တာပလု - ပန်းရောင် ဂျာနယ်လစ်ဇင်ရဲ့ အချက်ပေးသံ
တာပလု - ပန်းရောင် ဂျာနယ်လစ်ဇင်ရဲ့ အချက်ပေးသံ
မိုးမခ ၊ စက်တင်ဘာ ၅ ၊ ၂၀၂၆
ဒီကနေ့ မီဒီယာလောကထဲကို ငေးကြည့်လိုက်ရင် ကျနော်တို့ သမိုင်းမှာ မကြုံဖူးသေးတဲ့ နည်းပညာ စိန်ခေါ်မှုကြီးတခုနဲ့ တိုက်ရိုက် ရင်ဆိုင်နေရတာကို တွေ့ရပါလိမ့်မယ်။
သီအိုရီ အယူအဆတွေကို ချပြခဲ့တဲ့ ကနေဒါနိုင်ငံသား မီဒီယာ ဒဿနပညာရှင် မာရှယ် မက်ကလူဟန် (Marshall McLuhan) ပြောခဲ့ဖူးတဲ့ “မီဒီယာသည်ပင် သတင်းစကားဖြစ်သည်” (Medium is the Message) ဆိုတဲ့ စကားကို အားလုံးလည်း ကြားဖူးကြမှာပါ။
ဒီစကားရဲ့ အဓိပ္ပာယ်က အရမ်းနက်ရှိုင်းပါတယ်။ သတင်းထုတ်လုပ်တဲ့ ကိရိယာတွေ ပြောင်းလဲသွားတဲ့အခါ လူထုရဲ့ သတင်းအချက်အလက် ရယူပုံ သာမကဘဲ၊ ဒီမိုကရေစီ အဆောက်အအုံတခုလုံးပါ လှုပ်ခါသွားလေ့ ရှိတာကြောင့်ပါ။
မက်ကလူဟန်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ လောက်ကတည်းက အင်တာနက်နဲ့ ဒီဂျစ်တယ်ခေတ် ဖြစ်ပေါ်လာမယ်ဆိုတာကို “ကမ္ဘာ့ရွာကြီး” (Global Village) ဆိုတဲ့ စကားလုံးနဲ့ ကြိုတင် ဟောကိန်းထုတ်ခဲ့သူ ဖြစ်ပါတယ်။
သူ ပြောခဲ့သလိုပါပဲ၊ ကိရိယာ သို့မဟုတ် နည်းပညာ ပြောင်းလဲမှုဟာ သတင်းအချက်အလက်ထက် လူ့အဖွဲ့အစည်းရဲ့ အပြုအမူ၊ တွေးခေါ်ပုံနဲ့ ယှဉ်ကျေးမှုကို ပိုပြီး နက်ရှိုင်းစွာ ပြောင်းလဲပစ်နိုင်ပါတယ်။
ဒီနေ့ခေတ် Generative AI နည်းပညာတွေဟာ သတင်းခန်းတွေထဲကို ဒလဟော စိမ့်ဝင်လာနေပါပြီ။ သတင်းအကြမ်း ရေးသားတာ၊ ဒေတာတွေ ထုတ်တာ၊ ဘာသာပြန်တာနဲ့ ခေါင်းစဉ်တပ်တာတွေမှာ AI ဟာ တကယ်ကို အသုံးဝင်တဲ့ လက်ထောက်တယောက် ဖြစ်လာတာ ငြင်းလို့မရပါဘူး။
၂၀၂၆ ခုနှစ် ဇူလိုင်လ နောက်ဆုံးအပတ်နဲ့ ဩဂုတ်လ ပထမအပတ်က Mizzima Media Training Institute ကနေ ပြုလုပ်ခဲ့တဲ့ ‘The Future of News: Adapting to AI, Digital Trends, and Fact-Checking’ သင်တန်းမှာ သင်တန်းဆရာအဖြစ် သင်ကြားပေးခဲ့သူ သတင်းစာဆရာ ဆရာဦးအောင်နိုင် က မီဒီယာလောကရဲ့ လက်ရှိအခြေအနေကို ခုလို သုံးသပ်ပြထားပါတယ်။
“ဒီနေ့ ကျနော်တို့ မီဒီယာလောကမှာ AI ရဲ့ အခန်းကဏ္ဍက ဘယ်လောက်အထိ နေရာယူ လွှမ်းမိုးလာနေပြီလဲဆိုတာ အားလုံးလည်း ကိုယ်တိုင် ကြုံတွေ့နေကြရမှာပါ။ အခုဆိုရင် AI ဟာ သာမန် နည်းပညာ တခုမဟုတ်တော့ဘဲ သတင်းထောက်တွေ၊ အယ်ဒီတာတွေနဲ့ မီဒီယာသမားတွေရဲ့ နေ့စဉ် လုပ်ငန်းစဉ်တွေထဲမှာ တော်တော်လေးကို တွင်ကျယ်စွာ နေရာယူလာနေပါပြီ။ ဘာသာပြန်တဲ့နေရာတွေမှာပဲ ဖြစ်ဖြစ်၊ အသံဖိုင်တွေကို စာသားအဖြစ် ပြန်ပြောင်းတာ (Audio to Text) တွေမှာပဲဖြစ်ဖြစ် AI ကို သုံးပြီး အချိန်တိုအတွင်း မြန်မြန်ဆန်ဆန် လုပ်ဆောင်လာနိုင်ကြပါပြီ”
ဆရာဦးအောင်နိုင်က ဆက်လက်ပြီးတော့လည်း “ဒါတင်မကသေးပါဘူး။ သတင်းအချက်အလက်တွေ ရှာဖွေရတာ၊ သတင်းအိုင်ဒီယာ (News Ideas)တွေ ရှာဖွေ ဖော်ထုတ်တာ၊ နောက်ပြီး သတင်းထုတ်လုပ်ရေးနဲ့ ပလပ်ဖောင်းအသီးသီးကို ဖြန့်ဖြူးရေး (Production and Distribution) ကိစ္စအတော်များများမှာပါ AI ကို အကူအညီယူပြီး ထိရောက်စွာ အသုံးပြုနေကြတာကို တွေ့ရမှာပါ။ အထူးသဖြင့် တည်းဖြတ်ရေး (Editing) လုပ်ငန်းစဉ်တွေမှာလည်း AI ဟာ မီဒီယာသမားတွေအတွက် အင်မတန် အသုံးဝင်တဲ့ အထောက်အကူပြု ကိရိယာတခုအဖြစ် ရှေ့ဆက်ပြီး ပိုမိုကျယ်ပြန့်စွာ နေရာယူလာတော့မှာ ဖြစ်ပါတယ်”
ဒီသင်တန်းကို တက်ရောက်ခဲ့ကြတဲ့ လက်တွေ့ကွင်းဆင်း သတင်းထောက်တွေအတွက်လည်း AI ဟာ သတင်းခန်းရဲ့ အခွင့်အလမ်းအသစ်တွေကို ဖွင့်လှစ်ပေးခဲ့ပါတယ်။
“အေအိုင်ကို ထိရောက်စွာ အသုံးပြုနိုင်ဖို့ဆိုရင် ပရော့မ် (Prompt)ကို အကြိမ်ကြိမ် မေးပေးဖို့ လိုအပ်တယ်။ ဒီလို ထပ်ခါထပ်ခါ မေးမြန်းမှ ကိုယ်လိုချင်တဲ့ အနီးစပ်ဆုံး အဖြေမှန်ကို ရရှိနိုင်မှာကို သိလာရတယ်။ ဒါ့အပြင် မိမိခိုင်းစေလိုတဲ့ အကြောင်းအရာအတိုင်း အေအိုင်က လုပ်ဆောင်ပေးနိုင်ဖို့အတွက် အဆင့်အတန်း(role)တိကျစွာ သတ်မှတ်ပေးရပုံကိုပါ သိရှိလာခဲ့ရပါတယ်”လို့ နှစ်ပတ်တာ သင်တန်းအတွေ့အကြုံနဲ့ ပတ်သက်ပြီး MPA သတင်းဌာနက သတင်းထောက် ကိုထက်စိုးလင်း က ပြောပြပါတယ်။
အလားတူပဲ Mizzima သတင်းဌာနက စစ်မြေပြင်သတင်းထောက် ထွန်းထွန်းကျော်စိုး ကလည်း သူ ရရှိလိုက်တဲ့ အတွေ့အကြုံကို အရိုးရှင်းဆုံး စကားလုံးတွေနဲ့ မှတ်ချက်ပြုခဲ့ပါတယ်။
“AI က ဘာလဲဆိုတာ ပိုသေချာ သိသွားတယ်။ နောက်ပြီး ဘေးနားမှာ စာကြည့်တိုက်တခု အမြဲရှိနေသလို ခံစားရပါတယ်။”
ဒါပေမဲ့ အကြွေစေ့တိုင်းမှာ ခေါင်းနဲ့ပန်း ပါစမြဲပါ။ AI ကို မဆင်မခြင် သုံးစွဲမိရင်၊ အယ်ဒီတာအဖွဲ့ရဲ့ တည်းဖြတ်စိစစ်မှုတွေ ကင်းမဲ့သွားရင်နဲ့ စီးပွားရေး အမြတ်အစွန်း တခုတည်းကိုပဲ ကြည့်လိုက်ရင် “ပန်းရောင် ဂျာနယ်လစ်ဇင်” (Pink-slime Journalism) ဆိုတဲ့ သတင်းအမှိုက်တွေ လူမှုအဖွဲ့အစည်းအတွင်း ပေါများလာတော့မှာ ဖြစ်ပါတယ်။
Pink Slime ရဲ့ မူလအဓိပ္ပာယ်က အမဲသားကြိတ်ဖတ်ထဲမှာ အရည်အသွေးနိမ့် တိရစ္ဆာန်အသားစတွေကို ဓာတုဆေးရောပြီး အသားတုအဖြစ် စီးပွားရှာ ရောင်းချတာကို တင်စားခေါ်ဝေါ်တာပါ။
မြေပြင်ကွင်းဆင်းမှု မရှိ၊ စိစစ်မှု မရှိဘဲ အလိုအလျောက်စနစ် (Automation) နဲ့ အစုလိုက်အပြုံလိုက် ထုတ်လုပ်ထားတဲ့ အရည်အသွေးမဲ့ သတင်းတုတွေကို ဆိုလိုတာ ဖြစ်ပါတယ်။
၂၀၁၀ နောက်ပိုင်းမှာ အမေရိကန်က ဒေသခံသတင်းစာတွေ စီးပွားရေးကျဆင်းလာတော့ နိုင်ငံရေးနဲ့ စီးပွားရေးအုပ်စုတွေက နည်းလမ်းသစ်တစ်ခု သုံးလာကြတယ်။
သူတို့က 'ဒေသခံသတင်းစာ' ဆိုပြီး နာမည်တု ဝက်ဘ်ဆိုက် ရာနဲ့ချီထောင်လိုက်ကြတာ။ ပြီးတော့ Algorithm တွေကိုသုံးပြီး အဆင်မပြေတဲ့ အရည်အသွေးနိမ့်သတင်းတွေကို အရေအတွက်အများကြီး နေ့တိုင်းတင်ကြတယ်။
အခု Generative AI ခေတ်ရောက်လာတော့ ဒီ Pink Slime လို့ခေါ်တဲ့ သတင်းတု၊ သတင်းညံ့ပြဿနာက ပိုပြီးတော့တောင် မြန်မြန်ဆန်ဆန် ကြီးထွားလာနေပြီ။
AI ရဲ့ အဓိက အားနည်းချက်ကတော့ မရှိတာကို ရှိတယ်လို့ စိတ်ကူးယဉ် တီထွင်ဖန်တီးလိုက်တဲ့ Hallucination ပြဿနာပဲ ဖြစ်ပါတယ်။ AI ဟာ ဘာသာစကား ပုံစံကိုပဲ သင်္ချာနည်းအရ တွက်ချက်တာဖြစ်ပြီး၊ အမှန်တရား (Truth)ကို မအာမခံနိုင်ပါဘူး။ သတင်းထောက်နဲ့ အယ်ဒီတာက မစစ်ဆေးဘဲ တင်လိုက်ရင် သတင်းအမှားတွေဟာ တောမီးလို ပျံ့နှံ့သွားပါလိမ့်မယ်။
ဂျာနယ်လစ်ဇင်ရဲ့ အသက်ဟာ မြေပြင်ဆင်းခြင်း၊ သတင်းရင်းမြစ်နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံခြင်း၊ ဒေသခံတွေ၏ ခံစားချက်နှင့် နောက်ခံအကြောင်းအရာ (Context) ကို နက်ရှိုင်းစွာ နားလည်ခြင်းတို့ပဲ ဖြစ်ပါတယ်။
AI ဟာ ဘယ်လောက်ပဲ ထက်မြက်ပါစေ၊ ဒီလို လူသားဆန်တဲ့ သဘာဝနဲ့ အနက်ရှိုင်းဆုံး အချက်အလက်တွေကို ဘယ်တော့မှ ယူပေးနိုင်မှာ မဟုတ်ပါဘူး။ ကုန်ကျစရိတ် လျှော့ချချင်ရုံတခုတည်းနဲ့ သတင်းထောက်တွေကို လျှော့၊ AI နဲ့ တရက်ကို သတင်း ရာပေါင်းများစွာ ထုတ်၊ Clickbait ကြော်ငြာဝင်ငွေပဲ ကြည့်ကြကြေးဆိုရင် မီဒီယာကျင့်ဝတ် အားလုံး ပြိုလဲသွားပါလိမ့်မယ်။
ဒါဟာ ရိုးရိုး သတင်းအရည်အသွေး ကျဆင်းတာတင် မဟုတ်ဘဲ၊ ပြည်သူတွေရဲ့ မီဒီယာအပေါ် ယုံကြည်မှုကို ဖျက်ဆီးပြီး ဒီမိုကရေစီ ကျန်းမာရေးကိုပါ အဆိပ်အတောက် ဖြစ်စေတဲ့အထိ အန္တရာယ်ကြီးမားလှပါတယ်။
AI နည်းပညာဟာ သတင်းခန်းထဲကနေ ဘယ်တော့မှ ထွက်သွားတော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ Pink Journalism လမ်းကြောင်းထဲ မရောက်သွားရအောင် မီဒီယာသမားတိုင်း အောက်ပါ စည်းမျဉ်းတွေကို မဖြစ်မနေ စောင့်ထိန်းကြရပါမယ်။
AI က ဘယ်လောက်ပဲ စာရေးပေးသည်ဖြစ်စေ သတင်းစာဆရာနဲ့ အယ်ဒီတာရဲ့ အဆင့်ဆင့် စိစစ်မှု မပါဘဲ လုံးဝ မထုတ်လွှင့်ဖို့ လိုပါတယ်။
သတင်းရဲ့ မည်သည့် အစိတ်အပိုင်းမှာ AI နည်းပညာကို အကူအညီယူ ထုတ်လုပ်ထားကြောင်း စာဖတ်သူ ပရိသတ်ကို ပွင့်လင်းစွာ အသိပေးရပါမယ်။
AI ကို ရိုးရှင်းတဲ့ ရုံးလုပ်ငန်းဆိုင်ရာ အကူအညီတွေမှာပဲ သုံးပြီး၊ သတင်းထောက်ရဲ့ အချိန်နဲ့ စွမ်းအင်ကို မြေပြင်ကွင်းဆင်းမှု၊ အင်တာဗျူးမှုနဲ့ စုံစမ်းဖော်ထုတ်မှု (Investigative Reporting) တွေမှာပဲ အပြည့်အဝ မြှုပ်နှံရပါမယ်။
AI ဆိုတာ ဓားတချောင်းနဲ့ တူပါတယ်။ ဟင်းချက်တဲ့အခါ အရမ်းအသုံးဝင်သလို၊ လွဲမှားစွာ သုံးမိရင်တော့ မိမိကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်ကို ထိခိုက်စေမဲ့ အန္တရာယ်ရှိပါတယ်။
AI ကို အထိန်းအကွပ်မရှိ လွဲမှားစွာ သုံးစွဲလို့ ထွက်ပေါ်လာမဲ့ “ပန်းရောင် ဂျာနယ်လစ်ဇင်” ဟာ မီဒီယာလောကတခွင်လုံးအတွက် သတိပေးခေါင်းလောင်းသံပါပဲ။
သတင်းစာဆရာတွေရဲ့ မီဒီယာကျင့်ဝတ်၊ အချက်အလက် စိစစ်နိုင်စွမ်းနဲ့ လူသားဆန်တဲ့ စာနာထောက်ထားမှုတွေနဲ့ ထိန်းကျောင်းနိုင်မှသာလျှင် သတင်းစာပညာရဲ့ စစ်မှန်တဲ့ အနှစ်သာရ ရေရှည် တည်တံ့နေမှာ ဖြစ်ပါတယ်။
နည်းပညာဆိုတာ မီဒီယာသမားတွေရဲ့ စိစစ်နိုင်စွမ်းနဲ့ လူသားဆန်မှုကို အစားထိုးဖို့ ပေါ်လာတာ မဟုတ်ဘဲ သတင်းလောကကို မြှင့်တင်ပေးမဲ့ စက်ရုံတခုသာ ဖြစ်ပါတယ်။ AI ကို ဉာဏ်ပါပါ အသုံးချပြီး သတင်းအမှိုက်တွေ ကြားထဲကနေ သမိုင်းဝင် စုံစမ်းဖော်ထုတ်ချက်တွေ၊ မြေပြင်က ပြည်သူတွေရဲ့ ငိုရှိုက်သံတွေကို ပိုမိုကျယ်လောင်အောင် ဖန်တီးပြနိုင်မှသာလျှင် ခေတ်သစ် မီဒီယာသမားတွေရဲ့ တန်ဖိုးဟာ ပိုမိုတောက်ပလာမှာပါ။
နောက်ဆုံးမှာတော့ သတင်းစာပညာရဲ့ အနာဂတ်ဟာ AI ရဲ့ ထက်မြက်မှုအပေါ်မှာ မူတည်နေတာ မဟုတ်ပါဘူး၊ ကျနော်တို့ မီဒီယာသမားတွေရဲ့ ကျင့်ဝတ်ဆိုင်ရာ စိစစ်နိုင်စွမ်း၊ အမှန်တရားပေါ်ထားတဲ့ သစ္စာတရားနဲ့ လူသားဆန်တဲ့ စာနာထောက်ထားမှုတွေပေါ်မှာပဲ သက်ဝင်လှုပ်ရှားနေမှာ ဖြစ်ပါတယ်။
ပန်းရောင်ဂျာနယ်လစ်ဇင်ရဲ့ အဆိပ်အတောက်တွေကို အသိပညာ၊ ကျင့်ဝတ်တံတိုင်းတွေနဲ့ ကာကွယ်ရင်း အနာဂတ် မီဒီယာလောကကို မမှောင်မမည်းရအောင် စောင့်ရှောက်သွားကြဖို့ဟာ ဒီနေ့ခေတ် မီဒီယာသမားတိုင်းရဲ့ မဖြစ်မနေ ထမ်းဆောင်ရမဲ့ သမိုင်းပေးတာဝန်ပဲ ဖြစ်ပါတော့တယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar