Breaking News

သျှင်မျိုးငယ် - ငြိ

ငြိ
သျှင်မျိုးငယ်
(မိုးမခ) ဇူလိုင် ၁၃၊ ၂၀၂၄

စကားလုံးတွေ
သတ်ပုံသတ်ညွှန်းတွေ
ဝါကျအပိုင်းအစတွေ
ဝါကျပြတ်တွေ
ဝါကျတွေ
အားလုံးဟာ ငြိ။

စာသားတွေ
သံစဉ်တွေ
ဂီတနုတ်တွေ
ဂီတအပိုင်းအစတွေ
တေးသီးချင်းတွေ
အားလုံးဟာ ငြိ။

အတွေးတွေ
အမြင်တွေ
စဉ်းစားတွေးခေါ်ပုံတွေ
အတွေးအမြင်တွေ
သီအိုရီတွေ
အားလုံးဟာ ငြိ။

ခြေသံတွေ
ခြေလှမ်းတွေ
အပြေးအလွှားတွေ
အဝေးအနီးတွေ
ခရီးလမ်းတွေ
အားလုံးဟာ ငြိ။

ခေတ်တွေ
ခေတ်ဟောင်းတွေ
ခေတ်သစ်တွေ
ခေတ်အပျက်တွေ
ခေတ်အဆက်ဆက်တွေ
အားလုံးဟာ ငြိ။

တစ်ဘဝလုံးလား
တစ်သံသရာလုံးလား
အရာအားလုံးဟာ ငြိ
ဘဝထဲ
ငြိစွန်းခဲ့သမျှပေါ့။

ခေတ်ပျက်သက္ကရာဇ်တွေထဲ
ခေတ်ပျက်သတ်မှတ်ချက်တွေထဲ
ဘယ်နေရာမဆို
ဘယ်သူမဆို
ဘာမဆို
ငြိ နေနိုင်တယ် သတိ။   ။
                -               

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar