Breaking News

လင်းလက်နွေဦး - တော်လှန်မွေးနေ့

Image - Credit
တော်လှန်မွေးနေ့
လင်းလက်နွေဦး
(မိုးမခ) ဇူလိုင် ၂၉၊ ၂၀၂၄

အရင်တစ်ပတ်က ပြောခဲ့တဲ့နော်၊ မှတ်မိသေးလားမသိဘူး။ လူတစ်ခု ပူမှုရယ်နဲ့ ဆယ်ကုဋေ ဆိုတဲ့အပြင် မအလ စောက်ရူးထလိုက်တော့ ကုဋေနှစ်ဆယ်လောက် ဖြစ်သွားတော့ ဦးနှောက်တွေ ကွိုင်ပူနေပြီ မဟုတ်လား။ ခုဆို ဟိုးအရင် ဘော ပြေးပြေးမကြတဲ့ ဘောမတသိုက်တောင် အပူတွေ ကူးစက်ကုန်ကြပြီ။ အိမ့်ရှေ့ပူ အိမ့်နောက် မချမ်းသာ ဆိုတဲ့ စကားပုံကို ရေးရေးသိလာကြပြီ။ အဲတော့ဗျာ၊ ခင်ဗျားတို့ မမှတ်မိလဲ ခွင့်လွှတ်ပါ့။ ဟို အာဏာရူးတွေကိုသာ ခွင့်မလွှတ်နိုင်တာ။ တနေ့က တော်လှန်ရေးအစ်မတစ်ယောက်နဲ့ စကားပြောကြတယ်။ လပြည့်နေ့ဆိုတော့ ဥပုသ်မစောင့်ဘူးလားပေါ့။ “ဥပုသ် မစောင့်နိုင်ပေါင်၊ ကိုးပါးသီလမှာ သတ္တဝါတွေအပေါ် မေတ္တာနဲ့ယှဉ်တဲ့ စိတ် အမြဲမွေးရမယ် ဆိုလို့”တဲ့လေ။ သာဓု သာဓု သာဓု လို့ သုံးကြိမ်အစေ့ သုံးကြိမ်ပြည့်အောင် ခေါ်ခဲ့ပါကြောင်း။ ကဲ ... သာဓု ခေါ်ကြလေ၊ ဘာငေးနေတာတုန်း။

အာဏာရှင်ဆိုတာ သူ့နှုတ်ထွက်က ဥပဒေ၊ သူ့လက်နက်က သူ့တရား၊ သူပဲ အမြဲမှန်တယ်ဆိုတဲ့လူ။ အဓိကက သူ၊ သူပြီးရင် သူ့မိသားစု၊ သူ့မိသားစုပြီးရင် သူ့မိဘမောင်ဘွား၊ နောက် သူ့ဆွေမျိုးရင်း ချာ၊ နောက် သူ့ဆွေမျိုးနီးစပ်၊ သူ့ရပ်ဆွေရွာမျိုး၊ သူ့ရပ်၊ သူ့မြို့၊ သူ့နယ်၊ သူ့တိုင်း။ အဲ..သူ့တိုင်းက ဂိတ်ဆုံးပဲ။ ဒါပေမယ့် သူ့ဆွေမျိုးနီးစပ်အထိပဲ အသက်ဝင်တယ်၊ စားဂွင်က။ အဲလို အာဏာရှင်ဗဟိုပြု တိုင်းပြည်ကြီးမှာ မှီခိုသူမှန်သမျှ - ကပ်ရင် ကပ်၊ မကပ်နိုင်ရင် ငတ်ပါပဲ။ သာမန်ပြည်သူဆိုတာမျိုးက တစ်လက် တစ်လက်ကို လေးငါး ခြောက်သိန်းတန်ဂေါက်တံကြီးတွေ လေးငါးမျိုးလောက်ဝယ်၊ နာရီစား ကြေးကြီးကြီးပေးရတဲ့ ဂေါက်အိတ်ထမ်း သမလေး ခေါ်ပြီး တိုင်းမှူး၊ ခရိုင်မှူး၊ တပ် ရင်းမှူးတွေနဲ့ ရင်းနှီးနိုင်အောင် ဂေါက်ရိုက်နိုင်မယ် ထင်သလား။ အသင်းဝင်ကြေးတောင် မပေးနိုင်ပါဘူး။

‘အတိတ်ကုသိုလ်ကံ အကျိုးပေးပေါ့’ လို့တော့ လေသံပျော့ပျော့နဲ့ လာမချော့နဲ့။ ‘သူ့ဘဝပေးကု သိုလ်က ကောင်းလိုက်တာ’ ဆိုပြီး ကိုယ့်ကိုကိုယ် သိမ်ငယ်မနေနဲ့။ ဘုရားဟောဟာ အဲအတိုင်း မဟုတ်ဘူး။ ကျနော် ဖတ်ဖူး သမျှတွေထဲမှာ ‘ကျွန်တွေဟာ ကျွန်ဘဝနဲ့ တသက်လုံး နေရမယ်’လို့ မပါဘူး။ ဘုရားဟော ပြောတာနော်။ နိုင်ငံရေးတွေ ဘာတွေတော့ လက်လှမ်း သိပ်မမီပါဘူး။ အမေရိကန်သမ္မတကြီး လင်ကွန်းကတော့ ‘ကျွန်စနစ် ဖျက်သိမ်းရေး’ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တာပဲ သိတယ်။ တခြားဘယ်သူတွေ ပါဝင်ဆောင်ရွက်ခဲ့သလဲတော့ မသိပါဘူး။ မှတ်မှတ်ရရ ဇာတ်တော် တစ်ခုမှာ ကျွန်တစ်ယောက် ပစ္စည်းဥစ္စာတွေလက်ဝယ်ပိုင်ပိုင်ရလာတယ်။ အဲခေတ် ထုံးစံ သက်ဦး ဆံပိုင်ဘုရင်ထံ အပ်တယ်။ ဘုရင်က ‘သင်သာ ရထိုက်သည်၊ သင် ယူ’ ဆိုပြီး သူဋ္ဌေးရာထူးပါ တပါတည်း ပေးလိုက်သတဲ့။ အဲ ဘုရင်-  ဉာဏ်ကောင်းသားပဲ။ ကွာပ။

လက်နက်ကိုင်တပ်ဖွဲ့ရှိတာနဲ့ အာဏာဝင်လု၊ ဘုရင်ဝင်လုပ်နေသူနဲ့ တကယ် ဘုန်းနဲ့တန်ခိုးနဲ့ တက်လာတဲ့ဘုရင်၊ နံသာဆီနဲ့ အီးပေါ့လေ။ ဘုန်းတန်ခိုးဆိုတာ ကိုယ် လုပ်တဲ့အလုပ်ရဲ့ ပြီးမြောက်မှု၊ အကျိုးရလာဒ် မဟုတ်လား။ (ဦး) စိန်သီးတို့ (ဦး) ပေါက်စီတို့ ပြောသလို ထီးမိုးပေးတတ်၊ အနင်းအနှိပ်တတ်ရုံနဲ့ရလာတဲ့ ရာထူးဌာန္တရဆိုတာ ဘာများတန်ဖိုးရှိမတုန်း။ အချောင်ရလာတော့ အချောင်စိတ်ဓာတ်နဲ့တန်ဖိုးမထား၊ လုပ်ချင်သလိုလုပ်နေကြတာပါပဲ။ မြန်မာ့ မြန်မာ့ရုပ်ရှင်ဆိုတဲ့အနုပညာရှင်အသိုင်းအဝိုင်းမှာ ဒီနှစ်ပိုင်းတွေမှာရတဲ့ အကယ်ဒမီဆုနဲ့ ဟိုးအရင်က တစ်နှစ် တစ်ရာသီမှ တစ်ယောက်နှစ်ယောက်လောက်ရတဲ့ အကယ်ဒမီဆု ဘယ်သင်းက ပိုလေးတယ်ဆိုတာ လူတိုင်း သိကြပါတယ်။

တော်လှန်ရေးအောင်မြင်ပြီး လူထုအစိုးရခေတ်ရောက်ပြီဆိုရင် အကယ်ဒမီစည်းကမ်းသတ်မှတ် ချက်တွေထဲမှာ ဒီတစ်ချက်တော့ ထည့်သွင်းသင့်တယ်လို့ထင်တာပါပဲ။ ဘယ်သူမှလည်း ကန့်ကွက်မှာတော့မဟုတ်ပါဘူး။ ရှေးက စာရိတ္တမောင်ရွေးသလိုမျိုး၊ အကယ်ဒမီရသင့်သည့် အနုပညာရှင်သည် ပြည်သူ့ဘက် အမြဲလှည့်ပြီး ပြည်သူ့မျက်နှာ တရွာထင်၊ ပြည်သူ့အကျိုးကို အစဉ်လိုလားသူ ဟုတ်၊ မဟုတ်။ မှတ်ကျောက်က ဒါပဲ။ ‘နွေဦးတော်လှန်ရေးကာလအတွင်း သင်၊ဘာလုပ်ခဲ့သလဲ’ဆိုတဲ့ အောက်ဖဲလှန်ရုံပဲ။ ရွှေစစ် မစစ် မှတ်ကျောက်အတင်ခံနိုင်ရမပေါ့။

ရွှေစစ်တဲ့ ရွှေမြန်မာတွေကျတော့ ကျက်သရေရှိလိုက်ရတာ၊ ဆိုရှယ်မီဒီယာတွေမှာ ကြည့် ကြည့်။ တစ်ယောက် ယောက် မွေးနေ့ရောက်ပြီဆိုရင် ‘တော်လှန်မွေးနေ့ပါနော်’တဲ့။ အရင် လွတ်လပ်နေတုန်းကများ၊ မွေးနေ့ဟေ့ဆိုလိုက်တာနဲ့ မွေးနေ့ကိတ်တွေ ခွဲ၊ ဟက်ပီးဘတ်ဒေး လုပ်။ ဒါမှ မဟုတ်၊ ဘုန်းကြီးကျောင်း ဆွမ်းပို့၊ မိဘ တွေကို ကန်တော့။ ဒါမှ မဟုတ်၊ လူအိုရုံတွေမှာ၊ မိဘမဲ့ဂေဟာတွေမှာ ကုသိုလ်ကောင်းမှု လုပ်။ ဒါမှ မဟုတ်၊ အိမ် မှာ၊ စားသောက်ဆိုင်မှာ၊ ဟော်တယ်မှာ မွေးနေ့ပါတီ ကျင်းပကြ။ ဒါမှ မဟုတ်၊ ပလန်အေ၊ ပလန်ဘီ၊ ပလန်စီတွေနဲ့ တညလုံး တပျော်တပါးကြီးနေကြ။ ဒါမှ မဟုတ်၊ နည်းနည်းနဲ့ကျဲကျဲသမားတွေကတော့ ထန်းတောမှာ ထန်းရည်နဲ့ ကြွက်ကြော်နဲ့ ဝိုင်းဖွဲ့ကြတာပေါ့။ ကျနော့်လို သတ်သတ်လွတ်သမားတွေကျ ဘီယာဆိုင် အဲလေ လက်ဖက်ရည်ဆိုင် မှာ ဒကာခံတယ်ပေါ့။
ခုတော့ ခေတ်မကောင်းဘူး။
တကယ် ခေတ်မကောင်းဘူး။
ခေတ်မကောင်းတာကို သိရှိတွန်းလှန်နေသူတွေကြားမှာ ဒီစကားလေး၊ ‘တော်လှန်မွေးနေ့ပါနော်’ ဆိုတဲ့ တခွန်းပဲ။ ဒီလောက်ပဲ။ ဒီထက်ပိုနိုင်ရင် တော်လှန်ရေးတပ်ဖွဲ့တွေထံ လှူမယ်။ ဒီထက်ပိုနိုင်ရင် စစ်ဘေးရှောင်တွေ ထံ လှူမယ်။ ဒီလောက်ပဲ။ အဲ... တော်လှန်ရေးအဖွဲ့ထဲမှာ မုန့်ဆရာတွေ ဘာတွေ ပါနေရင်တော့ မွေးနေ့ကိတ်လေးတစ်ခုတလေ ခွဲနိုင်မယ်ပေါ့။ ဒီလောက်ပါပဲ။ စိန်ရောင်တဖျတ် ဖျတ်ရွှေရောင်တဖျတ်ဖျတ်တွေ လုပ်မနေကြပါဘူး။

ဒါတွေကြည့်ပြီး ကျနော်အားကျလာတယ်။ ကျနော့်မွေးနေ့တွေမှာ LPDF တွေထံ လှူနိုင်သလောက် လှူခဲ့ တယ်။ ထောက်ပို့ထီတွေ ဘာတွေ ထိုးတယ်။ နွေဦးဘဏ် ရှယ်ယာတွေ ဘာတွေ ဝယ်တယ် (တစ်စုထဲနော်)။ ကမ္ဘာဦးမှာ ပဒေသပင် သီးသလို၊ အကျိုးအမျိုးမျိုးရနိုင်တဲ့ ကုသိုလ်အမျိုးမျိုး တိုးစိမ့်သော်ငှာ တော်လှန်ရေးရဲ့နေရာတိုင်းမှာ လှူပစ်လိုက်တယ်။ ဟို... သိန်းသန်းထောင်ချီမဟုတ်တာတစ်ခုပဲ။ ဂေါပကတွေ ပြောသလို နည်းလောင်းများလောင်း တောင်းပြည့်ဆိုသလိုပေါ့။ တနေ့ကဆို CDMအဖွဲ့က သူ့စီကလေး သက်သာချောင်ချိပါစေတော့ဆိုပြီး ပရောဂျက်တစ်ခုချပေးတယ်။ တစ်ပတ်လောက်၊ အသံသွင်းလိုက်၊ ဖျက်လိုက်၊ အဖွဲ့ဝင်တွေကို လိုင်းပေါ်ကစောင့်လိုက်၊ သူတို့အတွက်ပါ အသံသွင်းပေးလိုက် (အရှင်မြတ်က တပည့်တော်အပေါ် စမ်းသပ်နေတာပဲလို့ ယူဆပြီး သည်းခံယုံကြည်မြဲပါ ဆိုသလို) ကြိုးစားပမ်းစား ရှာဖွေထားတဲ့ ငွေယားလေး၊ LPDF တစ်ခုရဲ့ Fundraiser ခေါ်ပြီး လှူထည့်လိုက်တာ။ မဟာဒုတ်ကြီးလို လက်ခမောင်း ထခတ်မိတယ်။

ခင်ဗျားတို့မှာလည်း ကိုယ်ပိုင်နေ့ထူးနေ့မြတ် နှစ်ခု ရှိတယ်မဟုတ်လား။ မွေးနေ့နဲ့ သေနေ့လေ။ ဘယ်နေ့ ဘယ်နေရာ ဘယ်ရောဂါနဲ့သေမှာ မုချပိုင်ပိုင်မသိနိုင်ဘူး။ (ဂေါပက လေသံဖြင့် ဖတ်ရန်)။ အဲ... မွေးနေ့တော့ သိမယ်။ လူတိုင်းနီးပါး သိမယ်။ မွေးဖွားလာတဲ့နေ့တော့ ရှိကို ရှိမယ်။ အဲဒီမွေး နေ့မှာ မွေးမိမွေးဖကို ဦးတင်ရှိခိုးရင်း မွေးနေ့မွေးရက် ကုသိုလ်ဆက်လိုက်ကြရအောင်။ ကဲ... ဆိုကြပါအုံး... မွေးနေ့မွေးရက် ကုသိုလ်ဆက် ရက်မြတ်မည်တွင်မလေ... သုံးခေါက်။ အဲလေ... မှားကုန်ပါပြီ။ ဒီအမှားက တော်သေးတယ်၊ မအလ အမှား ကိုယ့်အမှား မဖြစ်အောင်၊ တော်လှန်မွေးနေ့တွေ လူတိုင်း ကျင်းပကြပါစို့လို့ အကျိုးမျှော်ကာ နှိုးဆော်ပါရစေ။

တော်သေးပြီ။
လင်းလက်နွေဦး
၂၈.၇.၂၀၂၄
 ၂ နာရီ ၄၅ မိနစ်
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar