ပြည်တွင်းစစ်နဲ့ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြောင့် တရစ်ပြီးတရစ် ကျပ်တည်းလာတဲ့ လူထုရဲ့ ဒုက္ခ
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁၅ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၁၆၊ ၂၀၂၄
ပြည်တွင်းစစ်နဲ့ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြောင့် တရစ်ပြီးတရစ် ကျပ်တည်းလာတဲ့ လူထုရဲ့ ဒုက္ခ
ပြည်တွင်းစစ်ပွဲ တွေအတွင်း လူထုရဲ့ ခံစားရတဲ့ ဒုက္ခတွေက နေ့စဥ်သတင်းနဲ့ ဆိုရှယ်မီဒီယာပေါ်က အကြောင်းအရာတွေထဲ အမျိုးမျိုးသော ပုံစံနဲ့ ကြားသိနေကြရတာ ဖြစ်ပြီးနေ့စဥ် ကြုံနေကြ၊ ကြားနေကြရတဲ့ ဖြစ်ရပ်တွေ၊ ဒုက္ခတွေ ဖြစ်လို့ ကြားသိရသူ အနေနဲ့ စိတ်ခံစားချက်တွေ ထုံနေပြီလား လို့တောင် ယူဆရတဲ့ အနေအထားကို ရောက်ရှိလာနေတာ ဖြစ်ပါတယ်။
အသက်ဆုံးရှုံးမှုနဲ့ အသက်အန္တရာယ် တိုက်ရိုက်ခြိမ်းခြောက်ခံရမှု၊ နှိပ်စက်ညှင်းပန်းခံရမှု၊ ဖမ်းဆီးခံရမှု၊ နေ့ချင်းညချင်း ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးသွားပြီး စားဖို့ နေဖို့ အိပ်ဖို့ အခက်အခဲကြုံတွေ့ကြရတာ၊ ရာဇဝတ်မှုတွေ ဖြစ်တဲ့ လုယက်၊ ညှင်းဆဲ၊ သတ်ဖြတ်ခံရမယ့် အန္တရာယ် ကြုံရတာ၊ ကုန်ဈေးနှုန်း မတန်တဆ ကြီးမြင့်လို့ နေ့စဥ် ဝလင်အောင် စားသောက်ဖို့ အခက်အခဲ၊ ကျန်းမာရေး ကုသမှုခံယူဖို့ အရေးတကြီး လိုအပ်နေပေမယ့် ကုသမှု မရနိုင်တဲ့ ဒုက္ခ၊ စသဖြင့် အမျိုးမျိုးသောဒုက္ခတွေကို မြန်မာနိုင်ငံက လူထု သန်း ၅၀ ကျော်က ခံစားနေကြရတာ ဖြစ်ပါတယ်။ အခုလို ကျီးလန့်စာစား ဘဝ၊ ကိုယ့်အိမ်ပေါ် လက်နက်ကြီး၊ လေယာဥ်ဗုံး ဘယ်တော့ကျမလဲ တထိတ်ထိတ်နဲ့ နေကြရတဲ့ ဘဝတွေ ရှိသလို သေနတ်ကျည်၊ ရန်သူလို့ စွပ်စွဲကာ သတ်ဖြတ်ခံရမယ့် ဘေးအန္တရာယ်ကလည်း မြို့ အတော်များများ မှာနေထိုင်ကြတဲ့ လူထုတွေ ကြုံတွေ့ခဲ့ကြဖူးပြီ ဖြစ်ပါတယ်။
မိမိတို့ နေအိမ်တွေ နာရီပိုင်းအတွင်း ရက်ပိုင်းအတွင်း ပြာပုံဖြစ်သွားတဲ့ အဖြစ်၊ တနှစ်တာ စားဖို့ရာ တရာသီလုံး ကိုယ်တိုင်စိုက်ပျိုးထားတဲ့ စပါး နဲ့ စိုက်ပျိုးသီးနှံတွေ မီးလောင်ပြာကျသွားတဲ့ မြင်ကွင်းကို ကိုယ်တိုင်မြင်တွေ့ရရင် ဘယ်လို ခံစားရမလဲဆိုတာ စဥ်းစားကြည့်ရုံနဲ့တင် စိတ်မချမ်းသာစရာ ကောင်းလှပါတယ်။ အဲဒီလို ကိုယ်ချင်းစာစရာ၊ သနားစရာ အခြေအနေတွေကို မြန်မာနိုင်ငံက လူထုတွေ သိန်း သန်းနဲ့ ချီ ခံစားနေကြရတာ ဖြစ်ပါတယ်။
ယခင်နှစ်တွေက စစ်ကိုင်းတိုင်းက ကျေးရွာတွေ တရွာပြီးတရွာ မီးတိုက်ခိုက်ရတဲ့ မြင်ကွင်းတွေ သတင်းတွေကို ကြားသိရစဥ် စစ်ကိုင်းတိုင်းက ပြည်သူလူထု အတွက် ကိုယ်ချင်းစာမိကြပြီး မိမိတို့ တသက်မှာ ဒီလိုအဖြစ်မျိုးနဲ့ မကြုံချင်ကြတာ လူတိုင်းရဲ့ဆန္ဒ ဖြစ်ပါလိမ့်မယ်။ သို့ပေမဲ့ အဲဒီဆုတောင်း၊ ဆန္ဒက ပြည့်ဝမလာဘဲ မြန်မာနိုင်ငံရဲ့ ဒေသတွေ တခုပြီးတခု ပြည်တွင်းစစ်မျက်နှာတွေ၊ စစ်မြေပြင်တွေ ဖြစ်လာနေပြီး တရစ်ပြီးတရစ် စစ်ပွဲနွံထဲကို သက်ရောက်ကျဆင်းနေတာ ဖြစ်ပါတယ်။
ဒီလိုအခြေအနေဟာ ကာလအတိုင်းအတာ တခုထိ ကြာရှည်နိုင်သေးပြီး ၂ ဖက်အပြင်းအထန် တိုက်ခိုက် နေကြဦးမယ့် သဘောမျိုးလည်း ခန့်မှန်းကြသလို၊ လူထုတွေ အနေနဲ့ ခုချိန်ထိ ခံစားလာကြရတဲ့ ဒုက္ခတွေထက်ကို ပိုမိုဆိုးရွားတဲ့ ဒုက္ခတွေ ကျရောက်ဖို့ အရိပ် လက္ခဏာတွေလည်း ထပ်ပြီး မြင်တွေ့နေကြရနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေက အနေအထားမှာ လားရှိုး၊ ပြင်ဦးလွင်၊ မန္တလေးမြို့တွေလို မြို့တွေကတော့ တိုက်ပွဲ ရောက်မလာလောက်ဘူးလို့ ယူဆထားကြပေမယ့် လအနည်းငယ်ကြာပြီးနောက်
မှာတော့ လားရှိုးမြို့က လူသိန်းနဲ့ချီ စစ်ဘေးတိမ်းရှောင်ကြရတဲ့ အနေအထားနဲ့ မန္တလေးမြို့မှာတောင် ခံစစ်အတွက် ပြင်ဆင်မှုတချို့ စတွေ့လာနေရတဲ့ အနေအထား ဖြစ်လာနေတာ ဖြစ်ပါတယ်။
အထက်က ရေးပြသလိုပဲ မြန်မာလူထု ခံစားနေကြရတဲ့ ဒုက္ခတွေကို ဘယ်ဟာက ပထမ အဆိုးဆုံး၊ ဘယ်ဟာက ဒုတိယအဆိုးဆုံး စသဖြင့် တန်းစီရေးချ ကြည့်ကြရမယ့် အနေအထား၊ လူထု အနေနဲ့ လည်း အဆိုးဆုံးဆိုတဲ့ အခြေအနေတွေအောက်မှာ အချို့ သောပြည်သူတွေ အဖို့တော့ အသက်အန္တရာယ် ဆုံးရှုံးနိုင်ခြေနဲ့ ပစ္စည်းဥစ္စာဆုံးရှုံးနိုင်ခြေအကြား ရွေးရခက်တဲ့ ရွေးခြယ်မှုကို လုပ်ကြရတဲ့ အနေအထားဖြစ်ပြီး၊ အချို့သောသူတွေအဖို့တော့ အသက်အန္တရာယ် ကျရောက်နိုင်ခြေ နည်းတဲ့ ဒေသတွေကို တိမ်းရှောင်ဖို့အတွက် လိုအပ်တဲ့ ငွေ မရှိ၊ မလုံလောက်တဲ့ အခြေအနေမျိုး ကြုံကြရသူတွေလည်း အများအပြား ရှိနေကြတယ်လို့ ကြားသိနေရတာပါ။
ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေက လူ့အသက်သေဆုံးမှုတွေ၊ မြို့ရွာတွေ ပျက်စီးစေရုံသာမက စီးပွားရေးကိုလည်း ကြီးမားစွာ ထိခိုက်စေနေတာ ဖြစ်လို့ လက်နက်နဲ့ အသက်အန္တရာယ် တိုက်ရိုက် မကျရောက်သည့်တိုင်၊ ငွေကြေးမလုံလောက်မှု၊ မကျန်းမမာဖြစ်တဲ့အခါ မကုသနိုင်၊ ကုသဖို့ ဆေးရုံဆေးခန်းမရှိတာ၊ သွားခွင့်မရတာတွေကြောင့် အသက်ဆုံးရှုံးရသူတွေ နိုင်ငံအနှံ့အပြားမှာ ဘယ်လောက်ရှိနေပြီလဲ ဆိုတာ ဘယ်သူကမှ မှတ်တမ်းပြုစုနိုင်ခြင်း မရှိပေမယ့် မိမိတို့ ပတ်ဝန်းကျင်မှာ ကြားသိနေကြရတာ ဖြစ်ပါတယ်။
လက်နက်နဲ့၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ အသက်ဆုံးရှုံးကြရတဲ့ အဖြစ်တွေက လူစိတ်ဝင်စားမှု အာရုံစိုက်မှုကို ခံကြရပေမယ့် စစ်ပွဲတွေနဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ပိတ်ဆို့ ဖြတ်တောက်မှုကြောင့် အရပ်သားတွေ အငတ်ဘေးနဲ့ ကျန်းမာရေးကုသမှု ခံယူခွင့်မရဘဲ သေဆုံးမှုတွေက လူအများရဲ့ အာရုံစိုက်ခြင်း ခံရလေ့ မရှိပါဘူး။
တတိယ သက်ရောက်မှုက လူထုအနေနဲ့ စီးပွားရေး ပျက်စီးမှု၊ ငွေကြေးတန်ဖိုးကျဆင်းမှုနဲ့ ဒဏ်ကြောင့် သွယ်ဝိုက်ပြီး အသက်ဆုံးရှုံးကြရတဲ့ အဖြစ်အပျက်တွေဖြစ်ပါတယ်။ ဒီလိုသွယ်ဝိုက် သက်ရောက်မှုတွေထဲမှာ ရိက္ခာသယ်ယူတာကို တားဆီးဖြတ်တောက်မှုကြောင့် အခြေခံ စားသောက်ကုန်တွေ မတန်တဆ ဈေးမြင့်တက်လာပြီး ဝယ်ယူစားသုံးဖို့ မတတ်နိုင်တာကြောင့် အငတ်ဘေးလိုမျိုးနဲ့ အသက်ဆုံးရှုံးမှုတွေ ကြိုကြားကြိုကြား ရှိလာနေတာ ကြားသိနေရတာ ဖြစ်ပါတယ်။
လက်နက်ကိုင် တိုက်ပွဲဧရိယာ မဟုတ်ဘဲ၊ ရိက္ခာသယ်ယူမှု ဖြတ်တောက်မခံရတဲ့ ရန်ကုန်လိုမြို့ကြီးတွေက တရက်ကို ကျပ် ၅၈၀၀ သာရတဲ့ စက်ရုံ အလုပ်သမားတွေရဲ့ ဘဝတွေကလည်း ကုန်စျေးနှုန်းမြင့်တက်မှုနဲ့ လစာမတိုးမြင့်တာကြောင့် တက်လာတဲ့ဒီရေထဲ တစတစနစ်မြုပ်ရတဲ့ ဘဝတွေလို ဖြစ်နေတာပါ။ သိန်းနဲ့ ချီတဲ့ အရေအတွက်ရှိတဲ့ အလုပ်သမားတွေရဲ့ ဘဝတွေအကြောင်းက လက်နက်ကိုင် တိုက်ပွဲတွေ ပဋိပက္ခတွေလောက် အာရုံစိုက်မခံရသလို အလုပ်သမားအခွင့်အရေး လုပ်ခလစာကိစ္စကလည်း နိုင်ငံရေး လှိုင်းလုံးတွေအကြား၊ ဖိနှိပ်မှုတွေအကြား ပျောက်ကွယ်နေရတဲ့ သဘောလည်း ဖြစ်ပါတယ်။
စစ်ပွဲတွေမှာ စစ်ပွဲကြောင့် တိုက်ရိုက် ထိခိုက်သေဆုံး ရတဲ့ အဖြစ်အပျက်၊ အရေအတွက်တွေကိုသာ သတင်းမီဒီယာနဲ့ လူအများက စိတ်ဝင်စား အာရုံစိုက်လေ့ ရှိပေမယ့် စစ်ပွဲတွေ နဲ့ ဆက်စပ်ဖြစ်ပေါ်လာတဲ့ အကျိုးသက်ရောက်မှုတွေကြောင့် အသက်ဆုံးရှုံးရတဲ့ အဖြစ်အပျက်တွေ ကိန်းဂဏန်းတွေကတော့ အာရုံစိုက်ခံရလေ့ မရှိတဲ့ သဘောလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar