ဗိုလ်အောင်ဒင်၏ နောက်ဆုံးနေ့များ၏ အစ
ဗိုလ်အောင်ဒင်၏ နောက်ဆုံးနေ့များ၏ အစ
နိုင်ငံတကာသာဂိ (မိုးမခ) ဇူလိုင် ၁၆၊ ၂၀၂၄
“ … ငါက ဗိုလ်အောင်ဒင်၊ နင်က ဒါကို မမြင်၊ ငါ့အသည်းကို ခလုတ်တိုက်သွားတယ်၊ မင်းလေးရယ် သိပ်မိုက်တယ် …”
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီ ရွေးကောက်ပွဲအနိုင်ရပြီးနောက် ၂၀၁၆ တုန်းက ခေတ်စားတဲ့ သီချင်း။ တပြိုင်က်နက်တည်းလိုလိုမှာပဲ အမေရိကားမှာ သူဌေးကြီး ဒေါ်နယ်ထရန့် မမျှော်လင့်ဘဲ စကြ၀တေးမင်း ဖြစ်တယ်။ မင်းအောင်လှိုင် အာဏာမသိမ်းခင်က ခေတ်စားခဲ့တဲ့သီချင်းပေါ့။ ဗိုလ်အောင်ဒင် သီချင်းခေတ်စားချိန်မှာ အမေရိကန်နိုင်ငံရေးလည်း အစွန်းရောက်တွေကြား လုံးပါးပါးနေရတော့တာပါပဲ။
နောက် မြန်မာပြည်က ဗိုလ်အောင်ဒင်ကတော့ စစ်ကောင်စီ မင်းအောင်လှိုင် ဖြစ်မယ် ထင်ပါတယ်။ သူက ၂၀၂၁ မှာ စစ်တပ်ကို အာဏာသိမ်းတယ်။ သူနဲ့ စစ်အာဏာရှင်တွေ စစ်အာဏာရူးတွေကြောင့် တိုင်းပြည်ဟာ ပြည်တွင်းစစ်မီးထဲ စုန်းစုန်းမြုပ်တော့တာပဲ။
၂၀၂၄ မှာ ဒေါ်နယ်ထရန့်က သူ ရှုံးသွားတဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲကို မကျေပွဲ နွှဲဖို့ ပြန်လည် ချီတက်လာပါတယ်။ အမေရိကန်တရားရေးနဲ့ အမေရိကန်ဒီမိုကရေစီစနစ်က အကြိမ်ကြိမ် ထရန့်ကို ဥပဒေနည်းလမ်းများ တရားရုံးနည်းလမ်းများနဲ့ သူ၏ တရားလက်လွတ် လုပ်ကိုင်မှုများကို အရေးယူဖို့ ကြိုးစားနေချိန်လည်း ဖြစ်တယ်။ အကန့်အသတ်များ အာခံမှုများကြုံနေရပြီး ဒေါ်နယ်ထရန့်က ပန်းပန်လျက်၊ သူ့ပါတီနဲ့ အစွန်းရောက်ထောက်ခံသူများကလည်း ထရန့်နောက်ကနေ တောင့်ခံနေကြဆဲ ဖြစ်ပါတယ်။
သည်လိုနဲ့ စနေနေ့က ထရန့်တယောက် မဲဆွယ်ပွဲမှာ အသက် ၂၀ ရီပတ်ဘလစ်ကန်ထောက်ခံသူ လူငယ်လေးတဦး၏ လုပ်ကြံဖို့ ကြိုးပမ်းမှုနဲ့ ရင်ဆိုင်ရပြီး ထရန့်တယောက် နားရွက်ကို ရှပ်ထိဒဏ်ရာ ရသွားတယ် ဆိုပါတယ်။ အဲသည် လူငယ်လေးလည်း ရဲအဖွဲ့၏ သတ်ဖြတ်မှုကို ခံရပါတယ်။ အဲသည်လူငယ်က ဘာလို့ ထရန့်အသက်ကို လုပ်ကြံချင်ရသလဲ အကြောင်းရင်းကို စုံစမ်းနေကြဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ကောက်ချက်ဆွဲကြတာကတော့ အမေရိကန်နိုင်ငံရေးဟာ အကြမ်းဖက်မှု တင်းမာမှု အစွန်းရောက်နေပြီ။ အခုလို နိုင်ငံရေးအကြမ်းဖက်မှုအဆင့်ထိ ရောက်လာတာ မဖြစ်သင့်ဘူး။ ပါတီ ၂ ရပ်လုံးက ဒါကို ပြုပြင်ပြောင်းလဲဖို့ လုပ်ရမယ်လို့ အပေါ်ယံကြော ထုတ်ပြောကြတာ ဖြစ်ပါတယ်။
တကယ်တမ်းကတော့ ထရန့်ကို လုပ်ကြံခံရခြင်းခြင်းမှာ ထရန့်ထောက်ခံသူတွေက သတင်းသမားတွေကို ပွဲခင်းထဲမှာ ဝိုင်းရန်ရှာကြပါတယ်။ မင်းတို့ မီဒီယာတွေကြောင့် ငါတို့ သမ္မတကြီး လုပ်ကြံခံရတယ်။ မင်းတို့ မဟုတ်တာတွေ ပြောလို့ဆိုပြီး ရန်တုန့်ပြန်ကြတာ ဖြစ်ပါတယ်။ နောက်တချက်ကတော့ သည်နေ့မှာ ရစ်ပတ်ဘလစ်ကန်ပါတီက သမ္မတလောင်း ထရန့်နဲ့ အတူအရွေးခံဖို့ လူငယ်ခြေတက် အထက်လွှတ်တော်အမတ် စစ်မှုထမ်းဟောင်း ဗင့်စ် ဆိုသူကို ဒုသမ္မတအဖြစ် ရွေးချယ်လိုက်ပါတယ်။ သူကိုယ်တိုင် ဗင့်စ်ကလည်း ထရန့်လုပ်ကြံခံရတယ် ကြားတာနဲ့ ဒါဟာ ဒီမိုကရက်တွေ သမ္မတကြီး ဘိုင်ဒင်တို့က ထရန့်ကို အညိုးတကြီး ရန်ရှာနေလို့ အခုလို အဖြစ်ဆိုးနဲ့ ကြုံရတယ်လို့ ချက်ခြင်း ပြစ်တင်လိုက်သူ ဖြစ်နေတာ ပါပဲ။ သည်တော့ ရီပတ်ဘလစ်ကန်တို့၏ ထရန့်ပါတီက နိုင်ငံရေးတင်းမာမှု အကြမ်းဖက်ရန်လှုံဆော်မှုတွေ အရှိန်လျော့ဖို့ လမ်းမမြင်ပါဘူး။
ဒီနေ့တွေ့ရတဲ့ ထရန့်ကို ပါတီညီလာခံမှာ သိပ်ပြီး ရွှင်ရွှင်လန်းလန်း မမြင်ရပါဘူး။ နားရွက်တဖက်ကို ပတ်တီးစည်းထားပြီး ပရိသတ်ကို နှုတ်ဆက်နေပေမယ့် သေနတ်ဒဏ်ရာကြောင့် အနည်းငယ် အားနည်းနေသလို ဖြစ်နေပါတယ်။ သူ့ဒုသမ္မတလောင်းကတော့ တက်ကြွတဲ့ ကြက်ဖဖြစ်နေပြီး သူ့ထောက်ခံသူ ပရိသတ်ကြီးတော့ သူတို့ သမ္မတကြီးထရန့်ဟာ အခုကတည်းက တုံးကျော်ထီး လေဘာတီ မို့ ၂၀၂၄ ရွေးကောက်ပွဲကို အနိုင်ရသွားပြီ၊ ဘိုင်ဒင်ကို အလဲထိုးပြီးသွားပြီးလို့ တခဲနက် ဆုံးဖြတ်ချက်ချလိုက်ကြတယ်လို့ ဆိုပါတယ်။
တကယ်တမ်းပြောကြရရင် နိုင်ငံရေးမြင်ကွင်းက ရှင်းလင်းသွားတဲ့သဘောပါပဲ။ ပါတီ ၂ ရပ်လုံးက သူတို့ သမ္မတလောင်းတွေနောက်ကနေ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ပွဲပြီးသည်အထိ ရပ်တည် ထောက်ခံမှု မဲပေးမှု ပေးရုံကလွဲပြီး ဘာမှ ရွေးချယ်စရာ မရှိတော့ပါဘူး။ မဲမပေးချင်ရင် ဘေးထွက်နေ၊ အကြမ်းဖက်တာ၊ ရန်စတာတွေ၊ ခြိမ်းခြောက်တာတွေ ဆက်လုပ်နေကြမယ်ဆိုရင် ပါတီ ၂ ဘက်စလုံးမှာ အသက်ငယ်သည်ဖြစ်စေ၊ ကြီးသည် ဖြစ်စေ၊ အဲသည် အစွန်းရောက်အတွေးအခေါ်တွေ အဆိပ်သင့်နေပြီ ဖြစ်တဲ့ စိတ္တဇလူသတ်သမားတွေကို သွေးထိုးပေးမိသလို ထပ်ဖြစ်ရင် အမေရိကန်မှာ မဆုံးနိုင်တဲ့ နိုင်ငံရေးသွေးချောင်းစီးမှုကို ဖိတ်ခေါ်သလို ဖြစ်သွားမှာ ဖြစ်ပါတယ်။
အမေရီကန်နီုင်ငံရေးကို ကမ္ဘာက စောင့်ကြည့် ငေးမောရပါတယ်။ သည်တခါကတော့ အမေရိကန်တွေဟာ နိုင်ငံရေးပါဝါကို မဲလက်မှတ်တွေနဲ့ လွတ်လပ်စွာ ငြိမ်းချမ်းစွာ ဆုံးဖြတ်ခွင့်ရကြမှာလား၊ သို့မဟုတ် - အကြမ်းဖက်မှုတွေ ရန်စမှုတွေ ခြိမ်းခြောက်မှုတွေ ဆက်လုပ်ပြီးတော့ မဲဆန္ဒရှင်တွေကို မိမိဆန္ဒအတိုင်း လွတ်လပ်စွာ မဲပေးခွင့်ကို တားဆီး ကန့်သတ် ပြီး အနိုင်ကျင့် အကြပ်ကိုင် မဲပေးခိုင်းတဲ့ အလေ့အကျင့်ဆိုးတွေ ထူထောင်ကြမှာလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
ဗိုလ်အောင်ဒင် သီချင်းဟာ မြန်မာပြည်အတွက်ကော အမေရိကန်အတွက်ပါ နိမိတ်ပြတဲ့ သီချင်းပါပဲ။ ဗိုလ်အောင်ဒင်မှန်း မသိလို့ ခလုတ်တိုက်လိုက်မိတာကနေ မဆုံးနိုင်တဲ့ အငြိုးအတေး ရန်စမှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ ရုပ်ရှင်ဇာတ်လမ်းတွေ အပိုင်းဆက်နေကြရင်ဖြင့် အမေရိကန်တွေ ရင်ကျိုးရချည်ရဲ့။ (‘ဂျွတ်' ဆိုပြီး အသံကြီးနဲ့)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar