ကိုသန်းလွင် - ဗီယက်နမ် သမ္မတ ငုရင် ဖူထရောင်း (၁၉၄၄ - ၂၀၂၄)
ကိုသန်းလွင် - ဗီယက်နမ် သမ္မတ ငုရင် ဖူထရောင်း (၁၉၄၄ - ၂၀၂၄)
(မိုးမခ) ဇူလိုင် ၃၁ ၊ ၂၀၂၄
( ၁ )
ငုယင်ဖူထရောင်း (Nguyen Phu Trong) သည် ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးနှင့်နိုင်ငံရေးတို့ကို အကြီးအကျယ် ပြောင်းလဲပေးခဲ့ပါသည်။ တိုင်းပြည်ကို အာဏာရှင်ဆန်စွာ အုပ်ချုပ်ခဲ့သော ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ အထွေထွေ အတွင်းရေးမှူးသည် မီးလောင်နေသော မီးပုံကြီးသဖွယ် ခြစားမှုကို တိုက်ဖျက်ခဲ့သော ပုဂ္ဂိုလ်ကြီးသည် ဟနွိုင်းမြို့တွင် သောကြာနေ့ (၂၂.၇.၂၄) က ကွယ်လွန်သွားခဲ့ပါပြီ။
သူသည် ဆေးရုံတွင် ကွယ်လွန်ခဲ့ပြီး အစိုးရသတင်းစာ ညမ်ဒမ်း (Nhan Dan) က ကြေညာချက်တွင် ရောဂါကို ဖော်ပြရာ၌ လူကြီးရောဂါဟုသာ ဖော်ပြခဲ့ပါသည်။
ဇန်နဝါရီလကစ၍ သူ့ကို အရေးကြီးသည့် နိုင်ငံခြားခေါင်းဆောင်များနှင့် တွေ့ဆုံပွဲများတွင် မတွေ့ရတော့သဖြင့် သူ ကွယ်လွန်သွားပြီဟုပင် သံသယဖြစ်ခဲ့ကြပါသည်။ လွန်ခဲ့သော ကြာသပတေးနေ့က သူ့တာဝန်များကို သမ္မတနှင့် ယခင် လုံခြုံရေးဆိုင်ရာဝန်ကြီး တိုလမ်း (To Lam) က ထမ်းဆောင်လိမ့်မည်ဟု ရုတ်တရက် ကြေညာအပြီး သောကြာနေ့တွင် သူ ကွယ်လွန်သွားခြင်း ဖြစ်ပါသည်။
( ၂ )
သူသည် ၁၂ နှစ်တာကြာအောင် ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ပါတီခေါင်းဆောင်များအနေဖြင့် မကြုံစဖူး သက်တမ်း သုံးကြိမ်တိုင်တိုင် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ပေါ်လစ်ဗျူရိုဝင်အဖြစ်မူ အနှစ် ၃၀ မျှ တာဝန်ယူခဲ့သည်။ ကမ္ဘာပေါ်တွင် ကွန်မြူနစ်နိုင်ငံ ဟူ၍အနည်းငယ်သာ ကျန်ရှိတော့ရာ ထိုအနည်းငယ်မျှသော နိုင်ငံတစ်ခုကိုခေါင်းဆောင်အဖြစ် တင်းတင်းကျပ်ကျပ် အုပ်ချုပ်ခဲ့ပါသည်။
သူ သေဆုံးသွားခဲ့သော်လည်း သူ့နေရာကို အစားထိုး ဆက်ခံမည့်သူဟူ၍ ထင်ထင်ရှားရှား ပေါ်ထွက်လာ ခြင်းမရှိသေးပါ။
ဗီယက်နမ်စစ်ပွဲကြီး ပြီးဆုံးခဲ့ပြီးသည့်နောက်ပိုင်း တိုင်းပြည်တွင် ထင်ရှားသော ခေါင်းဆောင်တယောက် ဖြစ်ခဲ့သည်။ စစ်ပွဲများကို သိမှီလိုက်သည့် ခေါင်းဆောင်အဖြစ် ငယ်ရွယ်သူ ခေါင်းဆောင်သစ်များနှင့် အသက်ချင်း ကွာဟမှုရှိပြီး သူ့တွင် အုပ်ချုပ်ရာ၌ အခက်အခဲများ ရှိပါလိမ့်မည်။ ထို့အတူ သူ့နေရာကို တာဝန်ယူရသူအနေဖြင့်လည်း ခက်ခဲသည့် တာဝန်ကြီးကို ထမ်းဆောင်ရမည် ဖြစ်ပါသည်။
မစ္စတာထရောင်းသည် လက်ရှိအခြေအနေကို ထိန်းသိမ်းထားလိုသော ကွန်ဆာဗေးတစ်ခေါင်းဆောင် တဦးဖြစ်ပြီး သူသည် မာ့ (စ်) နှင့်လီနင်ဝါဒကို စွဲကိုင်ထားသည့်ဘက်မှ ရပ်တည်ခဲ့ပြီး တဖက်တွင် လက်တွေ့ကျသော၊ ညှိနှိုင်းလိုသော သဘောရှိသူတို့၏ အုပ်စုရှိရာသူ၏တာဝန်မှာ မူဝါဒချင်း မတူညီသော အုပ်စုနှစ်ခုကြားတွင် ညှိနှိုင်းအုပ်ချုပ်ရခြင်း ဖြစ်သည်။ အနောက်နိုင်ငံများက သူ သေဆုံးသွားသောကြောင့် သူ့အစား ပို၍ခေါင်းမာသော၊ ဝါဒပြင်းပြသော ခေါင်းဆောင်တယောက် ထွက်ပေါ်လာမှာကို စိုးရိမ်နေကြပါသည်။
သူသည် ပါတီရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပါတီတွင် ခြစားသူမရှိမှသာ ဖြစ်မည်ဟူသော ဝါဒကို လက်ကိုင်ထားသူတဦး ဖြစ်သည်။ ၂၀၁၁ ခုနှစ်ကစတင်၍ ခြစားမှုကိုတိုက်ဖျက်ခဲ့ရာ ထောင်ပေါင်းများစွာသော လူတို့ မှာ အစစ်ဆေးခံကြရပြီး ထိပ်ပိုင်းခေါင်းဆောင် အတော်များများမှာ ရာထူးမှ ထုတ်ပယ်ခံကြရပါသည်။ သူ့လုပ်ရပ် ကြောင့် တရားမျှတမှုရှိသော စီးပွားရေးစနစ်တရပ် ပေါ်ပေါက်ခဲ့သော်လည်း ပါတီတွင်းမှာ ဆုံးဖြတ်ချက်ရဲသူ မရှိဘဲ ဖြစ်ခဲ့ရပါသည်။
ဆယ်စုနှစ်အတွင်း သူနှင့် သဘောထားခြင်းမတိုက်ဆိုင်သူမှန်သမျှကို ချေမှုန်းတိုက်ခိုက်ခဲ့ပါသည်။ သူ့ ခေါင်းဆောင်မှုအောက်တွင် လူဦးရေ သန်း ၁၀၀ ရှိသော နိုင်ငံမှ လူများမှာ လုပ်ကိုင်စရာ နေရာ ကျယ်ကျယ်ပြန့်ပြန့် မရခဲ့ကြပါ။ ဗီယက်နမ်နိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအတွင်း နိုင်ငံရေးအကျဉ်းသား များပြားသောနိုင်ငံ ဖြစ်ခဲ့ရပါသည်။ လူ့အခွင့်အရေးစောင့်ကြည့်သောအဖွဲ့၏ အဆိုအရ လူအခွင့်အရေးချိုးဖောက်ခံရပြီး ထောင်ကျခံနေသူ ၁၆၀ နီးပါးရှိသည်။
ဗီယက်နမ်ခေါင်းဆောင်များတွင် သူသည် သူနှင့် သူ့မိသားစုဝင်များ ကောင်းစားစေရန် လုပ်ဆောင်သူ တဦး မဟုတ်ခဲ့ပါ။ သူ စီးသောကားမှာ အနှစ် ၂၀ ကြာပြီးဖြစ်သော တိုရိုတာခရောင်းကား ဖြစ်သည်။ ၂၀၂၃ ခုနှစ် က ထွက်ပေါ်ခဲ့သော ပြန်ကြားရေးဝန်ကြီးဌာနက အစီရင်ခံစာတစောင်တွင် သူက သူ့ကားကို လဲလှယ်ရန် ငြင်းဆန်ခဲ့သည်ဟူ၍ ဖြစ်သည်။
မစ္စတာထရောင်းသည် အာရှတိုက်တွင် တိုးတက်ဖွံ့ဖြိုးမှုအမြင့်ဆုံး စီးပွားရေးစနစ်တရပ်ကို ထူထောင်ခဲ့ပါသည်။ သူ့ ခေါင်းဆောင်မှုအောက်တွင် ကမ္ဘာ၏စူပါ ပါဝါများ၏ ဆက်သွယ်ရန် လက်ကမ်းခြင်းကို အကြိမ်ကြိမ် ခံခဲ့ရသည်။
သူသည် အမေရိကန်နှင့် တရုတ် နိုင်ငံနှစ်ခုအကြား ဆက်ဆံရေး ပြေပြစ်အောင် တာရှည်ခံအောင် အမြဲတမ်း ကြိုးစားနေသူတဦး ဖြစ်ပါသည်။ သူ၏ နိုင်ငံခြားရေးပေါ်လစီကို ဝါးလုံးဒီပလိုမေစီ (Bamboo diplomacy) ဟုခေါ်ပြီး ဝါးပင်တပင်၏ အမြစ် ပင်စည်၏ ခိုင်မြဲမှုနှင့် အကိုင်းအခက်များ ဝေေ၀ဆာဆာ ရှိစေခဲ့သည်။ သူသည် တရုတ်ခေါင်းဆောင် ရှီကျင်းဖျင်နှင့် သင့်တင့်အောင် ပေါင်းသင်းနိုင်ခဲ့ပြီး ဒီဇင်ဘာလက ဗီယက်နမ်နိုင်ငံကို တတိယအကြိမ် အလည်အပတ်လာအောင် ဖိတ်ခေါ်ခဲ့သည်။ ထိုလည်ပတ်ခဲ့ခြင်း၏ သုံးလ မတိုင်မီက အမေရိကန်သမ္မတမစ္စတာဘိုင်ဒန် ရောက်လာခဲ့ပြီး အမေရိကန်နှင့် ရင်းနှီးမှုကို အသစ်တဖန် တည်ဆောက်ခဲ့သော ရင်းနှီးမှုဟု ခေါ်ဝေါ်သုံးစွဲခဲ့သည်။
သူသည် တိုင်းပြည်ကို တည်ဆောက်ပြီး ကာကွယ်ထိန်းသိမ်းရာ၌ လွန်စွာကောင်းသူဟု ချီးကျူးပြောဆိုကြသည်။ ကိုလိုနီပါဝါများ ဖြစ်သော ပြင်သစ်နှင့် အမေရိကန် စစ်တပ်တို့ကို နိုင်အောင်တိုက်နိုင်ခဲ့သော ဗီယက်နမ်နိုင်ငံတွင် အားကိုးလောက်သော ပြည်တွင်းအင်အား ရှိသည်။ ခေါင်းဆောင်အဆက်ဆက်သည် ထိုအင်အားကို အသုံးချနိုင်ခဲ့ကြပါသည်။
မစ္စတာထရောင်းကို ၁၉၄၄ ခု ဧပြီလ ၄ ရက်နေ့တွင် ဟနွိုင်းမြို့၌ မွေးဖွားခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် ဗီယက်နမ် ကွန်မြူနစ်ပါတီဝင် ဖြစ်လာခဲ့ပြီး ၁၉၈၃ ခုနှစ်တွင် ဆိုဗီယက်နိုင်ငံမှ သမိုင်းဆိုင်ရာ ဘွဲ့လွန်ဒီဂရီ တခုကို ရရှိခဲ့သည်။ သူသည် ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ အာဘော်ဖြစ်သော Communist Review စာစောင်၏ တာဝန်ခံအယ်ဒီတာ ဖြစ်ခဲ့သည်။
သူသည် စီးပွားရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာတို့တွင် မကျွမ်းကျင်မှုကြောင့် ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်ကြီး ဖြစ်လာလိမ့်မည်ဟု ဘယ်သောအခါမှ မမျှော်လင့်ခဲ့ချေ။ ၂၀၀၃ နှင့် ၂၀၀၆ နှစ်အထိ ဟနွိုင်း ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးနှင့် ၂၀၀၆ မှ ၂၀၁၁ အထိ ဗီယက်နမ်အမျိုးသားလွှတ်တော်၏ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ ယေဘုယျသဘောမှာ စုပေါင်းခေါင်းဆောင်မှုကို အခြေခံသည်။ တရုတ်အစိုးရ နှင့် မတူဘဲ ပါတီ၏ ထိပ်ပိုင်းတွင် ခေါင်းဆောင်ကြီး (Supreme Leader) ထားခြင်းကို ရှောင်ရှားခဲ့သည်။ သူ၏ မထင်မရှား နေတတ်သော သဘာဝကြောင့်ပင် တဖွဲ့နှင့်တဖွဲ့အကြား ပြိုင်ဆိုင် တိုက်ခိုက်မှုများကြားမှ ပါတီ၏ အထွေထွေအတွင်းရေးမှူးအဖြစ် ၂၀၁၁ ခုနှစ်တွင် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။ ထိုအချိန်၌ သူသည် အသက် ၆၈ နှစ်ရှိနေပြီး ထိုရာထူးတွင် တာရှည်ခံလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ပါ။
သူ၏ ပထမသက်တမ်းအတွင်းမှာ နိုင်ငံတွင်း၌ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များ မြင့်မားလာခဲ့သည်။ တရုတ် ရေနံတူးစင်တခုက ဗီယက်နမ်ရေပိုင်နက်၊ ဗီယက်နမ်ကမ်းခြေအနီးတွင် ရေနံလာတူးစဉ်က ဖြစ်သည်။ သူတို့၏ ဆက်ဆံရေးမှာ အနှစ် ၃၀ အတွင်း အနိမ့်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့သည်။
၂၀၁၅ ခုနှစ်တွင် အမေရိကန်သို့ ရောက်ရှိလာသော ပထမဆုံး ဗီယက်နမ် သမ္မတ ဖြစ်ခဲ့သည်။ ထိုစဉ်က သတင်းထောက်များက ဗီယက်နမ်နိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေကို မေးမြန်းကြသည်။ “ဗီယက်နမ်ပြည်သူတွေဟာ ဒီနေ့ရတဲ့ ဒီမိုကရေစီ အခြေအနေနဲ့ဘယ်တုန်းကမှ မနေခဲ့ကြဖူးပါဘူး၊ ပြည်သူတွေက အများအကျိုးကို မထိခိုက်ဘဲ နေတတ်ရမယ်။ ဘက် နှစ်ဖက်ဟာ အတော်ကွဲပြားနေကြပါတယ်၊ ဒါကြောင့် ကျွန်တော်တို့တတွေ ဆွေးနွေးကြတဲ့အခါ ဒီအချက်က တခြားအချက်တွေကို ဆွဲချမသွားအောင် သတိထားကြရမယ်” ဟုပြောခဲ့သည်။
၂၀၁၆ ခုနှစ်တွင် သမ္မတအိုဘားမားလက်ထက်က ပစိဖိတ်ဒေသ ပါတနာရှစ် (TPP-Trans Pecific Partnership) ကို သဘောတူညီခဲ့ပြီး ထိုသဘောတူညီမှုနှင့် ကိုက်ညီစေရန် ဗီယက်နမ်နိုင်ငံအတွင်း ဥပဒေအချို့ ကို ပြဋ္ဌာန်းခဲ့သည်။ တခုမှာ လွတ်လပ်သော အလုပ်သမားယူနီယံကို အသိအမှတ်ပြုပြီး အလုပ်သမားများ ဆန္ဒပြခွင့်တို့ကို ပေးခဲ့သည်။
( ၃ )
သူ့မိန်းမဖြစ်သူ ငိုသီမန်း (Ngo Thi Man) ကျန်ရစ်ခဲ့သည်။ ဗီယက်နမ် ကွန်မြူနစ်ပါတီသည် ပါတီအရာရှိ များ၏ ကလေးများအကြောင်းကို ထုတ်ဖော်ပြောဆိုလေ့ရှိပေ။ သို့သော် သူ့တွင် သားတယောက်၊ သမီးတယောက် ကျန်ရစ်သည်ဟု ယူဆကြပါသည်။
မစ္စတာ ထရောင်းသည် သူ့နိုင်ငံကို အနောက်က ဒီမိုကရေစီစနစ် တွက်တံခါး ဖွင့်ပေးခဲ့သော်လည်း သူကိုယ်တိုင်ကမူ အနောက်ပိုင်းမှ ဒီမိုကရေစီစနစ်ကို မယုံကြည်ခဲ့ပေ။ ၂၀၂၂ ခုနှစ်က ရေး ခဲ့သော စာအုပ်တစ်အုပ်တွင် “ အနောက်ပိုင်းက ပါတီစုံစနစ်ဟာ တကယ်တော့ အရင်းရှင်စီးပွားရေးစနစ်မှာ အကြမ်းဖက်မှုတွေရှိနေတယ်“ ဟု ရေးသားခဲ့သည်။
Ref: Powerful Leader transformed Vietnam, By Su Lee Wee N.Y Times July 23.2024
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar