Breaking News

လေခဏီ - မုဒိမ်းအာမီ

လေခဏီ - မုဒိမ်းအာမီ

(မိုးမခ) ဇူလိုင် ၁၃ ၊ ၂၀၂၄


“မြန်မာ့တပ်မတော်ကြီးသည် မုဒိမ်းအာမီဖြစ်သည်” ဆိုတာကို လက်ဖက်ခြောက်ကတော့ တရုတ်မှာ ဗြောင်ထုတ်ပြောလိုက်ပြီ။ သွားတက်တာက အစိမ်းဖိုရမ် နှုတ်လှန်ပြောတာကကျတော့ အပြာစီးပွားရေးလုပ်မတဲ့။

အေးလေ အပြာစီးပွားရေးပဲ လုပ်ရမှာပေါ့။ အပြာဘုရင် အပြာသခင် အပြာပရော်ဖက်ရှင်နယ်တွေဘဲဟာ။ 

ပြာတာမှ ညစ်ပြာ၊ မွဲပြာ၊ ပုတ်ပြာ၊ ဖွတ်ပြာ၊ မုဒိမ်းပြာ။ 

မုဒိမ်းကျင့်တဲ့နေရာမှာတော့ မြန်မာ့တပ်မတော်ကို ဘယ်သူမှ မမီဘူးလေ။ ၈၂ နှစ်အရွယ် အဘွားအိုတောင် ချမ်းသာမပေးတာ။

ကျင့်ရင်လည်း အဘိုးရှေ့ အဘွားရှေ့မှာ မြေးကို၊ အဖေရှေ့ အမေရှေ့မှာ သမီးကို၊ လင်ရှေ့မှာ မယားကို၊ သားရှေ့မှာ အမေကို။ 

အဲဒါကို ပွဲခံသလို ကျန်တဲ့စစ်သားတွေကလဲ စောင့်ကြည့်သေးတာ။ ဝိုင်းကျင့်သေးတာ။ ကျင့်လို့ဝရင် သတ်ပစ်လိုက်တာဘဲ။ စစ်ကြောရေးကတော့ အဆိုးဆုံး။

မုဒိမ်းကျင့်တာက တပ်အလုပ်တောင် ဖြစ်နေတာလေ။ 

မုဒိမ်းကျင့်ဖို့က ညွှန်ကြားချက် ပါပြီးသား။

မုဒိမ်းကျင့်ဖို့က တပ်ရဲ့ မွေးရာပါသန္ဓေ။

မုဒိမ်းကျင့်ဖို့က တပ်ရဲ့ တရားဝင်ပြဋ္ဌာန်းမထားတဲ့ဥပဒေ။ 

နှစ် ၇၀ ကျော် ယုတ်ကန်းလာတဲ့ မြန်မာ့တပ်မတော်ရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုအမျိုးအစားပေါင်းဟာ လူ့ကမ္ဘာမှာရော တိရစ္ဆာန်ကမ္ဘာမှာပါ အမျိုးအမည်အားဖြင့် မှတ်တမ်းမတင်ရသေးတာတွေတောင် အများကြီး။ ကိုယ့်မိန်းမကိုတောင် မုဒိမ်းကျင့်ပြီး ရက်ရက်စက်စက် လွှနဲ့တိုက်ဖြတ် သတ်တဲ့ကောင်တွေလေ။ ခါးအောက်ပိုင်းကလွဲရင် စကားဝိုင်းဖွဲ့စရာမရှိတဲ့ အသိုင်းအဝိုင်းဖြစ်အောင် စနစ်တကျ တည်ဆောက်ရင်း အရူးနှမ်းဆုံး မုဒိမ်းတပ်ဖြစ်လာတာ။ အရက်နဲ့ စိတ်ကြွဆေးအမြဲတမ်း နှစ်ပင်လိမ်နေတဲ့ စတန်းဒတ်အာမီ။

တပ်ထဲရောက်သွားပြီဆို အနိုင်ကျင့်စိတ် အရင်မွေးပေးလိုက်တယ်။ အဲဒီကနေ ရင့်ရင့်သွားပြီး လူတဦးချင်း မုဒိမ်းကျင့်တာကနေ လူ့အဖွဲ့အစည်းတခုလုံးပါ မုဒိမ်းကျင့်တဲ့ မုဒိမ်းသမားဖြစ်သွားတာဘဲ။ အဆင့်အလိုက် မုဒိမ်းကျင့်ပုံ ပြောင်းသွားတယ်။

တပ်သားလေး၊ တပ်သားကြီး၊ တပ်ကြပ်လေး၊ တပ်ကြပ်ကြီး၊ ဗိုလ်လေး၊ ဗိုလ်ကြီးအဆင့်က လူကို မုဒိမ်းကျင့်တယ်။ ဓားပြတိုက်တယ်။

ဗိုလ်မှူးလေး ဗိုလ်မှူးကြီးအဆင့်က အနုကြမ်းစီး ပြန်ပေးဆွဲပြီး လုပ်ပိုင်ခွင့်ကို မုဒိမ်းကျင့်တယ်။ ခွဲတမ်း မုဒိမ်းကျင့်တယ်။ မြေကို မုဒိမ်းကျင့်တယ်။ ဆက်ကြေး မုဒိမ်းကျင့်တယ်။ လစာမုဒိမ်းကျင့်တယ်။

ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်အဆင့်က မြေမုဒိမ်း၊ ငွေမုဒိမ်း၊ ရွှေမုဒိမ်း၊ ဒေါ်လာမုဒိမ်း၊ လုပ်ပိုင်ခွင့်မုဒိမ်း၊ တင်ဒါမုဒိမ်း၊ လေလံမုဒိမ်း၊ ဌာနမုဒိမ်း၊ ကုမ္ပဏီမုဒိမ်း၊ ကျားဖြန့်မုဒိမ်း၊ သယံဇာတမုဒိမ်း အစုံကျင့်တယ်။

ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်မှူးကြီးအဆင့်က အာဏာမုဒိမ်း၊ ရာထူးမုဒိမ်း၊ ဘဏ်မုဒိမ်း၊ စီးပွားရေးမုဒိမ်း၊ ပြည်နယ်မုဒိမ်း၊ တိုင်းမုဒိမ်း၊ နိုင်ငံမုဒိမ်း၊ ယဉ်ကျေးမှုမုဒိမ်း၊ လူမှုရေးမုဒိမ်း၊ ဘာသာရေးမုဒိမ်း၊ နိုင်ငံရေးမုဒိမ်း၊ ဖက်ဒရယ်မုဒိမ်း၊ နိုင်ငံလုံးချီ သယံဇာတမုဒိမ်း၊ ကမ္ဘာလုံးချီလူ့အခွင့်အရေးမုဒိမ်း အကုန်ကျင့်တယ်။ 

တတပ်လုံးပေါင်းပြီး တပြည်လုံးရဲ့အတိတ်ကို မုဒိမ်းကျင့်တယ်။

တပြည်လုံးရဲ့ ပစ္စုပ္ပန်ကို မုဒိမ်းကျင့်တယ်။

ပြီးတော့ တပြည်လုံးရဲ့ အနာဂတ်ပါ မုဒိမ်းကျင့်တယ်။

တတပ်လုံးပေါင်းပြီး တပြည်လုံးရဲ့ စိတ်ကူးကို မုဒိမ်းကျင့်တယ်။

တပြည်လုံးရဲ့ အနုပညာကို မုဒိမ်းကျင့်တယ်။

တပြည်လုံးရဲ့ ဖန်တီးနိုင်စွမ်းကို မုဒိမ်းကျင့်တယ်။

တတပ်လုံးပေါင်းပြီး နိုင်ငံသားတိုင်းရဲ့ အချိန်တွေကို မုဒိမ်းကျင့်ပစ်တယ်။

နိုင်ငံသားတိုင်းရဲ့ ခွန်အားတွေကို မုဒိမ်းကျင့်ပစ်တယ်။

နိုင်ငံသားတိုင်းရဲ့ ချစ်ခြင်းမေတ္တာတွေကို မုဒိမ်းကျင့်ပစ်တယ်။

ခု နောက်ဆုံး မြန်မာ့အပြုံးကိုပါ မုဒိမ်းကျင့်ပစ်တဲ့အထိ။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar