Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၀၇ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၀၇ )

(မိုးမခ) ဇူလိုင် ၁၂ ၊ ၂၀၂၄

11/7/24

Diary in the darkness 

နောင်ချို ကို TNLA သိမ်းပြီးနောက် ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးက သိမ်းမိတဲ့ စာရင်းတွေအရ ဒလံတွေရဲ့ နေအိမ်တွေကို လိုက်လံချိပ်ပိတ် ရှင်းလင်း။

ဒုံးတင်ယဉ်နဲ့ လေယာဉ်ပစ် လက်နက်များ TNLA က သိမ်းဆည်းရမိ။

ဘဏ်တွေမှ ငွေထုတ်ယူမှုကန့်သတ်။ တပတ်ကို သိန်းနှစ်ဆယ်သာ ထုတ်ခွင့်ပြု။ အစိုးရမီဒီယာက ငွေအကန့်အသတ်မရှိ ထုတ်ခွင့်ပြုကြောင်း ကြေညာနေ။ ဘဏ်အချင်းချင်း ငွေလွှဲလို့ မရ။

ရိုးမဘဏ်သူဌေး ဦးသိမ်းဝေ နေပြည်တော်မှာ အစစ်ဆေးခံနေရ။ ဒေါ်လာဈေး လေးထောင်သုံးရာကျော်သို့ ရောက်ရှိသွား။ စင်္ကာပူရှိ ရိုးမဘဏ် စတော့ရှယ်ယာဈေးများ ပြုတ်ကျ။ ဘဏ်တွေက စစ်ကောင်စီ အရင်ပြိုလဲသွားနိုင်တယ်လို့ ခန့်မှန်းနေကြ။ 

တန့်ယန်းရှိ စစ်ကောင်စီတပ်သားလေ့ကျင့်ရေးကျောင်းကို TNLA တိုက်ခိုက်။ ဝ စစ်သား နှစ်ရာခန့် တန့်ယန်းသို့ ရောက်ရှိလာ။ ဝ က စစ်ထဲပါဝင်ရန်မဟုတ်။ တန့်ယန်းမှာ TNLA နဲ့ စစ်ကောင်စီကြား တိုက်ပွဲများ မဖြစ်ပွားရန် ကြားဝင် နေရာယူပေးခြင်းသာဖြစ်တယ်လို့  စစ်ရေးခန့်မှန်းသူတွေက ထင်ကြေးပေး။ တန့်ယန်းဟာ SSPP နယ်မြေအဖြစ် စစ်ကောင်စီက အသိအမှတ်ပြုထားတဲ့ နယ်မြေဖြစ်တယ်လို့ သိရ။

လောက်ကိုင်မှာလည်း စစ်ရေးပြင်ဆင်မှုတွေ ရှိလာ။ စာသင်ကျောင်းတွေ ပိတ်ထား။ တရုတ်ဘက်က လျှပ်စစ်မီးပေးတာ ရပ်ထားတယ်။ စစ်ကောင်စီက ဗုံးကြဲမယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။

မန္တလေးမှာလည်း စစ်ကောင်စီက ခံစစ်ပြင်နေတယ်လို့ ဒေသခံတွေက ပြောနေကြတယ်။ 

တရုတ်က မင်းအောင်လှိုင်ကို စစ်ကောင်စီမှ ဖယ်ရှားဖို့ ဖိအားပေးနေ။ ရွေးကောက်ပွဲအတွက် တရုတ်က ငွေ ဘီလျီနဲ့ချီပြီး ကူမယ်၊ လက်နက်လည်း ရောင်းမယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်။ စစ်ပွဲတွေပြင်းထန်ချိန်မှာ မင်းအောင်လှိုင်ကတော့ ရွေးကောက်ပွဲဖြစ်မြောက်ရေးကိုသာ အလေးထားပြောဆိုနေ။

စစ်ကောင်စီက ခံစစ်အနေအထား ရောက်ရှိ‌နေပြီ။ လားရှိုး ခံစစ်စည်း မကျဖို့ ဝိုင်းဝန်း ဆောင်ရွက်ရန် မင်းအောင်လှိုင် ညွှန်ကြား။

မိုးကုတ်မှာတော့ မင်းတံတား၊ အောင်နန်း၊ စည်ပင်သာယာ ရပ်ကွက်တွေပေါ်  လက်နက်ကြီးကျ။ အရပ်သား အသေအပျောက်ရှိ။ 

ဇရပ်ကွင်းမှာ ပိတ်မိနေတဲ့ တူမလေးတို့အုပ်စု မန္တလေးကို ရောက်ကြောင်းသိရ။ သူတို့အုပ်စု က ဆိုင်ကယ် ခုနှစ်စီးနဲ့  သပိတ်ကျင်းဘက်ကတဆင့် သစ်ခိုးလမ်းအတိုင်း သွားခဲ့ရ။ လမ်းမှာ ရွာမရှိ။ ဧရာဝတီမြစ်အ‌နောက်ဘက်ကို လှေနဲ့ကူးပြီး မန္တလေး နေ့ချင်းအရောက် မောင်းခဲ့ရ။ တချို့က ရွှေဘိုဘက်က မန္တလေးကို အရောက်သွားခဲ့ကြ။ 

လားရှိုးက ထွက်လာတဲ့ စစ်ရှောင်ကားတချို့ မြစ်ကူးစဉ် လှေမှောက်ပြီး ရေနစ်သွားတဲ့ ဗီဒီယိုဖိုင်တခု လူမှုကွန်ရက်ပေါ်တက်လာ။ ဒီရက်ပိုင်း စစ်သတင်းတွေပဲ စောင့်ကြည့်နေမိတယ်။ စိတ်ပူရ။ ရင်မောရ။ တော်လှန်ရေးတပ်တွေ အောင်ပွဲခံတဲ့ သတင်းတွေ ကြားရတော့ အားတက်ရ။ ဒါပေမဲ့ စိတ်မပျော်နိုင်။ ရင်ထဲ တစ်ဆို့နေတယ်။ အိပ်မပျော်တဲ့ ညတွေ။

စစ်ကောင်စီ ထောက်ခံသူတွေက သတင်းတု ပုံစံတမျိုးနဲ့ တင်နေကြတယ်။ တော်လှန်ရေးထောက်ခံသူတွေကလည်း ဘက်လိုက်ပြီး သတင်းတွေတင်နေကြတယ်။ စစ်ကောင်စီ ထောက်ခံသူတွေ အများစုက အလုပ်မကျွမ်းကျင်တာကြောင့် သတင်းတု၊ အင်တာဗျူးအတုတွေ လုပ်တာ သိသာလွန်းနေတယ်။ သဘာဝမကျဘူး။ 

မနေ့ ညက လမ်းထိပ်မှာ စစ်ကားသုံးစီးနဲ့ အရပ်သားကားတွေကို စစ်ဆေးတယ်တဲ့။ အိမ်ထဲက အိမ်ပြင်ထွက်မကြည့်ရဲလို့ မတွေ့လိုက်ရဘူး။ စစ်ကားတွေ နေ့ဘက် ပတ်နေတာတော့ တွေ့ရတယ်။ နေ့စဉ်ရက်စက်ပဲ။ အုပ်ကြီးတွေ စစ်မှုမထမ်းမနေရ အမိန့်နဲ့ ဘော်ချက်နေတဲ့ သတင်းနဲ့ အသတ်ခံရတဲ့သတင်းတွေကတော့ နေ့တိုင်းတက်နေ။

လမ်းထဲက အိမ်တစ်အိမ်က မယ်ဇလီရွက်တွေ လာတောင်းခူးတယ်။ ခုနစ်ရက် ဆက်တိုက် ရေနွေးနဲ့ ပြုတ်ချိုးရင် လေးဘက်နာ သက်သာတယ်လို့ဆိုတယ်။ 

ကျွန်တော်လည်း ရဲ့ယိုသီးနဲ့ ထန်းလျက်ကျိုပြီး သောက်တယ်။ ဆီးချိုကျတယ်။ နိုင်ငံခြားဆေးတွေက ဈေးကြီး၊ အချို့ဝယ်မရတော့ တိုင်းရင်းဆေးတွေကို အားကိုးနေရတယ်။ 

အသက်ရှင်သန်ဖို့ လိုတယ်။

အောင်ပွဲတွေကို မြင်ချင်သေးတယ်။ 

အန်ကယ် တူမီး

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar