UWSA ကို အခွင့်အရေးပေးပြီး ရှမ်းမြောက်ရဲ့ စစ်ရေး ချိန်ခွင်လျှာ ညှိဖို့ ကြိုးစားတာလား၊ မန္တလေးမြို့မှာ စစ်ရေးကြိုတင်ပြင်ဆင်မှုရှိနေ
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁၂ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၁၃၊ ၂၀၂၄
UWSA ကို အခွင့်အရေးပေးပြီး ရှမ်းမြောက်ရဲ့ စစ်ရေး ချိန်ခွင်လျှာ ညှိဖို့ ကြိုးစားတာလား၊ မန္တလေးမြို့မှာ စစ်ရေးကြိုတင်ပြင်ဆင်မှုရှိနေ
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လားရှိုးမြို့ရဲ့ အရှေ့တောင်ဘက် အရပ်မှာ ရှိပြီး ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်မြေနဲ့ လားရှိုးခရိုင်အကြားမှာ ရှိတဲ့မြို့နယ်ဖြစ်ပြီး ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတွေထဲ ပါဝင်တဲ့ဒေသတော့ မဟုတ်ပါဘူး။ စစ်အာဏာ မသိမ်းမီနဲ့ လက်ရှိအနေအထားအထိ စစ်ကောင်စီတပ်တွေ ထိန်းချုပ်နယ်မြေ ဖြစ်ပြီး အရှေ့ဘက်မှာ ဝ နယ်နဲ့ အနောက်မြောက်ဘက်မှာ လားရှိုးတို့အကြား ကူးလူးဆက်သွယ်မှု ရှိတဲ့မြို့ဖြစ်ပါတယ်။
ခုရက်ပိုင်းလေးမှာ ဝ လက်နက်ကိုင်တပ်ဖွဲ့ဝင် ၂၀၀၀ နီးပါး တန့်ယန်းမြို့တွင်းကို UWSA အလံလွှင့်ထားတဲ့ စစ်ကားတွေနဲ့ ဝင်ရောက်လာကြတဲ့ သတင်းက ရှမ်းမြောက်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေ စစ်ရေးချိန်ခွင်လျှာကို အပြောင်းအလဲ ဖြစ်စေတော့မလား ဆိုတဲ့ မှန်းဆချက်တွေ ထွက်ပေါ်လာစေတာ ဖြစ်ပါတယ်။
UWSA နဲ့ စစ်ကောင်စီ အကြား လက်နက်ကိုင် တိုက်ပွဲရယ်လို့ ဖြစ်ပွားခြင်း မရှိတာ ဆယ်စုနှစ်နဲ့ချီ ရှိနေခဲ့ပြီး ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေ အပြီး အာဏာရလာတဲ့ အစိုးရတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာလည်း UWSA အနေနဲ့ အပစ်ရပ်စာချုပ်ချုပ်စရာ မလိုတဲ့ လက်နက်ကိုင် အဖွဲ့အဖြစ် သော်လည်းကောင်း၊ အနာဂတ် ပြည်ထောင်စုမှာ ဘယ်လို ပါဝင်မလဲဆိုတဲ့ သဘောမျိုးနဲ့ သာရှိခဲ့ပြီး အပစ်ရပ်ရေးလို ကိစ္စရပ်တွေမှာ ထဲထဲဝင်ဝင် ပါဝင်ဖို့ မလိုတဲ့ လက်နက်ကိုင် အဖွဲ့တဖွဲ့ လိုဖြစ်ခဲ့တာပါ။ တနည်းအားဖြင့် UWSA က ဂိမ်းကစားပွဲမှာဆိုရင် ကျန်လက်နက်ကိုင် အဖွဲ့တွေနဲ့ မတူတဲ့ ရှေ့အဆင့်ကို ရောက်နေတဲ့ ကစားသူ သဖွယ် ပါဝင်ခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။
တဖက်မှာလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အနေနဲ့ ကြည့်ရင် လက်နက်အင်အား၊ စစ်သည်အင်အား အကောင်းဆုံး၊ နောက်ခံ စီးပွားရေးလည်း တောင့်တင်းဆုံး၊ ၄င်းတို့နယ်ကို ၄င်းတို့ အုပ်ချုပ်ပြီးငွေကြေး အနေနဲ့ တရုတ်နိုင်ငံသုံးငွေကြေးကို သုံးစွဲကာ ပြည်မ အစိုးရကို မှီခိုစရာ မလိုတဲ့ နယ်မြေဒေသတခုအဖြစ် ဆယ်စုနှစ်နဲ့ချီ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၆ နောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကာလမှာ UWSA အနေနဲ့ ရှမ်းမြောက်နဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းက လက်နက်ကိုင် အဖွဲ့ ၆ ဖွဲ့ကို ဦးဆောင်ခဲ့ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံရေး အတိုင်ပင်ခံဆွေးနွေးမှု ကော်မတီ FPNCC ကို ဦးဆောင်ခဲ့ပြီး အခြားသော တောင်ပိုင်း နဲ့ ရှမ်းရှေ့၊ ရှမ်းတောင် တို့က လက်နက်ကိုင်အဖွဲ့တွေ နဲ့ အကျိုးစီးပွား ရည်မှန်းချက် မတူတဲ့ သဘာဝကို ပြသခဲ့သလို တရုတ်နိုင်ငံ နဲ့ ထိတွေ့ဆက်ဆံရတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ဦးဆောင်တဲ့ သဘောလို့ ကောက်ချက်ချရင်လည်း မှားတယ်လို့ မဆိုနိုင်ပါဘူး။
တချို့သော သတင်းဖော်ပြမှုတွေမှာ အခုလို ဝ လက်နက်ကိုင်တွေကို တန့်ယန်းမြို့ တဝိုက်ဒေသတွေကို တိုက်ပွဲ ကူးစက်မလာစေဖို့ ဝင်ရောက် ထိန်းသိမ်းစေတာလို့ ရေးသားနေကြပြီး ဝ လက်နက်ကိုင် အဖွဲ့ နဲ့ စစ်ကောင်စီ နှစ်ဖက်စလုံးကတော့ အခုလို ဝင်ရောက်ထိန်းသိမ်းထားစေတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့ တိတိပပ ပြောဆိုတာ ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။
စစ်ကောင်စီ အနေနဲ့ ထိန်းချုပ်နယ်မြေ သတ်သတ်မှတ်မှတ် ရှိပြီးသား UWSA နဲ့ လတ်တလော နယ်မြေ တိုးချဲ့ဖို့ တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဖြစ်တဲ့ MNDAA ၊ TNLA ၊ AA တို့ကို အဆင့်ခွဲခြား သတ်မှတ်ကာ မတူညီတဲ့ မဟာဗျူဟာ နည်းဗျူဟာ နဲ့ ဆက်ဆံတဲ့ လုပ်ဆောင်မှုက အများ မျှော်လင့်မထားတဲ့ ခြေလှမ်းတလှမ်းလည်း ဖြစ်ပါတယ်။
UWSA အဖွဲ့အနေနဲ့ လက်ရှိ ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးတွေမှာ လုံးဝ ပါဝင် ပတ်သက်ခြင်း မရှိတဲ့ သဘောမဟုတ်ဘဲ၊ မြောက်ပိုင်း ညီနောင် လက်နက်ကိုင် အဖွဲ့တွေလို၊ ရှမ်းတောင်က ကရင်နီဒေသနဲ့ ပအို့ဝ် ဒေသက လက်နက်ကိုင် အဖွဲ့တွေဆီ လက်နက် ရောင်းချတာ ဖြစ်စေ၊ ကူညီပေးတာ ဖြစ်စေ တနည်းနည်းနဲ့ ဆက်ဆံမှု၊ အကူအညီပေးမှုတွေ ရှိနေတယ်လို့ နိုင်ငံရေး၊ စစ်ရေး လေ့လာစောင့်ကြည့်သူတွေက ယူဆထားကြတာ ဖြစ်ပါတယ်။
စစ်ကောင်စီ အနေနဲ့လည်း အဆိုပါ အနေအထားတွေကို မသိရှိတာမဟုတ်ဘဲ တိုက်ရိုက်ပါဝင်ပတ်သက်မှု မရှိတဲ့ အနေအထားအပေါ်မှာ မူတည်ပြီး နည်းပရိယာယ်အရ ထိတွေ့ဆက်သွယ် လုပ်ဆောင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ရှမ်းမြောက်က ညီနောင်လက်နက်ကိုင် ၃ ဖွဲ့ရဲ့ နယ်မြေသိမ်းယူဖို့ ရည်ရွယ်တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယအကျော့မှာ စစ်ကောင်စီ အနေနဲ့ စစ်ရေးနည်းလမ်း သက်သက်တင်မကပဲ သံတမန်ရေး၊ နိုင်ငံရေး နည်းလမ်းတွေနဲ့ ရင်ဆိုင်ဖို့ ကြိုးစားလာတဲ့ သဘောလို့ ကောက်ချက်ချရပြီး ဒီသံတမန်ရေး၊ နိုင်ငံရေးနည်းလမ်းနဲ့ ရင်ဆိုင်နေရတဲ့ လက်နက်ကိုင်အဖွဲ့တွေကို အင်အား ပျံ့သွားအောင်၊ ယုတ်လျော့သွားအောင် လုပ်ဆောင်ဖို့ ကြိုးစားတာလို့ ယေဘုယျအားဖြင့် ကောက်ချက်ချရမှာ ဖြစ်ပါတယ်။
ဒီနေ့ အဖို့နောက်အကြောင်းအရာ တခုကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ နောင်ချိုမြို့ တမြို့လုံး TNLA လက်နက်ကိုင် အဖွဲ့က သိမ်းယူခဲ့ပြီးနောက်မှာ မန္တလေးမြို့က နောက် စစ်ရေးပစ်မှတ် တခုဖြစ်တယ်ဆိုတဲ့ အချက်က လက်တွေ့ အကောင်အထည်ပေါ်လာတော့မယ့် အရိပ်အယောင်တွေ မြင်တွေ့လာရတဲ့နောက် မန္တလေးမြို့ရဲ့ အမြင့်ပိုင်းနေရာတွေမှာ စစ်ရေးအရ နေရာယူ၊ လက်နက်တွေ၊ စစ်အင်အားနေရာယူတာတွေ လုပ်ဆောင်လာတဲ့ သတင်းတွေ ထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။ မန္တလေးမြို့ခံတွေ ပြောဆိုချက်အရ မန္တလေးတောင်နဲ့ မန်းမြန်မာပလာဇာတို့လို အမြင့်ပိုင်းနေရာတွေမှာ စစ်ကောင်စီတပ်က နေရာယူဖို့ ပြင်ဆင်နေပြီး မန္တလေးတောင်ကို ဘုရားဖူးတွေ၊ လမ်းလျှောက်သူတွေ တက်ရောက်ခွင့်မပြုတော့ဖို့ ညွှန်ကြားချက်တွေ ထုတ်ထားပုံရသလို၊ မန်းမြန်မာပလာဇာရဲ့ အမြင့်ပိုင်းကိုလည်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေ နေရာယူဖို့ အချိန်သတ်မှတ်ချက် တခုပေးပြီး ရှင်းလင်းဖို့ ညွှန်ကြားထားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။
နောင်ချိုနဲ့ မန္တလေး အကြား စစ်တက္ကသိုလ်နဲ့ စစ်တပ်တွေ ရှိတဲ့ ပြင်ဦးလွင်မြို့ ကြားမှာခံနေသေးတာ မှန်သော်လည်း TNLA နဲ့ ပူးတွဲလှုပ်ရှားနေတဲ့ MDY PDF အဖွဲ့တွေအနေနဲ့ နယ်မြေ အနေအထား အရ မန္တလေးမြို့နဲ့ မိုင် ၂၀ ဝန်းကျင် အကွာအဝေးလို နေရာထိ လှုပ်ရှားလာနေနိုင်တာ ဖြစ်လို့ စစ်ကောင်စီအနေနဲ့ မန္တလေးမြို့ ကနေ ခုခံကာကွယ်ဖို့ လိုအပ်မယ့် ပြင်ဆင်မှုတွေကို စတင်လုပ်ဆောင်လာတာ ဖြစ်နိုင်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့၊ ဒုတိယလူဦးရေ အများဆုံးမြို့ ၊ မြန်မာနိုင်ငံအထက်ပိုင်း ကုန်သွယ်မှုအချက်အချာမြို့ ဖြစ်တဲ့ မန္တလေးမြို့ ကို TNLA/ MDY PDF တွေ တိုက်ခိုက်သိမ်းယူဖို့ ရည်မှန်းချက် ထားကောင်းထားရှိမှာ ဖြစ်ပေမယ့် လုံလောက်တဲ့ တပ်ဖွဲ့ဝင်အင်အားနဲ့ လက်နက်ခဲယမ်း စတဲ့ အချက်တွေနဲ့ မဟာဗျူဟာ၊ နည်းဗျူဟာအရ လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့ အချိန်ကာလနဲ့ အခြေအနေ လိုအပ်ချက် ရှိနေလိမ့်မှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar