်ဖြန် သူ မင်းကို ငါ့အမိန့်စာ ဖတ်ပြီး ခေတ္တသမတ ခန့်လိမ့်မယ်။ ယာယီသမတ ဆိုတာ စာမခန့်ဘူးကွ။ အလုံးဆင့်မပါဘူး၊ ပိုဆိုးတာက ရပ်ထဲရွာထဲမှာဆို ယာယီဆိုတာ အသုဘတွေမှာ သုံးတဲ့အသုံး။ ယာယီကနားဖျင်း ထိုးတယ်၊ တဲထိုးတယ်၊ အသုဘမဏ္ဍပ်ပေါ့ကွာ၊ အလောင်းမြေမကျခင်ရယ်၊ ရက်လည်ပြီးထိရယ်ပဲ ထားကြတာ။ ရက်လည်ထိထားတာကလည်း ဖဲဝိုင်းထောင်ချင်လို့ပေါ့"
လင်မယားနှစ်ယောက် ပြူးကျဲကျွတ်မျက်လုံးကြီးများနဲ့ အပြန်အလှန်ကြည့်ရင်း ...
"ဟို ဟို အမြဲတမ်းခန့်လို့မရဘူးလား၊ ထာဝရသမတကြီးအဖြစ်လေ၊ ထာဝရကလဲ ပါဠိစာလုံးဆိုတော့ ထည်ဝါခန့်ညား လေးစားလောက်ပါတယ်"
ပုကတော်က မြန်မာစာဆရာမပီပီ ဖွဲ့နွဲ့သည်။
"မရဘူးလေ၊ ဒီပလ္လင်တောင် ငါ သုံးနှစ်ကျော် လေးနှစ်နီးပါး ခိုးထားရတာ၊ ငါ့ဘဝမှာ ဒီပလ္လင်လောက် အခိုးရခက်တာ မရှိတော့ဘူး။ ငါ့ခြံထဲက ကောင်တွေတောင် ကုန်တော့မယ်။ ထပ်ထုတ်ရင် တပ်ပြုတ်တော့မှာ။ တပ်ပြုတ်ရင် နင့်လင် ကြောင်သူတော် ခေတ္တတောင်ရမှာ မဟုတ်တော့ဘူး၊ နင်လဲ ကျွတ်ကျွတ်အိပ်ပဲ ဆွဲနေရလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ခြောက်လ တခါ သက်တမ်းတိုးစရာမလိုတော့ဘူးပေါ့ကွာ၊ ဒါပေမဲ့ ဒါကတော့ ခြောက်ရက်လဲ ဖြစ်နိုင်၊ ခြောက်ပတ်လဲ ဖြစ်နိုင်တာပေါ့၊ ဟိုလဒ တုတ်နဲ့နှက်ထားတဲ့ကောင်ကတော့ နလန်မထူနိုင်တော့ဘူးမဟုတ်လား"
ဘုရားအမသည် သူ့သွားထက် ငေါထွက်နေသည့် လောဘကို အတင်းဖိသိပ်ပြန်မျိုရင်း သူ့အနံ့ကြီးသူပြန်ရှူကာ ဘယ်သူမှ မရဘူးသည့် "ခေတ္တသမ္မတကတော်" ဘွဲ့ထူးကို နဖူးမှာ ချိတ်ရတော့မှာပါလားလို့ တွေးရင်း တဖြည်းဖြည်း ပြုံးရာမှ တဟီးဟီးနဲ့ ဟီလာတိုက်နေတော့ရာ ပလ္လင်တောင် သိမ့် သိမ့်တုန်လလို့ ဝက်အူချောင်လာသည်အထိပင်။
-
t.me@moemaka#MoeMaKaMedia
#WhatsHappeningInMyanmar