လေခဏီ - ဟောင်ကောင်နှစ်ထပ်ကွမ်း
လေခဏီ - ဟောင်ကောင်နှစ်ထပ်ကွမ်း
(မိုးမခ) ဇူလိုင် ၃၁ ၊ ၂၀၂၄
စစ်တိုင်းကြီး ဒိုင်း။ စခန်းကုန်း ဆုံး။ တပ်ရင်းလည်း သင်းပြီး။ ဗျူဟာလဲ ဖြူခါ။ တပ်မလဲ ပြတ်ကျ။ ခြောက်လုံးတန်းလည်း စောက်လုံးကန်း။ တိုင်းမှူးတောင် ကိုင်းကူးပြေးနေရ။ ဗိုလ်ချုပ်မှူးကြီးလည်း ဂျိုကုတ်ဒူးကြီးထက် မပို။ သေနတ်ကလေး ကိုင်ပြီး သေချင်တဲ့ကောင် ထွက်ခဲ့ ပြောသူတွေလည်း သေနတ်တွေနဲ့ ဝိုင်းထားလို့ တပ်ပြင်ထွက်မလာရဲ။ စနိုက်ပါကိုယ်စီနဲ့ ခေတ်ပြောင်းဖို့ ခေါင်းပစ်ကြပြီ။ ဖုန်းထဲမှာ တပ်နဲ့ပတ်သက်တာ ဖျက်နေကြရပြီ။ မှတ်ပုံတင်အတု ကိုင်နေရပြီ။ စမတ်ကတ် ထုတ်မပြရဲ ကုပ်ဆွဲခေါ်ခံရမှာသိ။ ဂိတ်ရောက်ရင် ထိပ်ကြောက်နေရ။ ထောင်မသွင်းပေမယ့် ဘောင်ကျဉ်းလာပြီ။
အဲဒီလို တိုင်းမှူးတောင် ကိုင်းကူးပြေးနေရတဲ့အခြေအနေမှာ မင်းအောင်လှိုင်က မသိသား ဆိုးရွား။ ဆိုင်ဘာလုံခြုံရေးတို့ဘာတို့တက်ပွား၊ မဆိုင်တာ ငလှိုင်ရာ ခွေး ဂျိုပေါက်ရမယ်လို့ဆိုသလိုပဲ။ ဟောခု သူ့ကို သမရေး ဝါယမစိုက်ဖို့ သမဝါယမတဲ့။ ဒီနှစ် ဆိုကရေးတီးက ငိုချင်းသီးသန့် ရမခဌာနချုပ်ဟောင်းမှာ မဖြစ်ဖြစ်အောင်လုပ်မတဲ့။ စီးပွားရေးတော့ ဦးမော့တယ် မပြောရဲရှာတော့၊ သူ အရပ်ပုတာ လူဟားခံရတာပဲ အဖတ်တင်။ လျှော့တော့ မလျှော့၊ ကြက်မကြီး ဖင်ကွဲပစေ၊ ငါ့ကြက်ဥတော့ မလျှော့နိုင်ဘူးဆိုတာလို စီးပွားရေးဟာ အပေါင်းလက္ခဏာဆောင်တယ်တော့ လုပ်သေးတာ။ တကယ့်ကောင်၊ အဲလိုကောင်၊ ဟောင်ကောင်နှစ်ထပ်ကွမ်း။
ဇီးပင်ကြီးမှာတော့ ဝန်ထမ်းတွေကို ခုဖြစ်နေတာတွေဟာ အမေရိကန်က အနိုင်ကျင့်၊ တရုတ်က ကိုင်ပင့်လို့ ငလှိုင်နဲ့ဖြင့် ဘာမှမဆိုင်လို့ သင်ကြားနေသတဲ့။ ငလှိုင်တို့များ ကံကောင်းချက်။ ပအိုဝ်းတွေဆို သီလလုံ သရဏဂုံမြဲ ဘုရားဒကာ မဟာသမတပဲလို့တောင် ထင်ကြပြီး သူ့အတွက် ကိုယ့်သား ကိုယ့်သမီး ကိုယ့်မြေး ကိုယ့်သွေး အသက်အိုးအိမ်စည်းစိမ်ပေးမယ်ချည်းလုပ်နေကြတာ။ မိအေးတို့ သဘောကောင်းချက်တော့ ကလေးငါးယောက်မွေးတာတောင် အဖေမပေါ်ဘူးဆိုသာလိုလေ။ တကယ်တော့ မအလဟာ ရာထူးမျိုးစုံယူထားပေမယ့် ဘာမှတော့အဆင်ပြေအောင်လုပ်တတ်တာမဟုတ်။ ရေကြီးနေလဲ လေဖြီးနေတာမလျှော့။ မီးမလာလည်း ဖြီးအာတာမရပ်။ မုဆိုးမနဲ့ ဒုက္ခိတတောင် စာရင်းမထုတ်ပြန်ရဲတဲ့ သူ့တပ်အခြေအနေသာကြည့်၊ တိုင်းပြည်လိုက်ကတော့ ပြောမနေနဲ့။ မလုပ်ရဲတာ မရှိဘူးဆိုတဲ့ စစ်ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ပီပီ ကုန်သည်တွေကိုဖမ်းမယ် သိမ်းမယ် ချိပ်ပိတ်မယ်၊ လူသတ်မယ်၊ မီးရှို့မယ်၊ လက်နက်ကြီးထု ဖြိုမယ်၊ ဆည်ရေ ဖောက်ချမယ်၊ လူငယ်တွေ နိုင်ငံခြား မောင်းထုတ်မယ်၊ ကျန်သူတွေ စစ်ထဲ ဇွတ်ဖမ်းသွင်းမယ်၊ မိသားစုကို ဒုက္ခပေးမယ်၊ အဘိုးကြီး အဘွားကြီးတွေဆီက ငွေညှစ်မယ်၊ နားကပ်ဖြုတ်မယ်၊ ငွေရိုက်ထုတ်မယ်ဒါလောက် တတ်တာလေ။
သူ့ရာထူး ကာချုပ်၊ ဝန်ကြီးချုပ်၊ စကစဥက်ကြီး၊ ယာယီသမတ ဆိုတဲ့ လေးခုကလည်း တစ်ရယ် ငရယ် ဂငယ်ရယ် ပစောက်ရယ်ပဲ။ ကုလားထိုင်ပေါ်တည့်တည့် ထိုင်တော့ လူသတ်သမားကာချုပ်၊ ဘယ်ဘက်လှည့်တော့ သူခိုးဥက်ကြီး၊ ညာဘက်လှည့်တော့ မုဒိမ်းကောင် ဝကခ၊ ဖင်ပေးလိုက်တော့ ကျားဖြန့်ယာယီသမတ။ မနုဿီဟ ဖင်လေးခွ။
ခွေးသူခိုးကောင် ပြေးထိုးဟောင် ဆိုတဲ့အတိုင်း ပြည်ထောင်ကို ဘယ်လိုစုမယ် ဘာမယ်နဲ့ လူမှန်နေရာမှန်ရှိမှ တိုင်းပြည်တိုးတက်မယ်လို့ အာချောင်သေးတာ၊ ဒီကောင်က မတန်မရာအလုံးတွေပါးစပ်ထဲ အပြည့်နဲ့ ပလုတ်ရောင်သေမယ့်ကောင်။
ဟော ခု ကာလုံစည်းဝေးလုပ်ရင် ရှေ့ဆုံးခုံထိုင်ခွင့်ရချင်လို့ သမတအိပ်မက်နဲ့ အလဲအထပ်လုပ်ပြီး သူ့တပ်အကုန် လေးဘက်ဖြန့် ဂန့်ခိုင်းထားတဲ့ကောင်လေ။ သူ အဲဒီခုံလေးထိုင်ရဖို့ တိုင်းပြည်လုံးသေပေးရတဲ့ အသက်တွေ မရေနိုင်အောင်ဘဲ။ ပြိုပျက်သွားတဲ့ ရွာတွေ၊ မြို့တွေ၊ တိုက်တွေ၊ အိမ်တွေလည်း မရေနိုင်အောင်ဘဲ။ သက်ရှိ သက်မဲ့ တိုင်းပြည်အရင်းအမြစ်တွေ ဆုံးပါးသွားလိုက်တာ ဆိုတာ လက်နက်အားကိုး မုဒိမ်းမျိုးတပ်ကြီးရှိနေသ၍ ကြုံနေရမှာ။
တပ်မတော်ရှိသရွေ့ သန္တိသုခ ဆိုတဲ့ အငြိမ်းဓာတ်အရသာကို ဘယ်တော့မှ မခံစားရတဲ့ တိုင်းပြည်ဖြစ်နေမှာ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar