Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သားကြီးတို့ အေးဆေး


ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သားကြီးတို့ အေးဆေး

(မိုးမခ) ဇူလိုင် ၂၉ ၊ ၂၀၂၄

ဘယ့်နှယ် ညာ့နှယ် ဤ့ နှယ် ထို့နှယ် ၎င်းနှယ် အကြောင်းရယ် အကျိုးရယ်နဲ့ တခါ တခါ ဆရာလုပ်လို့သာ ဝင်လုပ်ကြတာ တကယ်က ခုလို ကလေးရော လူကြီးရော မြေးရော အဘွားရော၊ ပါတီရော သမဂ္ဂရော အက်တိဗစ်ရော၊ မြေပေါ်ရော မြေအောက်ရော၊ အစိုးရဝန်ထမ်းရော CSO ဝန်ထမ်း‌ ရော ဘာသာရေးဝန်ထမ်းရော‌ လူထုတရပ်လုံး ပါဝင်တဲ့ ရက်ရှည် လရှည် နှစ်ရှည် စက္ကန့်မလပ် နေရာမလပ် တပြိုင်နက် တိုက်တဲ့ တော်လှန်ရေးဆိုတာ ခုမှကြုံဖူးတာရယ်။ 

အရင်က ဘယ်သူ့ခေတ်မှာမှ ဒီတော်လှန်ရေးမျိုး မရှိခဲ့ဖူးသေးဘူးလေ။ အဲဒါကြောင့် အလုပ်မဖြစ် ဂဏန်းအတွေးတွေဆိုရင် ဂျင်ရီးတွေလို့ ပြောခံရတာ။ ပြီးတော့ အရွယ်ကျပြီး နည်းပညာလည်း မသိ၊ ခေတ်ကိုလည်း နားလည်လက်ခံမပေးနိုင်တော့ ဦးဆောင်လို့ကလည်း မရ၊ နောက်လိုက်ကလည်း မလုပ်နိုင်နဲ့ လက်ကျရာကနေ စိတ်ကျ၊ စိတ်ကျရာက‌နေ အတွေးပါကျလာ၊ သူများတွေ လုပ်နေတာလည်း ဟုတ်တယ် မထင်၊ လမ်းကြောင်းသစ် ဖောက်နေကြတာပဲလို့လည်း တွေးမပေး၊ တခါလာ ကိုယ့်ဘိုးဘေးတုန်းက လမ်းဟောင်းတွေပဲ လာပြော၊ အဲဒီလမ်းဟောင်းကလည်း တကယ်ဖောက်ခဲ့နိုင်တာမဟုတ်၊ လမ်းအူကြောင်း လျာခဲ့ရုံရှိတာ။ ဘာဖက်ဒရယ်မှလည်း ရယ်ခဲ့ဖူးတာမဟုတ်သလို ဘာဒီမိုကရေစီမှလည်း စီခဲ့ဖူးတာ မဟုတ်။ ဖက်ဆစ်တပ်မတော်ကို ခြေကန်ရမယ်ပြောပြီး နောက်ဆုံးတော့ ဖက်ဆစ်တပ်မတော်ပေါင်ပေါ် ခေါင်းတင် အိပ်ခဲ့ကြတာချည်း။ 

ဂျင်ရီးအတွေးမှာ ဒီစစ်တပ်ကြီးကို တော်လှန်လို့ မရဘူး၊ မနိုင်ဘူးဆိုတဲ့ အတွေးအပေါ် အခြေခံပြီး မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို ပစ်ပယ်လို့မရဘူးလို့ ပြောကြတာ။ ခု စစ်တပ်က ပြိုလာ ဆုတ်လာ၊ အရင်က အိပ်မက်တောင် မမက်ဖူးတဲ့ စစ်တိုင်းဌာနချုပ်ပါ သိမ်းလာ၊ အဲဒီနေရာမှာ တိုက်နိုင်တဲ့သူတွေ အစားထိုးဝင်လာတော့ ဖက်ဒရယ်ရော ဒီမိုကရေစီရော ဘာမှတည်ဆောက်လို့မရဘူးဖြစ်လာကြပြန်ရော။ 

၂၉ နှစ်သား လူငယ်ဗုဒ္ဓကတော့ ဆင်းရဲရှည်နေတာ တဏှာကြောင့်လို့လည်း သိရော ဇိမ်နဲ့နှပ်နေရာ နန်းတော်က ထွက်လာ အဲဒီတဏှာကို အမြစ်ဖြတ် သုတ်သင်ရှင်းလင်းကာ ဟဲ့ တဏှာကောင် မင်းဒုက္ခဆင်းရဲအိမ်ကို ထပ်ဆောက်လို့မရတော့ဘူးလို့ ဥဒါန်းကျူးပြီး ဆင်းရဲကင်းရာ နိဗ္ဗာန်ရွှေပြည်သစ်ကို တည်ထောင်လိုက်တာပဲလေ။ ဒီထက်ကောင်းတဲ့ လမ်းပြမှု ဘာရှိသေးလဲ။ တိုင်းပြည်ဆင်းရဲတာ ဘာကြောင့် ဘယ်သူ့ကြောင့်ဆိုတာ ရှင်းလင်းနေပါလျက်ကယ်နဲ့ အဲဒီလူကို အဲဒီအကြောင်းကို ရှင်းလင်းသုတ်သင် အမြစ်ဖြတ်နေတာ သိပါလျက်ကယ်နဲ့ ဝင်မကူဘဲ ဖျက်လိုဖျက် ဆီးလုပ်၊ တခြားနည်းတခု ရှိသေးသလိုလို မိုးပြော ဂျိုးပြောနဲ့ ကင်ဆာဆဲလ်တွေကို အားပေးတဲ့ အချိုဓာတ်စာကျွေးပြီး ဆေးကုတဲ့ ကင်ဆာပျောက် အာမခံသမားတုလိုပါပဲ။ သေခါနီးလူနာဆီက ငွေနှိုက်နေတဲ့ လုပ်ရပ်မျိုးတွေ လုပ်နေကြတာသက်သက်ပါဘဲ။ အဲဒါကြောင့် လူ့အဖွဲ့အစည်းက ပစ်ပယ်လာတော့ လူ့အဖွဲ့အစည်းကဘဲ မစွံသလိုလို ပြောလာကြသေးတယ်။ 

တချို့ကတော့ မနာလိုစိတ်။ ဒီတော်လှန်ရေးကြီးကိုလည်း မနာလိုတယ်။ ဒီတော်လှန်ရေးမှာ နေရာရှိလာတဲ့သူတွေကိုလည်း မနာလိုတယ်။ တော်လှန်ပုံကိုလဲ မနာလိုတယ်။  အဲဒီတော့ ဒီတော်လှန် ရေးရဲ့အောင်မြင်မှုတွေကိုလည်း အသိအမှတ်မပြု‌နိုင်တော့တာ ဖြစ်လာတယ်။ တဆင့်တက်ပြီး ဒီတော်လှန်ရေးကို ကန့်လန့်တိုက်လာတယ်။ ကန့်လန့် လုပ်ရင်းလုပ်ရင်းနဲ့ တဖက်ကို ရောက်သွားတဲ့အထိ ဖြစ်လာသူတွေ ဖြစ်သွားကြတယ်။ 

တချို့ကတော့ နဂိုကတည်းက တဖက်နဲ့ အချိတ်အဆက်ရှိပြီးသားတွေ။ အဲဒီလူတွေကတော့ ပညာ ရှင်လိုလို ခွဲခြမ်းစိတ်ဖြာရှင်လိုလို ရှေ့ဖြစ်ဟောလိုလိုနဲ့ မွှေတယ်၊ နှောက်တယ်၊ ခြောက်လှန့်တယ်။

ဒါပေမဲ့ အဲဒီအမှိုက်တွေကို တော်လှန်ပင်လယ်လှိုင်းကပဲ ရိုက်တင်ရှင်းလင်းသွားတာပါပဲ။ ပင်လယ်မှာ အမှိုက်ပစ်လို့မှ မရတာဘဲ။ 

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar