လားရှိုးမြို့ကို ဝင်ရောက်နေရာယူလာတဲ့ ဝ လက်နက်ကိုင်တပ်ဖွဲ့
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၈ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၂၉၊ ၂၀၂၄
လားရှိုးမြို့ကို ဝင်ရောက်နေရာယူလာတဲ့ ဝ လက်နက်ကိုင်တပ်ဖွဲ့
မကြာသေးခင် သီတင်းပတ်တွေက တန့်ယန်းမြို့ကို ဝင်ရောက်နေရာယူခဲ့တဲ့ ဝပြည်သွေးစည်းညီ ညွတ်ရေး တပ်မတော် UWSA က အင်အားရာထောင်ချီရှိတဲ့တပ်တွေ လတ်တလော တိုက်ပွဲပြင်း ပြင်းထန်ထန် ဖြစ်ပွားနေတဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အခြေစိုက်တဲ့ လားရှိုးမြို့ထဲကို ဇူလိုင် ၂၇ ရက်နေ့ ညနေပိုင်းမှာ ဝင်ရောက်လာ တယ်လို့ နောက်တရက် ဇူလိုင် ၂၈ နေ့မှာ သတင်းတွေ စတင်ထွက်ပေါ်လာခဲ့ပါတယ်။
လားရှိုးမြို့ကို သိမ်းယူပြီးကြောင်းနဲ့ ရမခ စစ်ဌာနချုပ်ကိုသိမ်းယူနိုင်ကြောင်း ထုတ်ပြန်ချက်ထုတ်ပြီး ကြေညာခဲ့တဲ့ MNDAA ကိုးကန့်လက်နက်ကိုင် အဖွဲ့အနေနဲ့ လားရှိုးမြို့တမြို့လုံးနဲ့ ရမခ ကို သိမ်းယူနိုင်ဖို့ အပြင်းအထန်ကြိုးစားနေစဥ် ရည်မှန်းချက် ရောက်ရှိခါနီးအချိန်မှာ ရှမ်းပြည်နယ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနက် အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဝ လက်နက်ကိုင်တပ်တွေ ဝင်ရောက်လာတာ အပစ်အခတ် ရပ်တန့်သွားအောင် သို့မဟုတ် ကိုးကန့်လက်နက်ကိုင်တပ်တွေရဲ့ နယ်မြေသိမ်းယူမှု အရှိန်ကို ထိန်းချုပ်လိုက်တဲ့ သဘောလို့ အများက အဓိပ္ပာယ်ကောက်ယူ ကြတာ ဖြစ်ပါတယ်။
ဝ လက်နက်ကိုင် တပ်တွေ ဝင်ရောက်လာတဲ့ အကြောင်းကို ဝ အဖွဲ့ရဲ့ လားရှိုးရုံး ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းကတော့ လားရှိုးမှာရှိတဲ့ ဝ အဖွဲ့ရဲ့ ဆက်ဆံရေးရုံးကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ ဝ အဖွဲ့ရဲ့အကျိုးစီးပွားတွေကို ကာကွယ်ဖို့ဆိုတဲ့အကြောင်းနဲ့ ဝ လက်နက်ကိုင်တပ်တွေ ဝင်ရောက် လာတာ ဖြစ်ပြီး ဘယ်လက်နက်ကိုင်ဘက်ကမှပါဝင်တိုက်ခိုက်မှာမဟုတ်ကြောင်း ပြောဆိုကြောင်း သတင်းတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် မတိုင်ခင်ကာလမှာ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ် တို့မှာ အခြေစိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ မြောက်ပိုင်း ဖက်ဒရယ်ပြည်ထောင်စုနဲ့ နိုင်ငံရေးအတိုင်ပင်ခံကောင်စီ FPNCC မှာ UWSA ဟာ ဦးဆောင်တဲ့ နေရာမှာ ရှိပြီးမကြာသေးခင်က TNLA နဲ့ KIA အကြား ဖြစ်ပွားတဲ့ ပြဿနာ၊ SSPP နဲ့ TNLA အကြားဖြစ်ပွားတဲ့ ပြဿနာတွေကို FPNCC ကို တိုင်ကြားလာတာကြောင့် ဝ လက်နက်ကိုင် အဖွဲ့က ကြားဝင် ဖြေရှင်းပေးခဲ့တာလည်း ဖြစ်ပါတယ်။
ဝ လက်နက်ကိုင် အဖွဲ့ အနေနဲ့ ရှမ်းအရှေ့၊ ရှမ်းမြောက်တို့မှာ လက်နက်အင်အား၊ စစ်သည်အင်အား အကောင်းဆုံး အဖွဲ့ဖြစ်သလို၊ ရှမ်းပြည်နယ်ထဲ အခြေစိုက်ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ လိုအပ်တဲ့ လက်နက်ခဲယမ်းတွေကို ထောက်ပံ့၊ ရောင်းချပေးနိုင်တဲ့ အနေအထားရှိတဲ့ တခုထည်းသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လည်း ဖြစ်ပါတယ်။ ဒါ့ပြင် FPNCC မှာလည်း ဦး ဆောင်သူ နေရာရယူထားတာ ဖြစ်လို့ စစ်ကောင်စီ အနေနဲ့ လားရှိုးမြို့ကို စတင်တိုက်ခိုက်လာစဥ်ကာလကတည်းက MNDAA ရဲ့ နယ်မြေသိမ်းစစ်ဆင်ရေး ထိုးစစ်ကိုတားဆီးဖို့ ကြားခံဖို့အတွက် ဝ လက်နက်ကိုင် အဖွဲ့နဲ့ ညှိနှိုင်းစကားပြောဖို့ ဆုံးဖြတ်ခဲ့ပုံရပြီး တန့်ယန်း၊ မိုင်းရယ် နဲ့ လားရှိုးတို့မှာ ဝ လက်နက်ကိုင်တပ်ဖွဲ့ကို ကြားခံလက်နက်ကိုင်အင်အားစုအဖြစ်နဲ့ အပေးအယူလုပ်ပြီး အကူအညီတောင်းခဲ့တာလို့ ကောက်ချက်ချနိုင်ပါတယ်။
ဝ လက်နက်ကိုင်အဖွဲ့ဟာ ဆယ်စုနှစ်များစွာ မြန်မာစစ်တပ်နဲ့ တိုက်ခိုက်မှုတွေမဖြစ်ပွားခဲ့သော် လည်း စစ်တပ်ကို ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လက်နက်အကူအညီသော်လည်းကောင်း၊ နယ်မြေ ဖြတ်သန်းခွင့် အကူအညီသော်လည်းကောင်း ဒိထက်ပိုရင် ဘဏ္ဍာရေးဆိုင်ရာ အကူအညီနဲ့ လူအင်အားတွေ အထိကူညီပေးခဲ့တာတွေ ရှိကောင်းရှိနိုင်ပါတယ်။
စစ်ကောင်စီဘက်ကလည်း ၁၀၂၇ စစ်ဆင်ရေး ပထမအကျော့မှာ ကိုးကန့်လက်နက်ကိုင် အဖွဲ့တွေဟာ ဝ ပြည်ရဲ့ နယ်မြေတွေကို ဖြတ်ပြီး ချင်းရွှေဟော်ကို ဝင်ရောက်လာခဲ့တယ်လို့ သတင်းထုတ်ပြန်စဥ်က ပြောဆိုခဲ့ဖူးတာ ဖြစ်လို့ ၄င်းတို့အနေနဲ့ ဝ လက်နက်ကိုင်အဖွဲ့ကို မိတ်ဖက်လက်နက်ကိုင် အဖွဲ့လို့သတ်မှတ်ပုံမရဘဲ သတိနဲ့စောင့်ကြည့်နေတဲ့လက်နက်ကိုင်အဖွဲ့တဖွဲ့လို့ယူဆထားမှာ အသေ အချာဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ ဘာကြောင့် စစ်ကောင်စီ အနေနဲ့ ဝ လက်နက်ကိုင် အဖွဲ့ကို တန့်ယန်း၊ မိုင်းရယ်၊ လားရှိုးတို့မှာ MNDAAရဲ့ တိုက်ခိုက်သိမ်းပိုက်ခြင်း မခံရအောင် ကြားခံတပ်ဖွဲ့အနေနဲ့ အကူအညီတောင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ ကောက်ချက်ချရပါတယ်။
ဝ လက်နက်ကိုင် တပ်ဖွဲ့ကို စစ်ကောင်စီ အနေနဲ့ မဟာမိတ်လို့ မသတ်မှတ်ပေမယ့်လည်း လက်ရှိအကြပ်အတည်းကြားရောက်နေတဲ့အနေအထားမှာ ဝ လက်နက်ကိုင်တပ်ဖွဲ့က ၄င်းတို့နဲ့ ထိတွေ့ဆက်ဆံနိုင်တဲ့ လုံးဝဆုံးရှုံးတာထက်စာရင် တစိတ်တပိုင်းပြန်လည်ရယူနိုင်မယ့်အဖွဲ့အဖြစ် ရှုမြင်ပြီး ဆွေးနွေးလုပ်ဆောင်ခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြဿနာမှာ အဖြူ သို့မဟုတ် အမည်းဆိုပြီး အလွယ်တကူဘက်ခွဲခြားဖို့ မလွယ်ကူခြင်းကို အခုဖြစ်ရပ်က သက်သေပြလိုက်သလိုဖြစ်ပြီး အကျိုးစီးပွား၊ လူသိရှင်ကြား ထုတ်ပြန်တာနဲ့ တကယ့် ပကတိရည်ရွယ်ချက် ရည်မှန်း ချက် မတူကွဲပြားကြတဲ့အနေအထားတွေကို ရှမ်းမြောက်ဒေသက အဖြစ်အပျက်တွေမှာ တွေ့မြင်လာကြရတဲ့ သဘောလို့ ဆိုရင် မှားမယ်မထင်ပါဘူး။
ရှမ်းမြောက်ဒေသရဲ့အချက်အခြာမြို့ လားရှိုးမြို့သိမ်းယူဖို့ တိုက်ပွဲတွေဖြစ်ပွားနေစဥ်၊ ဝ လက်နက် ကိုင်တပ်ဖွဲ့က လားရှိုးမြို့ထဲဝင်ရောက်လာပြီးနောက်မှာပဲ ဇူလိုင် ၂၈ ရက်နေ့မှာတော့ လားရှိုးထောင်ပွင့်သွားခဲ့ပြီး အကျဥ်းထောင်ထဲက ရာဇဝတ်မှု နဲ့ နိုင်ငံရေး အမှုတွေနဲ့ ဖမ်းဆီးထောင်ချထားခြင်းခံရသူတွေ လွတ်မြောက်သွားကြတယ်လို့ သတင်းတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
နိုင်ငံရေးနဲ့ လက်နက်ကိုင် လှုပ်ရှားမှုတွေ နဲ့ ဆက်စပ်တဲ့ အကျဥ်းကျနေသူ ၃၀၀ နဲ့ ၄၀၀ ကြားရှိတယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပြီး အဆိုပါ နိုင်ငံရေး အကျဥ်းသားတွေ အနက် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဦးထွန်းထွန်းဟိန်လည်း ပါဝင်တာဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာ နောင်ချိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ်နဲ့ ၂၀၁၅ -၂၀၂၀ ခုနှစ်အတွင်း လွှတ်တော် ဒုဥက္ကဋ္ဌနဲ့ NLD ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သူကို အာ ဏာသိမ်းစစ်ကောင်စီက အာဏာသိမ်းပြီးခါစမှာပင် ဖမ်းဆီးကာ ပုဒ်မအမျိုးမျိုးနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
အခုလို လားရှိုးအကျဥ်းထောင်က လွတ်မြောက်လာသူတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နဲ့ ဆက်စပ်သူ၊ အန်အယ်လ်ဒီပါတီ ခေါင်းဆောင် စသူတွေရဲ့ လုံခြုံရေးကို ဘယ်အဖွဲ့အစည်းတွေက တာဝန်ယူကြမလဲတော့ လောလောဆယ်ဆယ် ရှင်းရှင်းလင်းလင်းမသိရှိနိုင်သေးပါဘူး။ ထောင်ပွင့်ပြီး အကျဥ်းသား ရာဂဏန်းများစွာ လွတ်မြောက်တာဆိုလို့ လားရှိုးထောင် အဖြစ်အပျက်က ပထမဆုံးဖြစ်လိမ့်မယ်လို့ ဆိုနိုင်တာလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar