မောင်စွမ်းရည် - မှိုင်း စာပေအမွေ
မောင်စွမ်းရည် - မှိုင်း စာပေအမွေ
(မိုးမခ) ဇူလိုင် ၂၈ ၊ ၂၀၂၄
ဆရာကြီးသခင်ကိုယ်တော်မှိုင်းအကြောင်းကို ယခုတလော ဆက်တိုက်ရေးဖြစ်တာ ယခုဆောင်း ပါးပါဆိုရင် သုံးပုဒ် ရှိသွားပါပြီ။ ပထမဆောင်းပါးမှာ ‘မစ္စတာမောင်မှိုင်း’ ကလောင်အမည် ခံယူပုံဖြစ်ပြီး ဒုတိယဆောင်းပါးမှာ ‘သခင်ကိုယ်တော်မှိုင်း’ ကလောင်အမည် ခံယူပုံကို အဓိကထား ရေးခဲ့ပါတယ်။
ခု ကျွန်တော်ရေးမှာက ဆရာကြီး ရေးသားပြုစုခဲ့တဲ့စာပေအစုစုအကြောင်းကို ကျွန်တော် အကျဉ်း ချုပ်မှတ်သားထားပုံအကြောင်း ဖြစ်ပါတယ်။ ကျွန်တော်က ဆရာကြီးမှိုင်း ရေးခဲ့တဲ့ စာတွေကို ငယ်စဉ်က မပြတ်တမ်းလိုလို ဖတ်ခဲ့ရပါတယ်။ နားလည်လှလို့တော့ မဟုတ်ဘူးပေါ့။ အသံထွက်ပြီး ဖတ်ရင် ဖတ်လို့ကောင်းတဲ့အတွက် စွဲနေခဲ့တာ ဖြစ်မယ် ထင်ပါတယ်။ ကျွန်တော့်အမေကလည်း လေးချိုး အတိုအစတွေကို ရွတ်ဆိုလေ့ရှိတာကြောင့် နားစွဲနေတာလည်း ဖြစ်နိုင်ပါတယ်။
ဆရာကြီးမှိုင်းက ပြည်ခရိုင် ရွှေတောင် ဇာတိဖြစ်လို့ ရွှေတောင်ဆရာမှိုင်း ဆိုတဲ့ အမည်နဲ့ ရေးခဲ့ပါတယ်။ သူ့အမည်ရင်းက မောင်လွန်း ဖြစ်ပါတယ်။ နောက်မှ မစ္စတာမောင်မှိုင်း၊ သခင်ကိုယ်တော်မှိုင်းလို့ အဆင့်ဆင့် ပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။ ရေးတဲ့စာတွေကတော့ အများကြီး ရှိမှာပါ။ ကျွန်တော်က သမိုင်းဝင် (နိုင်ငံရေးသမိုင်းဝင်) စာအုပ်တွေကိုပဲ ကျွန်တော် လက်လှမ်းမီသမျှ ဖတ်ခဲ့တာ ဖြစ်ပါတယ်။
ကျွန်တော့်အမေရဲ့ အဖေက ဆရာကြီးမှိုင်းနဲ့ ရုပ်ချင်းဆင်ပါတယ်။ လေးချိုးတွေ၊ မေတ္တာစာတွေကို (ကဗျာပုံစံနဲ့) ရေးတယ်။ အလှူဖိတ်စာ၊ မင်္ဂလာဆောင်ဖိတ်စာတွေကိုလည်း ရေးလေ့ရှိပါတယ်။ အမေနဲ့ အမေ့အစ်ကို သူ့သားကြီးတွေကလည်း လေးချိုးတွေကို ရေးလေ့ရှိပါတယ်။ ကျန်းမာရေး မကောင်းကြတဲ့အပြင် ကျေးလက်တောရွာမှာ နေကြသူတွေ ဖြစ်လို့ မဖြစ်ထွန်းခဲ့ကြပါ။
ကျွန်တော်တို့မိသားစုတွေထဲက ကျွန်တော့်အဖေနဲ့ ညီအစ်ကိုနှစ်ယောက် (အားလုံးသုံးယောက်) ဟာ မြေပိုင်ရှင် ရွာသူကြီး သားသမီးတွေဖြစ်ကြလို့ မြို့ပေါ်(မြင်းခြံမြို့) တက်ပြီး အေဘီအမ် ခေါ် အမေရိကန် ခရစ်ယာန်သာသနာပြုကျောင်းမှာ ကျောင်းတက်နေနိုင်ခဲ့သူတွေ ဖြစ်ပါတယ်။ စစ်ကြီးတွေကြောင့် သူတို့က ၇ တန်း၊ ၈ တန်း၊ ၁၀ တန်းလောက်ထိပဲ ပညာသင်ခဲ့ကြရပါတယ်။
ကျွန်တော်တို့ကျတော့မှ မြို့တက်ပြီး ကျောင်းပြီးအောင်(ဘွဲ့ရအောင်) ကျောင်းထားပေးခဲ့နိုင်ပါတယ်။ ကျွန်တော့် သားသမီးတွေကိုလည်း ကျွန်တော်က ဘွဲ့ရအောင် ကျောင်းဆက်ထားပေးခဲ့ပါတယ်။ ကျွန်တော်ကတော့ အဖေ့ရဲ့ မြေတောင်မြှောက်ပေးမှုကြောင့် ကဗျာဆရာဖြစ်လာခဲ့ပါတယ်။ အဖေက ယာတောထဲမှာ ယာခင်းစောင့်ရင်း၊ သရက်ပင်စောင့်ရင်း သရက်ပင်ရိပ်မှာ ကဗျာစပ်နည်းကို သင်ကြား လေ့ကျင့်ပေးခဲ့ပါတယ်။ အဖေ့ကိုတော့ သူ့မိဘတွေက မြို့ကျောင်းထားပေးပေမဲ့ ကျွန်ပညာ မသင်ချင်ဘူး ဆိုပြီး သခင်ပေါက်စဘဝနဲ့ ကျောင်းထွက်လာခဲ့သူ ဖြစ်ပါတယ်။ သတ္တမတန်း အောင်ပြီး အဋ္ဌမတန်းတက်ရင်း ကျောင်းထွက်လာခ့သတဲ့။ မစ်ရှင်ကျောင်းထွက် ဆိုတော့ ဒုတိယကမ္ဘာစစ်မှာ အမေရိကန်နီဂရိုး စစ်သားတွေ ရွာဘက်ကို ရောက်လာတဲ့အခါ အင်္ဂလိပ်လို ရေလည်စွာ ပြောနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရဖူးပါတယ်။ ဒဂုန်မဂ္ဂဇင်း၊ ကြီးပွားရေးမဂ္ဂဇင်း၊ တိုး တက်ရေးမဂ္ဂဇင်း၊ သူရိယသူတင်းစာ၊ ဗမာ့ခေတ်သတင်းစာ၊ ရန်ကုန်သတင်းစာတို့ကို ကိုယ့်မြို့က မှာယူ ဖတ်ရှုခဲ့သူဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ နယူးယောက်မြို့အိမ်က စာအုပ်စင်မှာ ဆရာကြီး သခင် ကိုယ်တော်မှိုင်းရဲ့ လေးချိုးပေါင်းချုပ်များနဲ့ ကဗျာသာရဋ္ဌ သင်္ဂြိုဟ် ခေါ် ကဗျာဖွဲ့နည်း စာအုပ်များ ရှိနေပါတယ်။ ဆရာကြီးရဲ့ စာအုပ်တွေကို ကျွန်တော်က အောက်ပါအတိုင်း ကဗျာပုံစံသွင်းပြီး မှတ်စုလုပ်ထားခဲ့ပါတယ်။
ဆရာကြီးမှိုင်းရဲ့ ဋီကာများ
ဗိုလ် ၊ ဒေါင်း ၊ ဘွိုင်းကောက်
ခွေးနှင့် မျောက်။
ထို့နောက်တဖြာ
သခင်ဋီကာ တဲ့။
နောက်မှာ ဆက်ပြီး ဖြည့်တာကတော့
‘မှာတော်ပုံ’က ဝတ္ထုပါ။
လေးချိုးကဗျာ၊ နှစ်အုပ်ထုတ်
ဋီကာ-ဂဏ္ဌိ စာရင်းချုပ်။
အဖိုးမှိုင်းရဲ့ ရွှေစာအုပ် တဲ့။
သင်္ဂြိုဟ် ခေါ်ကာ၊ ကဗျာသာရဋ္ဌ
လေးချိုးစပ်နည်း- ထင်ရှားလှ။
‘ဗိုလ်’ ဆိုတာ ဗိုလ်ဋီကာ။
‘ဒေါင်း’ ဆိုတာက ဒေါင်းဋီကာ။
‘ဘွိုင်းကောက်’ ဆိုတာက သပိတ်မှောက်တဲ့ ဘွိုင်းကောက်ဋီကာ။
‘ခွေး’ ဆိုတာ ခွေးဋီကာ (တပည့်တွေ ရာထူး(အမဲရိုး)လုကြလို့)
‘မျောက်’ ဆိုတာက မျောက်ဋီကာ (ဟိုအဖွဲ့ ဒီအဖွဲ့ ကူးကြလို့)
‘သခင်’ ဆိုတာက သခင်ဋီကာ။
‘မှာတော်ပုံ’ ဆိုတာ ‘သခင်ကိုယ်တော်မှိုင်း မှာတော်ပုံ’ ဝတ္ထုဟာ ဒေါင်းဋီကာကို ဆက်ပြီး ဒေါင်းဂဏ္ဌိလို့ နောက်တအုပ် ချဲ့ရေးတာလည်း ရှိပါသေးတယ်။
ဆရာကြီးမှိုင်းရဲ့ လေးချိုးတွေ သာမန်အချိုး လေးချိုး ရှိရုံ မဟုတ်ဘဲ စာမျက်နှာ လေး ငါးမျက်နှာလောက် ရှည်လျားအောင် ချဲ့ထွင်ရေးတဲ့ လေးချိုးကြီးတွေ ဖြစ်ပါတယ်။ လေးချိုး တပုဒ်ချင်း သီးသန့်ရေးဖွဲ့ခဲ့တာ မဟုတ်ပါ။ ဋီကာစာအုပ်တွေထဲမှာ ကြားညှပ်ပြီး ရေးဖွဲ့ခဲ့တာတွေကို ရွေးကောက် စုစည်းထားတာတွေ ဖြစ်ပါတယ်။ ပထမလေးချိုးပေါင်းချုပ် စာအုပ်က ဆရာကြီးကိုယ်တိုင် သူ့ရဲ့ ဋီကာကျမ်းတွေထဲက ရွေးထုတ်တာ ဖြစ်ပါတယ်။ မောင်လှနဲ့ မအမာတို့ ပုံနှိပ်ထုတ်ဝေပါ ဆိုပြီး မန္တလေး လူထုကြီးပွားရေး စာအုပ်တိုက်ကို လှမ်းပို့လိုက်တာ ဖြစ်ပါတယ်။ ဆရာကြီးရဲ့ လေးချိုးပေါင်းချုပ်ကို ‘ရွှေကိုင်းသား’ ကလောင်ဘွဲ့ခံ ဆရာတော် ဦဂသေဘာဘိတက ပရုဖ်ဖတ် တည်း ဖြတ်ပေးတာ ဖြစ်ပါတယ်။
နောက်ထပ်လေးချိုးပေါင်းချုပ်က မုံရွာတင်ရွှေ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုမှာ ဟံသာဝတီဦးဝင်းတင်၊ တင်မိုး၊ မောင်မိုးသူ၊ ဗိုလ်သော်ကတို့နဲ့အတူ ဝန်းရံလုပ်ကိုင်နေစဉ် စစ်အစိုးရက ဖမ်း ဆီးထောင်ချ နှိပ်စက် သတ်ဖြတ်ခံရသူ) က ရွေးချယ်စိစစ်ထုတ်ဝေတဲ့ လေးချိုးကဗျာပေါင်း ချုပ် ဖြစ်ပါတယ်။ ယခုအခါ ရှားပါးနေလို့ ပြန်လည်ထုတ်ဝေသင့်ပါတယ်။
ဆရာဇော်ဂျီ လုပ်ခဲ့ဖူးသလို ကဗျာတပုဒ်ချင်း ဖွင့်ဆို ရေးသားမှ ဒီခေတ် လူငယ်တွေ သေချာနား လည်ပြီး အရသာခံတတ်မှာ ဖြစ်ပါတယ်။
လေးချိုးကြီး ဆိုတာ သီချင်းတွေပါ။ အောင်ဗလ၊ ဖိုးစိန်၊ စိန်ကတုံးတို့ ခေတ်က ဇာတ်စင်ပေါ်မှာ ဆိုတဲ့ လေးချိုး၊ ငိုချင်း ကဗျာမျိုးတွေပါ။
ဇာတ်မင်းသား ဦးဖိုးစိန် တို့ခေတ်က လေးချိုး ငိုချင်းကြီးတွေက ပြည်သူလူထု ပွဲကြည့်ပရိတ်ရဲ့ နှုတ်ဖျားမှာ အထူးခေတ်စားခဲ့ပါသတဲ့။ ငိုချင်းကဗျာပုံစံ ဖြစ်လို့ တချို့က အမင်္ဂလာ ဖြစ်တယ်ဆိုပြီး ရှောင်ခဲ့ပေမဲ့ ဆရာကြီးက စင်မြင့်မှာ မပြတ် ဆက်လက်ပြီး တင်ဆက်လာတဲ့အခါ ပြည်သူလူထုရဲ့ နှုတ်ဖျားမှာ စွဲနေကြလို့ ကျနော်တို့ မိဘများတောင် ကလေးချော့ရင်း၊ ပုခက်လွှဲရင်း တကြော်ကြော် ဆိုခဲ့ကြတဲ့ သီချင်းတွေ ဖြစ်ပါတယ်။ ကျောင်းသုံးကဗျာစာအုပ်မှာ ‘အညာမင်္ဂလာဆောင်’ ဆိုတဲ့ လေးချိုးကြီးတပုဒ်ကို ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ် တို့က ရွေးချယ်ထည့်သွင်း ပြဋ္ဌာန်းခဲ့ဖူးပါတယ်။ ကျောင်းသုံးကဗျာစာအုပ် ဆိုတော့ အလွယ်တကူ ရှာဖွေဖတ်ရှုနိုင်မှာပါ။ ရှာဖွေပြီး အသံထုတ် ရွတ်ဆို ဖတ်ရှုမယ်ဆိုရင် အလွန်အရသာရှိတာ တွေ့ရပါလိမ့်မယ်။ အညာမင်္ဂလာဆောင် လေးချိုးကြီးထဲက စကားလုံးတွေကလည်း နေ့စဉ် မြန်မာလူထုဘဝထဲက စကားလုံးတွေ ဖြစ်လို့ လွယ်လွယ်ကူကူ နားလည်နိုင်ပါတယ်။ အရသာလည်း ခံနိုင်ကြမယ် ထင်ပါတယ်။ ဆရာ၊ ဆရာမတွေက မသင်တတ်လို့ သင်မပေးခဲ့ကြပါ။
ယနေ့ မြန်မာလူငယ် ကျောင်းသားတွေက ကျောင်းသုံးစာအုပ်ထဲက ဖြစ်စေ၊ လေးချိုးပေါင်းချုပ်ထဲက ဖြစ်စေ ဆရာကြီးမှိုင်းရဲ့ လေးချိုးကြီးတွေကို သေသေချာချာ ပြန်လည်လေ့လာ ဖတ်ရှုကြည့်ကြစေချင်ပါတယ်။
ယနေ့ မြန်မာလူငယ်တွေရဲ့ ကဗျာတွေက အများအားဖြင့် ကာရန်မဲ့ကဗျာ၊ စကားပြေကဗျာတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့က ကာရန်နဘေတွေနဲ့ ကဗျာရေးရင် ရှေးဆန်တယ် ဆိုပြီး ရှုတ်ချကြတာ တွေ့ရဖူးပါတယ်။ တကယ်တော့ ကဗျာနဲ့ စကားပြေ ဆိုတာ ပုံသဏ္ဌာန်ခြားနားမှု ရှိရပါမယ်။ အင်္ဂလိပ်ကဗျာတွေမှာ (လွတ်လပ်ကဗျာ) ဆိုပြီး ကာရန်မဲ့ ရေးကြပေမဲ့ ကဗျာကို ကဗျာနဲ့တူအောင် (ရစ်သမ်) အသံစည်းဝါး ကောင်းကောင်းနဲ့ ရေးဖွဲ့ကြပါတယ်။ ရှေးနဲ့မတူတိုင်း ခေတ်ဆန်တယ်ဆိုပြီး အကောင်းမှတ်လို့ သင့်၊ မသင့် ဆင်ခြင်ကြည့်ရပါမယ်။ သမိုင်းက စာရင်းရှင်းသွားပါလိမ့်မယ်။ ကြိုက်သလို ရေးကြပါ။
၂၀၂၄ ၊ ဇွန် ၇ ။
နယူးယောက်
#MoeMaKaMedia
#WhatsHappeningInMyanmar