Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၂၈)

 

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၂၈)

မိုးမခ ၊ စက်တင်ဘာ ၆ ၊ ၂၀၂၆ 

မအလက လည်ပတ်ကြီးပတ်ထားတဲ့ သူ့ပုံကို ဈေးအိမ်သာတွေမှာ ချိတ်ခိုင်းနေလို့တဲ့။ ဈေးသည်တွေ စိတ်ညစ်နေကြတယ်။ အေးလေ ဒင်းက ချေးပေါက်ဝကို အငမ်းမရ မျက်တောင်မခတ် ကြည့်နေမှာဆိုတော့ ဘယ်သူ စိတ်မညစ်ဘဲ ရှိမလဲ။ ပြီးတော့ အိမ်မှာပါခဲ့တဲ့ဟာတောင် သူ့ကိုယ်ပိုင်ဂြိုဟ်တုအကူအညီနဲ့ စောင့်ကြည့်ပြီး ၂၅ ရာခိုင်နှုန်း ပြန်ကျွေးရမယ် ဆိုတော့ စိတ်ညစ်မယ်ဆို ညစ်ပြီပေါ့။ ပြန်မကျွေးရင် အိမ်မှာ ချေးပါခွင့်လိုင်စင် ရုပ်သိမ်းမတဲ့။ အိမ်သာ ချိပ်ပိတ်မတဲ့။ ဒင်းက သေးတောင် အလွတ်မပေး၊ တစ်ပတ် တစ်ခါ တိုက်ကျွေးရမယ်ဆိုပဲ။ "တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်" ဆိုလား၊ ဆောင်ပုဒ်က။ အေးလေ တိုင်းပြည်အင်အား ချည့်နဲ့မှ ခွေးအင်အား ရှိမှာပေါ့။ အဲ့အတိုင်း လုပ်ရမယ်တဲ့။ ခွေးအာဟာရ မြှင့်တင်ရေး စီမံချက်တဲ့။ သေးပြွတ်တံကိုလည်း သူတို့ပဲကိုင်မတဲ့။ အေးလေ ဘာတတ်နိုင်မလဲ၊ ‌သူ့ခေတ်မှာ သူစားချင်တာ စားမှာပဲ၊ ကျွေးရုံပ။ သူသောက်ချင်တာ သောက်မှာပဲ၊ တိုက်ရုံပ။ ဒီလို လုစားလုသောက်လာတာ အသားကျ အဝါးဝနေတဲ့ကောင်တွေဆိုတော့ ဘာတတ်နိုင်မှာလဲ။ နာမည်တောင် "လုလုလှိုင်" လို့ ခေါ်နေကြပြီ မဟုတ်လား။

ဒါက အီးကိစ္စ။ မီးကိစ္စလည်း ရှိသေးတယ်။ ဦးပိုင်ကုမ္ပဏီထုတ် ဒစ်ဂျစ်တယ် လျှပ်စစ်မီတာတွေ ပြောင်းလဲတပ်ဆင်ရမတဲ့။ တပ်ဖို့လည်း ဖိအားမျိုးစုံ ပေးတာပေါ့။ မပေးလို့ကလည်း မရ၊ ဦးပိုင်ဝင်ငွေကလည်း ခြောက်နှစ်လောက် အခွန်မဆောင်ဘဲ‌နဲ့ အမြတ်သေချာတဲ့အလုပ်တွေချည်း မောင်ပိုင်စီး၊ အဲလေ ဦးပိုင်စီးထားတာတောင် ရခိုင်မှာ စစ်သား‌တွေကျသလိုကို အမြန်နှုန်းနဲ့ ကျနေတာ။ ဦးပိုင်မီတာနဲ့ အစားထိုးဖို့ မအလက ငလမပြီးနောက်၊ အဲအဲ အမိန့်ထုတ်၊ ဟုတ်ပေါင် ဟောင်ပြီးနောက် ဒါတွေလုပ်လာတာ။ ဒီ့နောက်ပိုင်း မအလအမိန့်ထုတ်တာကို ငလမတယ်လို့ ပြောလာကြတာလည်း မှတ်ထားဦးနော်။ အထာမသိ စာမသိနဲ့ ဒစ်လည်တတ်တယ်။ ခု ဦးပိုင်က အပိုင်သေချာတဲ့ ခိုင်ရွှေဝါဆိုပြီး မီတာအလုံးရေ သန်းချီ ထုတ်ထားတယ်။ အိမ်ပေါက်စေ့ တပ်ရမယ်ပေါ့။ စက်ရုံအလုပ်ရုံတွေရောပေါ့လေ။ မအလက ဓာတ်အားပျောက်ဆုံးမှု၊ ဓာတ်အားခိုးယူသုံးစွဲမှုတွေ လျော့နည်းပပျောက်သွားစေရေးလို့ အကြောင်းပြတယ်။ တကယ်တော့ ဓာတ်အားခိုးတာတို့၊ မီတာခမဆောင်ဘဲ ဖရီးကစ်တာတို့ဆိုတာ စစ်ဗိုလ်ချုပ်နဲ့ အနွယ်တော်တွေပဲ လုပ်တာလေ။ တခြားဘယ်လူ ဘယ်ပြည်သူက လုပ်မလဲ။ ခွေးကျင့်ခွေးကြံဆိုတာ ပြည်သူလူထုက လုပ်မလား။ လူထုပါဆိုနေမှ၊ ခွေးထုမှ မဟုတ်တာ။ လတ်တလော တောင်ဥက္ကလာပနဲ့ သင်္ဃန်းကျွန်းက ရပ်ကွက်တချို့က တိုက်ခန်းနဲ့ ကွန်ဒို‌တွေမှာ နဂိုတပ်ထားတဲ့မီတာတွေကို မြို့နယ်လျှပ်စစ်အဖွဲ့က လာဖြုတ်ပြီး ဦးပိုင်ထုတ် မီတာတွေ တပ်ဆင်ရေး ပြန်လည်လျှောက်ထားဖို့ဆိုပြီး ဖိအားပေးလာနေတယ်တဲ့။ နှစ်သိန်းခွဲနဲ့ ချပေးမယ်ပေါ့။ မီးကြိုးဖိုးတွေနဲ့ဆိုရင် ငါးသိန်းလောက် ကျမယ်တဲ့။ တကယ်ကျ ခုနစ်သိန်း၊ ရှစ်သိန်းလည်း ဖြစ်သွားနိုင်တာလေ။ အဲဒီခွင်က NLD အစိုးရလက်ထက်မှာ လုပ်မရခဲ့ဘူး။ ဦးပိုင်ထုတ် EVER မီတာတွေက ဝန်ထမ်းချင်းအတူတူ စစ်တပ်က လစာပိုယူချင်သလို အရည်အသွေးမကောင်းဘဲ ဈေးနှုန်းကြီးမြင့်နေလို့ တစ်နိုင်ငံလုံး Digital လျှပ်စစ်မီတာတွေ အစားထိုးရေးစီမံချက်မှာ အသုံးမပြုဖို့ NLD လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်က ဆုံးဖြတ်ပြီး ဦးပိုင်ကုမ္ပဏီရဲ့ အဆိုပြု တင်ဒါကို ပယ်ချခဲ့ဖူးတယ်။ အဲဒါကြောင့် NLD လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ကို မအလက ငြိုးပြီး သူအာဏာသိမ်းတော့ ထောင်ဒဏ်နှစ်ရှည်ချ၊ အိုးဘိုအကျဉ်းထောင်မှာ ကျန်းမာရေး စောင့်ရှောက်မှု လုံလုံလောက်လောက် မရလို့ ၂၀၂၄ အောက်တိုဘာတုန်းက ကွယ်လွန်သွားတယ်။ အဲဒါ ခုတော့ ဦးပိုင်တွေ ဒူးခိုင်ပြီပေါ့လေ။ ဒူးခိုင်တယ်ဆိုပေမယ့် ငွေရင်းထည့်ထားရတဲ့ စစ်သားတွေကိုတော့ အမြတ်ငွေ သေချာခွဲမပေးဘူး၊ မရေမရာပဲ ပေးတယ်။ တစ်ကျပ်မှ မရင်းရဘဲ မချိတုံချတုံ ညည်းတာလည်း ဦးပိုင်ပဲ ရှိတာ။ သေသွားတဲ့သူဆို ကျန်တဲ့မိသားစုတွေကို ထုတ်မပေးဘဲ ခွေးကျင့် ခွေးကြံ ကြံတာပေါ့။ အေးလေ သေတဲ့သူကလည်း သောင်းသိန်းချီနေမယ့်ဟာ၊ ကြံပြီပေါ့။ ဒီကောင်တွေက မသာပါးစပ်ထဲက ကူးတို့ခတောင် နှိုက်ယူတဲ့ကောင်စားတွေ မဟုတ်လား။ အခု ဘီလူးစတိုင်နဲ့ အရူးကိုင်တဲ့ ဦးပိုင်မှာ ခွေးကျင့်ခွေးကြံ ကိုယ့်အတွက် ဖန်တာတွေနဲ့ အမဲရိုးလုရင်း ခွေးချင်းကိုက်နေကြတယ် ကြားတယ်။ သူခိုးပေါ် သူဝှက်လုသလိုဆိုတော့ မအလက တင်းပြီး ဖမ်းခိုင်းတာလေ။ အေးလေ ဘယ်မုဒိမ်းသမားမှ ကိုယ့်ဖျင်ရိုးတာ ခံချင်ပါ့မလဲ။ ခွေးပုက "နွားပု မဟုတ်ဘူး" ဆိုပြီး တဝုတ်ဝုတ် ဟောင်‌ပြတာပေါ့။ ဟိုဗိုလ်ချုပ်တွေကလည်း ခွေးဝဲစားအချင်းချင်း တစ်တုံးပိုအစားမခံနိုင်ဘူးဆိုတဲ့ အထာနဲ့ နွှာတာပေါ့။ သူတောင်းစားတွေ ခွက်ဇောင်းခုတ်နေကြတာ။

အင်း၊ ခွေးဆိုတော့လည်း ခွေးအလုပ်လုပ်၊ ခွေးအကျင့်ကျင့်တာပေါ့လေ။ ခု ခွေးအလုပ်တွေထဲက အဓိက ပဓာန မိန်းအလုပ်က ပစလောင်း ပြန်ပေးဆွဲတာပဲ။ ပစလောင်းတွေကလည်း အရှောင်အတိမ်း ဂျက်ဆီဂျိမ်းတွေဆိုတော့ ပစတွေ လိုသလောက်မရလို့၊ ရပြီးသား ပစတွေ အလံဖြူထောင်ကြလို့၊ ပစတွေက မအလရဲ့ အာကာသကို ကျောခိုင်းပြီး ဂြိုဟ်တုပေါ်က ဗိုလ်တုကို ပုဆိုးလှန်ပြလို့၊ ပစတွေထွက်ပြေး လက်နက်ချလို့နဲ့ တလို့ပြီးတလို့ လို့နေတော့ မအလက ငလမဖြစ်၊ ငလမက မအလဖြစ်၊ မအလက မအလဖြစ်၊ ငလမက ငလမဖြစ်နေကြတာနဲ့ ခွေးဗိုလ်ချုပ်တွေ ဂျိုကုတ်နေကြသတဲ့။

ရဲဝင်းဦး ဆိုတဲ့ကောင်က လူမှုကွန်ရက် ပလက်ဖောင်းမျိုးစုံကနေ သတင်းတု၊ သတင်းအမှားတွေ ဖတ်မိပြီး စိတ်အလိုလိုက်ကာ လူငယ်တွေ လမ်းမှားဘဝ ပျက်ရတယ်လို့ ဟောင်တယ်။ အဲဒါကြောင့်မို့ လူငယ်တွေကို အတင်းအဓမ္မ ပြန်ပေးဆွဲပြီး လမ်းမှန်ပို့နေရတယ်လို့ အူတာပလေ။ "ကျုပ်တို့ ပြန်ပေးဆွဲနေတာ ခင်ဗျားတို့သားတွေ ကောင်းစားဖို့ပါ" လို့ မဲနှိုက်ပေးနေရတဲ့ အမေတွေကို သွားပြောရင်တော့ ပါးချည်းချလွှတ်မှာ။ ဘယ်မှာပြောတုန်းဆိုတော့ နေပူတော်မှာ။ ဘယ်သူတွေကို ပြောတုန်းဆိုတော့ ထူးချွန်စစ်သား သားသမီးတွေကိုတဲ့။ ထူးချွန်စစ်သား ဆိုတာ သိလား။ ကျဆုံးတွေလေ။ ဖတဆိုးနဲ့ မုဆိုးမတွေကို ပြောတယ် ထားပါတော့။ ရည်ရွယ်ချက်က မင်းတို့ ကြီးလာရင် နင်တို့သားတွေ ကြီးလာရင် စစ်ထဲ ထည့်ဖို့ပဲလေ။ ဖအေ့ခြေရာနင်းပြီး ဆက်အသေခံပေးဖို့ပေါ့။ သူ့ဆရာ မအလက လူငယ်တွေ စာမတတ်၊ ပညာမတတ်လို့ အညာဒေသမှာ လက်နက်ကိုင်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာလို့ ဟောင်သလိုပေါ့၊ ဗားရှင်းပြောင်းဟောင်တာလေ။ မအလတို့ ခွေးတသိုက်က "စစ်မှုထမ်းနှစ်နှစ်လုပ်ပြီးရင် နိုင်ငံခြားထွက်အလုပ်လုပ်လို့ရပြီ" လို့ အူတုန်းကအူပြီး ခု နှစ်နှစ်ပြည့်လို့ နိုင်ငံခြားထွက်မယ် ဆိုတော့ "လူငယ်တွေ နိုင်ငံခြားသွား အလုပ်လုပ်ကိုင်နေကြတာဟာ နိုင်ငံတော်အတွက် အလွန်နစ်နာတယ်။ နိုင်ငံရဲ့ လူသားအရင်းအမြစ်တွေ ဆုံးရှုံးနေရတယ်" လို့ ဟောင်ပြန်ရော။ အဲဒီလိုသာ ဟောင်နေတာရယ်၊ လုပ်ခထဲက ၂၅ ရာခိုင်နှုန်းကို နိုင်ငံတော်ငွေလဲနှုန်း မတောက်တခေါက်နဲ့ ပြန်မပို့ရင် အရေးယူမယ်ဆိုပြီးလည်း ကိုက်ပြန်ရော။ ကိုက်လိုက်၊ အူလိုက်၊ အီလိုက်၊ ဟောင်လိုက်၊ ဂျပေါင်တကုနဲ့ကို ရှုပ်နေတာ။ ရဲဝင်းအူပါ ဝင်အူတော့ ပိုရှုပ်ရော။ သူတို့နှစ်ကောင်ကလည်း အအူပြိုင်၊ အဟောင်ပြိုင်၊ အကိုက်ပြိုင်၊ အဆွဲပြိုင်တွေလေ။ မင်းလက်ထက် ထက် ငါ့လက်ထက်က ပိုသေတယ်ပါ ပြိုင်ကြသေးတာ။ ဘယ်တပ်မှ မုန့်ဟင်းခါးပြတ်တယ်ဆိုတာ မရှိ။

မအလက ‌ပစတင်မက ဒလပါ အငမ်းမရ လိုနေတာလေ။ ဒလ ဆိုတာ ဒေါ်လာကို ပြောတာ။ ပစလိုတာက အရပ်ထဲဆွဲလို့ ရနိုင်သေးပေမဲ့ ဒလကျ အရပ်ထဲ မရှိတော့ဘူး။ တပ်ထဲက ဗိုလ်ချုပ်ကြီးတွေနဲ့ တပ်ပြင်က ဗိုလ်ပြုတ်ကြီးတွေဆီပဲ ရှိတာမဟုတ်လား။ အဲဒါ ခု နေဝင်းအုပ်စုတွေဆီက စနှိုက်နေပြီ။ သိမ်းထားတဲ့ အိမ်တွေ၊ ဝင်းတွေ စရောင်းနေပြီ။ အဲဒီတော့ ငှက်သိုက် မြွေဝင်သလို ဖြစ်နေကြပြီ။ ဟိုနေဝင်းမြေး ခွေးသုံးကောင် ဖွန်‌ဟောင်ပြီး တော်သလင်းဇာတ်ခင်းဖို့ မလွယ်တော့။ အဲဒီဘူတားဘိုးအေကြီးတွေ အုပ်စုပြီးရင် သန်းရွှေအုပ်စု အလှည့်ပေါ့။

ရွေးတုနဲ့ ဂွေးအု ဖြစ်လာတဲ့ ခွေးပု နှစ်တလက်မကောင် ညောင်တုန်းသွားကာမှပဲ တာက ထပ်ပြိုသတဲ့၊ မြေမျိုမလို့လား မသိဘူး။ သူ့ကို ဒေသခံတွေက မလာစေချင်ကြဘူး။ သူ နင်းခဲ့တဲ့မြေက လူတွေဒုက္ခတော့ ရေအောက်မြေအောက် ပျောက်သွားတဲ့ နီပေါတစ်ခုသာကြည့်။ ခုလည်း သူနင်းတဲ့မြေ လိုက်ပြိုနေပြီဆိုရမယ်။ တာပြိုတော့ တိုပြာပြီလို့လည်း ပြောကြတယ်။ တိုက "ဘုတို၊ ဘိုတု" လေ။ စစ်တပ်က စစ်သားကုန်အောင်၊ စစ်ဗိုလ်ကုန်အောင်၊ စစ်လက်နက်ပစ္စည်း ကုန်အောင်၊ စစ်တိုင်းကုန်အောင်၊ စစ်သားဆို ရွံသွားအောင် လုပ်လို့ တပ်ထဲက သူ့ကို "ဘိုတု" လို့ ခေါ်သတဲ့။ ဒါမျိုးက ဗိုလ်အစစ်ဆို ဘယ်သူမှ မလုပ်ဘူးပေါ့လေ။ တာပြိုတော့ တိုပြာပြီဆိုတာ အဲဒီဘိုတု ပြာပြီပြောတာ။ ကြည့်လေ ရှစ်တန်း၊ ကိုးတန်းကျောင်းသားတောင် မြို့ပေါ်ရပ်ကွက်ထဲ လိုက်ဆွဲနေရတဲ့ဘဝ။ ရှေ့တန်းမှာ ကျချက်ကလည်း အိတ်ပေါက်နဲ့ဖားကောက်တာထက်သာ။ သူကတော့ ဘယ်သူသေသေ ငတေမာ လုပ်တာကိုး။ သူ တစ်ရက် အသက်ပိုရှင်နေ‌ရနေရ လုပ်တာပေါ့။ ခုတော့ စစ်တပ်က ညောင်တုန်းက ရေတိုက်စားတဲ့ ကမ်းပါးလို တအိအိကို ပြိုနေတော့တာ။ ပစလောင်းတွေ ထင်သလိုဆွဲ၊ ဇာတ်ပွဲနတ်ပွဲတွေ လုပ်ဖုံးဖိလည်း ခဏပဲရ။ ဆင်သေကို ကြွက်‌ရေနဲ့ ဖုံးသလိုပ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

👉 ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား

 


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar