နေပြည်တော်သိမ်းအောင် - ဖာရိုဘုရင်တွေထက် ဆိုးယုတ်တဲ့ ဖာဗိုလ်အုပ်စု
နေပြည်တော်သိမ်းအောင် - ဖာရိုဘုရင်တွေထက် ဆိုးယုတ်တဲ့ ဖာဗိုလ်အုပ်စု
အီဂျစ်က ပိရမစ်တွေနဲ့ ဖာရိုဘုရင်တွေကို တွဲပြီး သိလေ့ရှိကြတယ်။ အခုပြောချင်တဲ့ ဖာရိုဘုရင်တွေအကြောင်းက ဟိုးစောစောပိုင်း ပထမဖာရိုမင်းဆက်က ဆိုတော့ ရှေးကနဦး ဖာရိုဘုရင်တွေလို့ပဲ ဆိုကြပါတော့။
အခုကာလကပြန်တွက်ရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅,၀၀၀ ဝန်းကျင်လို့ပဲ အကြမ်းဖျင်း ပြောကြရအောင်။
ဒီတော့ အခု ပြောပြောနေကြတဲ့ မျက်မှောက်ခေတ် ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဆိုတာနဲ့ ဘယ်လောက်တောင် နှစ်ပေါင်းများစွာ ကွာခြားနေသလဲဆိုတာ သိသာလွန်းပါတယ်။
တမလွန်ဘဝကို ယုံကြည်ကြသူများပီပီ အဲဒီအစောပိုင်း ဖာရိုဘုရင်တွေ လက်ထက်မှာ ဖာရိုဘုရင် သေဆုံးတဲ့အခါ နောက်ဘဝရောက်ရင် အစေဆက်ခံပေးနိုင်ဖို့အတွက် ကျေးတော်မျိုး၊ ကျွန်တော်မျိုးတွေကို အတူစတေးစေတဲ့ အလေ့အထ ရှိခဲ့ဖူးတယ်။ အခုခေတ်အမြင်နဲ့ကြည့်ရင် ဘယ်လိုလုပ် လက်ခံလို့ရပါ့မလဲ၊ ရက်စက်ကြမ်းကြုတ်ကြလေခြင်းပေါ့။ ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်း ၅,၀၀၀ က အဖြစ်အပျက် ဆိုတာကိုတော့ သတိပြုရပါလိမ့်မယ်။
နောက်ထပ် ဖြည့်တွေးပေးလို့ရတာက နောက်ဘဝကို ယုံကြည်ကြတဲ့ သက်ဦးဆံပိုင် ဘုရင်စစ်စစ်တွေနဲ့ သူ့ရဲ့ အစေခံကျွန်တွေကြားက အခုဘဝ၊ နောက်ဘဝ အတူတကွ အလုပ်အကျွေး ပြုစုကြတာ ရှိသင့်ရှိအပ်တဲ့ အစဉ်အလာ တခုလို့ပဲ သူတို့ အရှင်သခင်နဲ့ သူတို့ကြား လက်ခံထားကြလေမလား ဆိုတာကိုပေါ့။
ကဲ၊ ထားလိုက်ပါတော့၊ ဖာရိုဘုရင် အစစ်တွေရဲ့ ခေတ်အကြောင်းကို။
အခုဖြစ်ပျက်နေတာ ပြန်စဉ်းစားကြည့်ပါဦး။ ဘုရင်အစစ် မဟုတ်တဲ့ ဘုရင်ရူးမအလနဲ့ အပေါင်းပါတသိုက်က သူတို့ကဖြင့် မသေသေးဘူး၊ သူတို့အတွက် စတေးပေးလိုက်ကြရတဲ့ အသက်တွေ အသက်တွေ၊ နည်းကြတာမှ မဟုတ်တာ။ အခုခေတ်က ကျွန်စနစ် ကင်းစင်တဲ့ လူ့အဖွဲ့အစည်း ဆိုပေမယ့်၊ မြန်မာနိုင်ငံမှာတော့ အသေခံတိုက်ပေးနေရရှာတဲ့ အောက်ခြေက အရာရှိ အရာခံ၊ အကြပ် တပ်သားတွေဆိုတာ စစ်ကျွန်ဘဝနဲ့ ဘာများ ကွာခြားကြလို့လဲ။
စဉ်းစားကြည့်ပါ၊ နှစ်၅,၀၀၀က အဖြစ်အပျက်က တကယ့် ဖာရိုဘုရင်စစ်စစ်အတွက် အသက်ပေးကြရတာ၊ အဲဒီတုန်းက ကျွန်စနစ်ကလည်း ပပျောက်သေးတာ မဟုတ်ဘူး။ ပြီးတော့ သူတို့တတွေရဲ့ ယုံကြည်သက်ဝင်မှုကလည်း ရှိသေးတယ်။
အခု အသေခံပေးနေကြရတာက ဘုရင်ရူးကြင်စိုးတို့တတွေ အသက် တရက် တမနက် ဆက်ရှည်နိုင်စေဖို့။
ဘယ်လောက်များ ဝမ်းနည်းစရာကောင်းလိုက်သလဲ။ ငရဲကျမယ့်သူတွေနဲ့ရော အတူလိုက်ပါ ဆုံစည်းချင်ကြသေးလား။ ကဲထားပါတော့၊ ဒီယူနီဖောင်းကြီးဝတ်၊ ဒီအလုပ်လုပ်မိတော့လဲ ဆိုပြီး ဖြေတွေး တွေးလိုက်ဦးမယ် ဆိုရင်တောင်မှ၊ ကျွန်ဝယ်ရာ အဆစ်ပါကြတဲ့ ဇနီးမယား၊ သမီးသားတွေကို ထည့်မတွက်ကြတော့ဘူးလား။
ဘယ်တိုင်းပြည်မှာမှ မရှိတဲ့ အလကားပဲတင်းနဲ့ အသေခံခိုင်းတဲ့၊ ရဲမေ ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ဒီအိုကြီးအိုမ စစ်ဗိုလ်ယုတ်တွေရဲ့ အနိုင်ကျင့် ခိုင်းစေတာကို ခေါင်းငုံ့ခံပြီး အသက်ပေးဖို့ ပြင်ဆင်နေကြရရှာတာ။ ကိုယ်ချင်းစာစိတ် နည်းနည်းမှ မရှိဘဲ တဘို့ထဲသာကြည့်တတ်တဲ့ တကိုယ်ကောင်းသမား စစ်မိစ္ဆာ အာဏာရူးတွေကတော့၊ ပွဲလမ်းသဘင်တွေ တနေ့ပြီးတနေ့လုပ်ရင်း အပျော်အပါး မပျက်ကြဘူး။ ကိုယ့်လက်အောက်ငယ်သား မိသားစုတွေ အပူမီးတောက်လောင်နေကြတာကို စာနာရကောင်း မသိဘူး။ဘယ်သူ့ကိုမဆို ထိုးကျွေးရဖို့ ဝန်မလေးကြတဲ့သူ တွေ။
အထပ်ထပ်အခါခါ ပြန်စဉ်းစားကြပါ။ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ကိုယ့်ပိုင်ဆိုင်မှုတွေကို နှိုင်းယှဉ်ကြည့်လိုက်၊ တကယ်ကတော့ နှိုင်းယှဉ်တယ်ဆိုတဲ့ စကားတောင် သုံးဖို့ မသင့်တော်အောင်၊ နှိုင်းကြည့်လို့ လုံးဝမရတဲ့ အခြေအနေ။ စကားလုံးကြမ်းကြမ်း၊ စကားလုံးရင့်ရင့်ပြောမှ ပိုမှတ်မိတတ်လို့ ပြောရပါဦးမယ်။
လူစိတ်ပျောက်နေတဲ့ စစ်ရာဇဝတ်ကောင် စစ်ခေါင်းဆောင်သမီးရဲ့ အတွင်းခံတထည်၊ ဖိနပ်တရန်၊ လက်ကိုင်အိတ် တလုံးတို့ရဲ့ တန်ဖိုးတွေကို ပေါင်းလိုက်ရင် ကိုယ့်ကလေးတယောက်ရဲ့ တသက်စာပညာရေး အသုံးစရိတ်ထက် ပိုကုန်ကျတယ်ဆိုတာကို သတိပြုကြစေချင်တယ်။
သူတို့အိမ်က အိမ်မွေးတိရိစ္ဆာန်တကောင်ရဲ့ အစာတန်ဖိုးနဲ့ ကိုယ်ရတဲ့ ရိက္ခာရော ယှဉ်လို့ရပါ့မလား။
အသက်တခု ရွေးရမယ် ဆိုရင် အဲဒီအိမ်မွေးတိရစ္ဆာန်ကိုပဲ ရွေးပြီး၊ ကိုယ့်တပ်သားတွေကျ ကျီးနားနား ခွေးစားစား ပစ်ထား လိုက်ကြမယ့် စစ်ဗိုလ်ယုတ်တွေ။
လူမသေခင် နာမည်သေကုန်ကြပြီဖြစ်တဲ့ ဒီလူယုတ်မာ အိုကြီးအိုမ တသိုက်အတွက် တမိသားစုလုံး ကျွန်ခံ၊ ဘဝပျက်၊ အသက်ပေးနေကြရတာ တန်ပါရဲ့လား။ ထပ်မေးပါဦးမယ် တန်ပါရဲ့လား၊ တန်တယ်လို့ ထင်နေလား။ ဒါက ကံ စီမံရာလို့ပဲ ဆိုပြီးလွှဲချစရာ မဟုတ်ဘူး၊ လူသားချင်းစာနာမှု ကင်းမဲ့တဲ့ ယုတ်မာသူတသိုက်က စနစ်တကျ ကျွန်ဇာတ်သွင်းနေကြတာပဲ ဖြစ်တယ်။
နွေဦးတော်လှန်ရေးသာ ဖြစ်မလာခဲ့ရင် တခြားရွေးစရာ မရှိဘဲ၊ ထားရာနေ စေရာသွားကြပြီး ဒီလိုပဲ ဘဝကို ဖြတ်သန်းနေကြရမှာပါ။
အခုတော့ နွေဦးတော်လှန်ရေးကြောင့် တော်လှန်ရေးဘက်ခြမ်းက ပြည်သူတွေဘက် ကူးပြောင်းလိုက်ကြတာနဲ့ ဘဝဟောင်းကိုချန်၊ ကျွန်အဖြစ်က လွတ်မြောက်တဲ့ ဘဝသစ်ကို ပြန်စကြဖို့ အခွင့်အရေး ပေါ် လာခဲ့ပါပြီ။ စဉ်းစားနိုင်ဖို့ တခုထပ်ပြောဦးမယ်။
ကိုယ့်ရဲ့ စစ်မှုထမ်းသက်တလျှောက် အပေါ်ကပဲ ကောင်းစားပြီး အောက်ခြေက ပြားသထက် ပြားနေရတာကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ကြရမှာပါ။ အဲဒီအပေါ်က ဆိုသူတွေကပဲ ကိုယ်နဲ့ ကိုယ့်မိသားစုအပေါ် နိုင့်ထက်စီးနင်း အနိုင်ကျင့်နှိပ်စက်ကြတာ၊ တခါထက်မကလည်း ခံစားခဲ့ကြရဖူးမှာပါ။ ဘယ်သူမဆို မတတ်သာလို့သာ ခေါင်းငုံ့နေခဲ့ကြရမယ်၊ အဲဒီလို မတရားမှုတွေ ကြုံရတိုင်း ပြန်လက်စားချေချင်စိတ်တွေ တဖွားဖွား ပေါ်ခဲ့ကြဖူးမှာပါ။
အခုတော့ အဲဒီလို အနိုင်ကျင့်ဗိုလ်ကျနှိပ်စက် ခွဲခြားဆက်ဆံကြခဲ့တဲ့သူတွေကို လှလှပပကြီး လက်စားပြန်ချေနိုင်ဖို့ အခွင့်အရေး ရှိလာပါပြီ။ အဲဒါကတော့ အသက်အသေမခံတော့ဘဲ ပြည်သူတွေနဲ့ အမှန်တရားတရားဘက်ကို ရဲရဲဝံ့ဝံ့ ကူးပြောင်းလာခဲ့ခြင်းပါပဲ။
ဒီလို လုပ်ဆောင်လိုက်ခြင်းဟာ အနိုင်ကျင့် ဗိုလ်ကျခဲ့ကြသူတွေ ဆက်သက်ဆိုး မရှည်နိုင်အောင် လက်တုံ့ပြန်လိုက်တာ ဖြစ်သလို၊ လူ့အသိုင်းအဝိုင်းကြားမှာ မျက်နှာငယ်နေရရှာတဲ့ တမိသားစုလုံးရဲ့ ပုံရိပ်ကို ပြန်ဆေးကြော မြှင့်တင်ပေးရာလည်း ရောက်တယ်။ ပြည်သူ့ကျိန်စာနဲ့လည်းလွတ်၊ ပြည်သူ့ အမုန်းတရားနဲ့လည်း ကင်းဝေးစေပါတယ်။
ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ရတဲ့နည်းနဲ့ ပြည်သူတွေဆီ ကူးပြောင်းလိုက်တာနဲ့ အသက်ရှင်သန်ခွင့်က လုံးဝသေချာသွားပြီ။ ကြိုတင်အဆက်အသွယ် လုပ်နိုင်ရင် လုပ်ထား၊ အဲဒီလိုမှ အခြေအနေမပေးခဲ့ရင်လည်းရှေ့တန်းရောက်မှ ထွက်ပြေးကြ၊ အလံဖြူပြကြ၊ လက်နက်ချကြ။
ဖာရိုဘုရင်တွေထက် ဆိုးယုတ်တဲ့ ဖာဗိုလ်ကြင်စိုးတို့အုပ်စုရဲ့ ဖက်ဆစ် စစ်တပ်ကို စွန့်ခွာလိုက်ခြင်းက အကောင်းဆုံး၊ အထိရောက်ဆုံးနဲ့ အချိုမြိန်ဆုံး လက်စားချေခြင်းပဲ ဖြစ်ပါလိမ့်မယ်။ လူစိတ်ပျောက်နေတဲ့ အိုကြီးအိုမ ဗိုလ်ယုတ် စစ်ရာဇဝတ်ကောင်အုပ်စုကို လက်စားချေ သင်ခန်းစာပေးဖို့၊ ပြတ် ပြတ်သားသား ဆုံးဖြတ်ကြရမယ့်အချိန် ရောက်လို့လာပါပြီ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar