Breaking News

အမျိုးမျိုးသော ထုတ်ပြန်ချက်တွေနဲ့ အမှန်တကယ် အတွင်းက သဘောထား၊ အကျိုးစီးပွားတွေ

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၃၀ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၃၁၊ ၂၀၂၄

အမျိုးမျိုးသော ထုတ်ပြန်ချက်တွေနဲ့ အမှန်တကယ် အတွင်းက သဘောထား၊ အကျိုးစီးပွားတွေ 

ခုရက်ပိုင်းတွေမှာ ရှမ်းမြောက်ဒေသက ပါဝင်ပတ်သက်နေကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ အသီး သီးက အမျိုးမျိုးသော ထုတ်ပြန်ချက်တွေထုတ်ပြန်နေကြတာ တွေ့ရပါတယ်။ မြောက်ပိုင်း ညီ နောင်မဟာမိတ်အဖွဲ့၊ MNDAA , UWSP/UWSA စတဲ့ အဖွဲ့အစည်းတွေက ပြီးခဲ့တဲ့ ရက် သီတင်းတပတ်တာအတွင်းမှာ ထုတ်ပြန်ကြေညာချက်တွေ ဆက်တိုက်ဆိုသလို ထုတ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။ MNDAA အနေနဲ့ လားရှိုးမြို့နဲ့ စစ်ကောင်စီရဲ့ တပ်ရင်းတွေ၊ စစ်တိုင်း ဌာနချုပ်တို့ကို သိမ်း ယူရရှိတဲ့အကြောင်း ထုတ်ပြန်ချက်အပြင် လားရှိုးမြို့ အုပ်ချုပ်ရေးယန္တရားကို ဆက်ခံကြောင်း နဲ့ အုပ်ချုပ်ရေး ဖော်ဆောင်မယ့်အကြောင်း ထုတ်ပြန်ချက်၊ မြောက်ပိုင်း လက်နက်ကိုင် ညီနောင် ၃ဖွဲ့ က နိုင်ငံတော်မှ ခွဲထွက်ခြင်းဟူသော နဲ့ပတ်သက်တဲ့ သတင်းအတုနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်၊ ဝ ပြည်သွေးစည်းညီညွတ်ရေး ပါတီက မြန်မာနိုင်ငံရေး အခြေအနေနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေ အပြင် MNDAA က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ဝန်ထမ်းများအား ကာကွယ်စောင့်ရှောက်ရေး ဆိုတဲ့ ညွှန်ကြားချက် ဆိုတဲ့ ထုတ်ပြန်ချက်လည်း ခုရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ 

ပထမအနေနဲ့ ပြောရရင် UWSA လက်နက်ကိုင် တပ်ဖွဲ့ကို အခြေပြုထားတဲ့ UWSP  ဝပြည်သွေး စည်းညီညွတ်ရေး ပါတီက မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ကြေညာချက်ကို လေ့လာကြည့်ရင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတွင်း မတည်မငြိမ်မှုတွေမှာ ဝ ပြည်တွင်း နေထိုင်ကြတဲ့ တိုင်းရင်းသားပေါင်းစုံရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး အတိတ်သင် ခန်းစာအရလည်း မည်သည့် လက်နက်ကိုင် တိုက်ပွဲမှာမှ မပါဝင်ပဲ စစ်မီးလည်း မမွှေးဖို့ ဆုံးဖြတ်ထားကြောင်း ပါရှိပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပြိုကွဲမယ့် အခြေအနေမျိုး ရောက်နေကြောင်း နဲ့ စစ်ရေး ပဋိပက္ခ ကြာရှည်လာရင် တိုင်းရင်းသား လူမျိုးစုတွေအကြား ရန်ငြှိုးမြင့်တက်လာကာ၊ ကုသရခက်ခဲတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်ပေါ်လာနိုင်တယ် ဆိုတဲ့အချက်၊ မိမိတို့ အကျိုး စီးပွား တခုထည်းကိုကြည့်ပြီး ပြည်သူလူထု အကျိုးစီးပွားကို မျက်ကွယ် မပြုဖို့ ငြိမ်းချမ်းသော နည်းလမ်းနဲ့ ဖြေရှင်းဖို့ ဝ ပြည်နယ်အနေနဲ့ တတ်နိုင်သမျှ ငြိမ်းချမ်းမှုအတွက် ကြိုးပမ်းသွားမယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။ 

ရှမ်းမြောက်ဒေသနဲ့ ရှမ်းအရှေ့ဒေသမှာ စစ်လက်နက်နဲ့ ဓနအင်အားအကြီးဆုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဆိုတာထက် နောက်တဆင့်ပိုမြင့်တဲ့ ကွန်ဖက်ဒရိတ်လို အနေအထားကို ဥပဒေနဲ့ မပြဌာန်းထားသည့်တိုင် လက်တွေ့မှာ ကျင့်သုံးနေတဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေး ပါတီက အခုလို လက်နက်ကိုင် ပဋိပက္ခကို မလိုလားကြောင်းနဲ့ စစ်မီးမွှေးခြင်း မပြုလုပ်ကြောင်း ထုတ်ပြန်ချက်ဟာ နားလည်ရ ဝေဖန်စောကြောစရာ မေးခွန်းထုတ်စရာတွေ ရှိနေတာ ဖြစ်ပါတယ်။ လတ်တလော တန့်ယန်း၊ မိုင်းရယ် နဲ့ လားရှိုးမြို့တွေကို တပ်အင်အား ရာထောင်ချီ နေရာယူတာတွေဟာ ဘယ်အဖွဲ့အစည်းက အဆိုပြုလို့ လုပ်ဆောင်တာလဲ၊ တရုတ်နိုင်ငံရဲ့ အကြံပြုချက်လား သို့မဟုတ် စစ်ကောင်စီရဲ့ တောင်းဆိုမှုကြောင့်လား၊ ဒါမှမဟုတ် မိမိသဘောနဲ့ မိမိ ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်တာလား စတဲ့စေ့ဆော်မှု၊ ရည်ရွယ်ချက်တွေ အခုလို ထုတ်ပြန်ချက်မှာ ဖေါ်ပြထားခြင်း မရှိပါဘူး။ 

ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် နဲ့ ပတ်သက်လို့ အများနားလည်ထားချက်မှာတော့ MNDAA အပါအဝင် လက်ရှိ တိုက်ခိုက်နေတဲ့ မြောက်ပိုင်း လက်နက်ကိုင် ၃ ဖွဲ့အပေါ် သြဇာရှိတဲ့ အဖွဲ့ တဖွဲ့ဖြစ်တယ်ဆိုတဲ့အချက်၊ အဆိုပါ ၃ ဖွဲ့အနေနဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်ကို လက်နက်ခဲယမ်းတွေအတွက် မှီခိုနေရတယ်ဆိုတဲ့အချက်တွေက လူအများ ယေဘုယျ သဘောသိထားကြပြီး လက်ခံထားကြတဲ့ အချက်တွေ ဖြစ်ပေမယ့် ထုတ်ပြန်ချက်တွေထဲက သဘောထားတွေ ရပ်တည်ချက်တွေက အထက်က နားလည်ထားတာတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

အလားတူ လွန်ခဲ့တဲ့ ၂ ပတ်ဝန်းကျင်က တဖက်သတ် အပစ်ရပ်မယ်ဆိုတဲ့ MNDAA ရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင်လည်း တိုက်ခိုက်မှုတွေ အရှိန်မြင့်တုန်းအချိန်မှာ တရုတ်နိုင်ငံရဲ့ ဗဟိုကော်မတီ စုံညီအစည်းအဝေးကို အလေးထားတဲ့ အနေနဲ့ တရုတ်နိုင်ငံရဲ့ စိုးရိမ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ တဖက်သတ် အပစ်ရပ်ဖို့ ညွှန်ကြားချက် နဲ့ အသိပေးထားတဲ့ ထုတ်ပြန်ချက် ၂ စောင် ထွက်ပေါ်လာခဲ့ပေမယ့် လားရှိုးမြို့တဝိုက်မှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေအပေါ် ထူးခြားတဲ့ သက်ရောက်မှုတွေ မရှိတာတွေ့ ရမှာ ဖြစ်ပါတယ်။ 

တဖန် MNDAA ရဲ့ နောက်ထုတ်ပြန်ချက် တွေမှာ လားရှိုးမြို့ အုပ်ချုပ်ရေး ယန္တရားကို ဆက်ခံပြီး အုပ်ချုပ်ရေး အကောင်အထည်ဖေါ်မယ့် အကြောင်းနဲ့ ၄င်းတို့ရဲ့ တပ်ဖွဲ့ဝင် တွေအနေနဲ့ လိုက်နာရမယ့် စည်းကမ်းတွေကို ဖေါ်ပြထားတာလည်း တွေ့ရတာဖြစ်သော်လည်း အခုလို စစ်ပွဲတွေ အကြားမှာ တိုင်ကြားမှုတွေ၊ တရားစီရင်မှုနဲ့ တရားမျှတမှုတွေက ပျောက်ဆုံးနေတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ စစ်ပွဲကာလတွေမှာ လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ အနိုင်ရဖို့ကလွဲရင် အခြားဘယ်အရာကိုမှ ဦးစားပေးကြမှာ မဟုတ်တာ ပြင်ပက ပကတိ အခြေအနေပဲ ဖြစ်ပါတယ်။ 

MNDAA ရဲ့ နောက်ဆုံးထုတ်ပြန်ချက် တခုကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ဝန်ထမ်းတွေကို အကာအကွယ်ပေးရေး ဆိုတဲ့ ထုတ်ပြန်ချက်ဖြစ်ပြီး တည့်တည့်ဆိုရရင်တော့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကို ကာကွယ်ပေးဖို့ ရည်ရွယ် ထုတ်ပြန်တာ ဖြစ်ပါတယ်။ မကြာခင်ရက်ပိုင်းက တရုတ်နိုင်ငံရဲ့ တာဝန်ရှိသူ တဦးက မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်တဲ့ လက်နက်ကိုင် အဖွဲ့တွေကို တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ပေးဖို့ ပြောဆိုခဲ့တာကို MNDAA ဘက်က တုံ့ပြန်တဲ့ ထုတ်ပြန်ချက်လို့ ယူဆစရာ ရှိပါတယ်။ 

လက်နက်ကိုင် အဖွဲ့တွေ၊ လက်နက်ကိုင် အဖွဲ့ကို အခြေပြုပြီး ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီနဲ့ အစိုးရတွေ အနေနဲ့ အခုလို ထုတ်ပြန်ချက်တွေကို ထုတ်ပြန်ကြတာ သဘာဝဖြစ်ပြီး ထုတ်ပြန်ချက်ထဲက အတိုင်း ရပ်တည်ချက်၊ လက်တွေ့ကျင့်သုံးမှုတွေ ရှိနေတယ်လို့တော့ မှတ်ယူလို့မရတာ နိုင်ငံရေး နားလည်သူတိုင်း၊ အကျိုးအကြောင်းနဲ့ ဆက်စပ်စဥ်းစားတတ်သူတိုင်း သဘောပေါက် နားလည်ထားပြီး ဖြစ်ပါတယ်။ 

လက်တွေ့ အပြင်မှာ ဖြစ်နေတဲ့ အရာတွေနဲ့ ထုတ်ပြန်ချက်တွေ ကွဲလွဲနေတာ၊ ဆန့်ကျင်နေတာမျိုးအခါမှာ နိုင်ငံရေး လေ့လာသူ၊ အကဲခတ်သူတွေ အနေနဲ့ အဆိုပါ ထုတ်ပြန်ချက်ထုတ်တဲ့ အဖွဲ့ရဲ့ အကျိုးစီးပွားက ဘာလဲ ဆိုတာကို ဆန်းစစ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ထုတ်ပြန်ချက် ကြေညာချက်တွေက တစိတ်တပိုင်းသော်လည်းကောင်း  သို့မဟုတ် အားလုံးသော်လည်းကောင်း ဝါဒဖြန့်မှုတွေ ဖြစ်လေ့ရှိတာကို သတိပြုဖို့ အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar