Breaking News

မောင်မောင်ငြိမ်းအေး- နှင်းဆီပွင့်များ

နှင်းဆီပွင့်များ
မောင်မောင်ငြိမ်းအေး
(ဇူလိုင် ၃၁၊ ၂၀၂၄)

ရထားကထွက်လာပြီ
အလံကမချိုးရသေးဘူး
သံလမ်းပေါ်မှာနှင်းဆီပွင့်တွေ
ဝေနေတဲ့အချိန်။

မီးခိုးတွေက
သံသရာအထိရှည်လျား
ဥဩဆွဲသံမှာ
သင်္ခါရတရားဟာ ငယ်သံပါနေတယ်။

ဘူတာတွေက
ရင်ချင်းအပ် 
ကျောချင်းထပ်နေကြ
မီးနီနဲ့မီးစိမ်းရောပြီးပြထားတော့
ရထားက ရပ်မလိုလိုနဲ့ထွက်တယ်
ထွက်မလိုလိုနဲ့ ရပ်တယ်
ခရီးသည်တွေက 
ဆင်းမလိုလိုနဲ့တက်တယ်
တက်မလိုလိုနဲ့ဆင်းတယ်။

ဒီလိုနဲ့
မိုးကြီးလုံးလုံးချုပ်သွားတဲ့အခါ
ဘူတာမှာရထားမရှိဘူး
ခရီးသည်ရှိတယ်
ရထားမှာခရီးသည်မရှိဘူး 
ဘူတာရှိတယ်
ခရီးသည်မှာဘူတာမရှိဘူး 
ရထားရှိတယ်။

သေမင်းက
ဥဩသံကိုနားစွင့်
သံလမ်းပေါ်က
နှင်းဆီပွင့်တွေကို
လှမ်းကြည့်လိုက်တယ်။   ။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar