Breaking News

လှကျော်ဇော - ရဲဘော်သုံးကျိပ်က ပေးတဲ့ သမိုင်းသင်ခန်းစာ (အပိုင်း ၂)


လှကျော်ဇော - ရဲဘော်သုံးကျိပ်က ပေးတဲ့ သမိုင်းသင်ခန်းစာ (အပိုင်း ၂)

(မိုးမခ) ဇူလိုင် ၃၀ ၊ ၂၀၂၄


၅။  ရဲဘော်သုံးကျိပ်ရဲ့ နိဂုံးများ

ဗမာပြည် လွတ်လပ်ရေးရရှိရေး တိုက်ပွဲစဉ်ကြီးအတွင်း အမြုတေဖြစ်တဲ့ ဗမာ့တပ်မတော်ကြီးကိုတည်ထောင်ပေးခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင်တွေဟာ အခုအခါ အားလုံး မရှိတော့ပါဘူး။ တချို့ဟာ အစောကြီး ဂျပန်မှာကတည်းက သေဆုံးခဲ့ကြတယ်။ တချို့က ဗမာပြည် ပြန်အဝင်လမ်းက တိုက်ပွဲတွေမှာ ကျတယ်။ ဗိုလ်ချုပ်အောင်ဆန်းကတော့ နယ်ချဲ့အင်္ဂလိပ်ပယောဂနဲ့ လုပ်ကြံခံရတယ်။

ပြည်တွင်းစစ်ကြီး ဖြစ်လာတော့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့အတူ ပါသွားကြတဲ့ ရဲဘော်သုံးကျိပ်ဝင်များလည်း ရှိပါတယ်။ ဗိုလ်ရဲထွဋ် တယောက်ပဲ မြို့ပေါ်ပြန်ရောက်တယ်။ ဦးနုရဲ့ ပြည်ချစ်အဖွဲ့ တောခိုတော့လည်း တချို့ ရဲဘော်သုံးကျိပ်ဝင်တွေ ပါသွားပါသေးတယ်။ ဗိုလ်ရန်နိုင် မြို့ပေါ်ပြန်ရောက်ပြီး ကျန်သူအားလုံး တောထဲမှာပဲ ကျဆုံးကုန်ပါတယ်။

ရဲဘော်သုံးကျိပ်ဝင်တွေထဲမှာ အသက် ၉၀ ကျော် (တနည်း)သက်တမ်းစေ့ နေသွားရသူလေးယောက် ရှိပါတယ်။

၁။ ဗိုလ်နေဝင်း (၂၀၀၂၊ ဒီဇင်ဘာ ၅ ရက်ကွယ်လွန်)။

၂။ ဗိုလ်မှူးအောင် (၂၀၀၄၊ ကွယ်လွန်)။

၃။ဗိုလ်ကျော်ဇော (၂၀၁၂- အောက်တိုဘာ ၁၀ ရက်၊ ကွယ်လွန်)

၄။ဗိုလ်ရဲထွဋ်(၂၀၁၃- နိုဝင်ဘာ ၂၈ ရက်၊ ကွယ်လွန်) တို့ဖြစ်ကြပါတယ်။

 ၂၀၁၃ မှာ နောက်ဆုံး ဗိုလ်ရဲထွဋ် ကွယ်လွန်ပြီးနောက် ရဲဘော်သုံးကျိပ်ဝင်များအားလုံး ဘဝနိဂုံးချုပ်သွားကြပါတော့တယ်။

၆။ သမိုင်းသင်ခန်းစာများ

၁။  ဗမာပြည်ရဲ့ ကြမ်းတမ်းခက်ခဲ ပြင်းထန်လှတဲ့ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီးအတွင်း ရဲဘော်သုံးကျိပ် အပါအဝင် ဗမာပြည်သူများအတွင်းမှာ တိုင်းချစ်ပြည်ချစ် နိုင်ငံရေးလှုပ်ရှားတက်ကြွသူအပေါင်းဟာ နေရာပေါင်းစုံမှာ တာဝန်ယူ ပါဝင်လှုပ်ရှားခဲ့ကြပါတယ်။ ဒီလို ပါဝင်ရာမှာ အတွေးအခေါ်ပေါင်းစုံနဲ့ လူပေါင်းစုံ ပါဝင်လာခဲ့ပါတယ်။

ဥက္ကဋ္ဌမော် ပြောဖူးတာ တခု ရှိပါတယ်။

"လူတွေဟာ ကိစ္စကောင်း တခု နှစ်ခုကို လုပ်နိုင်ပေမယ့် တသက်တာလုံး လုပ်သွားနိုင်ဖို့ဟာခက်တယ်" တဲ့။

ဟုတ်ပါတယ်။

တိုင်းပြည်ရဲ့အနာဂတ် သာယာဝပြောရေးအတွက် ပြည်သူလူထုအများစုကြီးဟာ အလွန်တက်ကြွစွာ စွန့်လွှတ်ခြင်းများစွာနဲ့ တော်လှန်ရေးအတွင်း ပါဝင်လာကြတာပါ။ ဒါပေမဲ့ ဒီခရီ;လမ်းကို အဆုံးတိုင် လျှောက်ဖို့အတွက် လိုအပ်ချက်တွေ ရှိပါတယ်။

ဒါကတော့ မိမိဘဝရဲ့ လွတ်မြောက်မှုကို လူထုကြီးရဲ့ ဘဝလွတ်မြောက်မှုနဲ့ ထပ်တူပြုနိုင်မှသာ (တနည်း)လူထုကြီးတရပ်လုံး လွတ်မြောက်မှသာ မိမိရဲ့နိုင်ငံရေးတာဝန် တော်လှန်ရေးတာဝန်ကို ပြီးဆုံးတယ်လို့ သဘောထားနိုင်သူများ ဖြစ်နေဖို့လိုအပ်ပါတယ်။ 

ဒီအတွက် မိမိကိုယ်မိမိ အမြဲမပြတ် တင်းကျပ်စွာ တောင်းဆိုပြီး စနစ်တကျ တည်ဆောက်နေဖို့ လိုအပ်ပါတယ်။ ကိုယ်ကျိုးစီးပွား ဟူသမျှကို စွန့်လွှတ်နိုင်ဖို့ အဓိကကျပါတယ်။ ဘဝလမ်းခရီးတလျှောက် တွေ့လာရတဲ့ လောဘရမ္မက်အမျိုးမျိုး(မော် စကားနဲ့ ပြောရရင်- သကြားလုံးကျည်ဆန်တွေ)ကို ရှောင်ရှား၊ တိုက်ဖျက်၊ ကျော်လွှားနိုင်ဖို့ လိုပါတယ်။

ဒါတွေကြောင့်ပဲ ရဲဘော်သုံးကျိပ်များ အပါအဝင် နိုင်ငံရေးသမားများထဲမှာ သက်ဆုံးတိုင်တိုင်းပြည်နဲ့ ပြည်သူတွေအတွက် အသက်စွန့်ကြိုးပမ်း လုပ်ဆောင်သူများ ရှိသလို လမ်းတဝက်တပျက်မှာ ပြည်သူတွေကို စွန့်လွှတ်ပြီး(တချို့ဆို ပြည်သူတွေကို ချနင်းပြီး) မိမိကိုယ်ကျိုးကောင်းစားရေးအတွက် ဘာမဆို လုပ်ဆောင်သူများ ဖြစ်သွားကြသူတွေလည်း ပါပါတယ်။

ဒါ့ကြောင့်မို့ တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်တိုင်းဟာ ပြည်သူတွေ မလွတ်မြောက်မချင်း မိမိတို့တာဝန်တွေ မပြီးဆုံးသေးဘူးလို့ အမြဲသတိထားပြီး နေထိုင်ရမှာဖြစ်ပါတယ်။

၂။ ရဲဘော်သုံးကျိပ်အနေနဲ့ ဗမာပြည်လွတ်လပ်ရေးအတွက် တိုက်မယ့် ပထမဆုံးသော ဗမာ့တပ်မတော်ကို ထူထောင်ပေးခဲ့တဲ့သူများအဖြစ် ဗမာ့ပြည်လွတ်လပ်ရေးလှုပ်ရှားမှု သမိုင်းမှာ အထင်ကရ ကမ္ပည်းထိုး အသိအမှတ်ပြု ကျေးဇူးတင်ခံရပါတယ်။

နောက်ပိုင်း တချို့သမိုင်းဆရာတွေ ပြောတာတခု ရှိပါသေးတယ်။

"ရဲဘော်သုံးကျိပ် အပါအဝင် ဗမာပြည်က နိုင်ငံရေးသမားတွေဟာ ဂိုဏ်းဂဏစိတ် သိပ်ကြီးတယ်။ ဒါ့ကြောင့် ညီညွတ်ရေးမတည်ဆောက်နိုင်ဘဲ၊ အစိတ်စိတ်အမြွှာမြွှာကွဲပြဲပြီး အဆုံးမသတ်နိုင်တဲ့ ပြည်တွင်းစစ်ကြီး ဖြစ်လာရတာ"တဲ့။

ဂိုဏ်းဂဏစိတ်ဟာ တိုင်းပြည်တပြည်၊ လူမျိုးတမျိုး လွတ်မြောက်ရေးအတွက် အလွန်အန္တရာယ်ကြီးတာ မှန်ပါတယ်။ ဘယ်တိုင်းပြည်၊ ဘယ်လူမျိုးဖြစ်ဖြစ် အင်မတန်စည်းလုံးညီညွတ်မှသာလျှင် တက်ညီလက်ညီနဲ့ တိုင်းပြည်ကို အေးချမ်းတည်ငြိမ်စွာနဲ့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မှာဖြစ်ပါတယ်။ ဒီအတွက် တိုင်းပြည်တပြည်ကို တည်ဆောက်ရာမှာ တိုင်းသူပြည်သားများအားလုံး ပါဝင်လာနိုင်ရေးအတွက် အများကြီးအားထုတ်ဖို့ လိုပါတယ်။

ဒီနေရာမှာ လူတန်းစားရန်သူ ဆိုတာကလည်း အငြိမ်မနေပါဘူး။ ဗမာပြည်ရဲ့ အင်္ဂလိပ်ကိုလိုနီသမားများဟာ ဗမာပြည်ကို မလွဲမသွေ လွတ်လပ်ရေးပေးရတော့မယ်ဆိုတာ သိတော့ တိုင်းပြည်ကို စည်းလုံးနိုင်တဲ့ ဂိုဏ်းဂဏစိတ်ကင်းတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံပြီး  နိုင်ငံရေးအရ(မိမိသဘောကျ လူမွေးပြီးမှ)သာ လွတ်လပ်ရေးပေးပြီး စီးပွားရေးအရ ဆက်လက်ထိန်းချုပ်နိုင်ရေးအတွက် ကြိုးပမ်းထားခဲ့တာပါ။ လူမျိုးအချင်းချင်းကြားလည်း ရန်စတွေ ရန်ငြိုးတွေ မီးမွှေးထားခဲ့တာပါ။ အဲဒါကို ပြည်သူတွေအချင်းချင်းကြား မမြင်နိုင်ခဲ့ပါဘူး။

ဖောက်ပြန်တဲ့ အစိုးရအဆက်ဆက်ကလည်း ဒါကို ဖုံးပေးခဲ့တယ်။

အခုလည်း ဒုတိယအကြိမ် အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီးလို့ ပြောနိုင်တဲ့ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး တိုက်ပွဲကြီးအတွင်း ရန်သူစစ်တပ်ဟာ ဒီလိုနည်းပရိယာယ်များကို ကျင့်သုံးနေပါတယ်။ (မဆလခေတ်- နဝတ၊ နအဖ ခေတ်များမှာ တစုံတရာအောင်မြင်မှုတွေလည်း ရခဲ့ပါတယ်။) ဒါပေမဲ့ အခုခေတ်ကတော့ အလွန်ထင်သာမြင်သာတဲ့ခေတ် ဖြစ်တာကြောင့် အရင်နည်းလမ်းဟောင်းတွေဟာ အလုပ်မဖြစ်တော့ပါဘူး။

ဒါ့အပြင် ခေတ်အမျိုးမျိုးကို ဖြတ်ကျော်လာပြီးနောက် မိမိတို့ရဲ့တော်လှန်ရေး ဘာလို့မအောင်မြင်ရသလဲ ဆိုတာကို နားလည် သဘောပေါက်လာကြတဲ့ ၂၁ ရာစု တော်လှန်ရေးသမားများဟာ ဒီလိုထောင်ချောက်အမျိုးမျိုးကို ကျော်ဖြတ်ပြီး တိုင်းချစ်ပြည်ချစ်စိတ်ရှိသူ (စစ်အာဏာရှင်စနစ်ကိုလည်း မကြိုက်တဲ့) အများတကာ့အများစုကြီး ပါဝင်တဲ့ တပ်ပေါင်းစုကြီးဖွဲ့ပြီး ဒီစစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးတိုက်ပွဲကို အဆုံးထိ ဆင်နွှဲကြတော့မှာပါ။

ဒီအတွက် တော်လှန်ရေးသမားများအားလုံးဟာ တဖက်က မိမိကိုယ်မိမိလည်း ဘက်စုံက ပြည့်ဝရင့်ကျက်အောင် တည်ဆောက်ပြီး တဖက်ကလည်း မိမိတို့နဲ့ အတူ တော်လှန်ရေးခရီလမ်းကြီးကို ဆက်လျှောက်နိုင်မယ့်သူအားလုံး ပါဝင်လာနိုင်ရေးအတွက် သဘောထားကြီးကြီးထား၊ စိတ်ရှည်လက်ရှည်နဲ့ စည်းရုံးရမှာ ဖြစ်ပါတယ်။

ဒီအတွက် ဂိုဏ်းဂဏစိတ်ကို မုချတိုက်ဖျက်ပစ်ရပါလိမ့်မယ်။

ဒီသမိုင်းသင်ခန်းစာများကိုဆုပ်ကိုင်ပြီး ဗမာပြည်ရဲ့ရှေ့တော်လှန်ရေးခရီးကြီးကို ဆက်လျှောက်ကြပါစို့။


👉လှကျော်ဇော - ရဲဘော်သုံးကျိပ်က ပေးတဲ့ သမိုင်းသင်ခန်းစာ (အပိုင်း ၁)



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar