ကမ္ဘာ့နိုင်ငံရေး လားရာနဲ့ မြန်မာ့အရေး
မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၃ မြင်ကွင်း
(မိုးမခ) ၊ စက်တင်ဘာ ၄ ၊ ၂၀၂၆
ကမ္ဘာ့နိုင်ငံရေး လားရာနဲ့ မြန်မာ့အရေး
ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ၄င်းတို့ရဲ့ မဟာမိတ်နိုင်ငံတွေအကြား တင်းမာမှုတွေ၊ အင်အားကြီးနိုင်ငံတွေရဲ့ နယ်မြေချဲ့ထွင်လိုမှု၊ သယံဇာတတွေကို ခြယ်လှယ်ချင်တဲ့ လုပ်ဆောင်မှုတွေနဲ့ ကုန်သွယ်မှု အသာစီးရလိုမှုတွေက စစ်ရေးပဋိပက္ခ၊ စစ်လက်နက်အတွက် ဘတ်ဂျက်တွေ ပိုမိုအသုံးပြုတာ၊ စစ်လက်နက်နည်းပညာ တိုးချဲ့ပြင်ဆင်မှု အုပ်စုဖွဲ့မှု၊ မဟာမိတ်ပြိုကွဲမှု စတဲ့ အဖြစ်အပျက်တွေက ပစ္စုပ္ပန်ကာလရဲ့ ဖြစ်ရပ်တွေ ဖြစ်လာနေပါတယ်။
ဒုတိယကမ္ဘာစစ် ပြီးခါစ နိုင်ငံအချင်းချင်းအကြား ဖြစ်ပွားတဲ့ ပြဿနာတွေ၊ စစ်ပွဲတွေကို ကုလသမဂ္ဂအဖွဲ့ကြီးမှာ ဆွေးနွေးပြီး ဖြေရှင်းကြဖို့ ကမ္ဘာ့ကုလသမဂ္ဂ စတင်ဖွဲ့စည်းပြီး ကမ္ဘာ့နိုင်ငံအားလုံးနီးပါး အဖွဲ့ဝင်အဖြစ် ပါဝင်ကာ ဆယ်စုနှစ်အတန်ကြာ ပြဿနာတွေကို အရှိန်လျော့အောင်၊ ပြေလည်အောင် လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။
သို့ပေမဲ့ ကမ္ဘာ့ကုလသမဂ္ဂဖွဲ့ပြီး နှစ်ပေါင်း ၈၀ ဝန်းကျင်ကြာမြင့်လာချိန်မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံ မဟုတ်တဲ့ နိုင်ငံတွေအကြားက ပြဿနာတွေကိုတောင် ကုလသမဂ္ဂ အနေနဲ့ ဖြေရှင်းဖို့ မစွမ်းဆောင်နိုင်တော့ဘဲ အင်အားကြီးနိုင်ငံတွေနဲ့ ဆက်စပ်တဲ့ ပြဿနာတွေကိုတော့ မဖြေရှင်းပေးနိုင်တဲ့ အနေအထားကို ရောက်နေပြီလို့ ဆိုနိုင်ပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ဖြစ်ပွားတဲ့ ယူကရိန်းကို ရုရှား ကျူးကျော်တိုက်ခိုက်ပြီး အခုချိန်ထိ နှစ်ဖက်ပြင်းထန်စွာ တိုက်ခိုက်နေကြတဲ့ စစ်ပွဲလိုမျိုးကိုလည်း ကုလသမဂ္ဂအနေနဲ့ ကြားဝင်ဖြေရှင်း မပေးနိုင်သလို ယခုနှစ် မတ်လကုန်မှာ ဖြစ်ပွားတဲ့ အစ္စရေးလ်နဲ့ အမေရိကန်တို့က အီရန်နိုင်ငံကို တိုက်ခိုက်ခဲ့ကြတဲ့ စစ်ပွဲနဲ့ အကျိုးဆက်အဖြစ်အပျက်တွေကိုလည်း ကုလသမဂ္ဂအနေနဲ့ ကြားဝင်ဖြေရှင်းပေးနိုင်ခြင်း မရှိပါဘူး။
လက်ရှိအချိန်မှာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကို အင်အားကြီးနိုင်ငံတွေရော အင်အားကြီးမဟုတ်တဲ့နိုင်ငံတွေကပါ ယဥ်ကျေးမှု၊ ကျန်းမာရေး၊ လူသားချင်းစာနာမှု အကူအညီ ကဏ္ဍတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာအေဂျင်စီတခုအဖြစ်သာ မှတ်ယူထားကြတော့တာ ဖြစ်ပါတယ်။ နိုင်ငံအချင်းချင်း အကြားဖြစ်ပွားတဲ့ စစ်ပွဲ၊ ပဋိပက္ခတွေသာမက အချို့သောနိုင်ငံတွေက ပြည်တွင်းစစ်၊ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုလိုမျိုး ပြဿနာရပ်တွေမှာတောင် ကုလသမဂ္ဂရဲ့ ကြားဝင်ဖြေရှင်းမှုကို အရေးမစိုက်ကြတော့တဲ့ အနေအထားမျိုး ဖြစ်ပါတယ်။
စစ်ပွဲတွေ၊ စစ်ရေး နဲ့ စီးပွားရေး အင်အားကြီးနိုင်ငံတွေရဲ့ ကြီးနိုင်ငယ်ညှဉ်း ဗိုလ်ကျမှုတွေကို ကမ္ဘာ့ကုလသမဂ္ဂအနေနဲ့ စိတ်ပူပန်ကြောင်း၊ စိုးရိမ်ကြောင်း သတိပေးချက်တွေ ထုတ်ပြန်ရုံသာ ထုတ်ပြန်နိုင်တဲ့ အနေအထားမျိုးရောက်ရှိနေတာ ဖြစ်ပါတယ်။
၁၉၆၀ ပြည့်နှစ်အစောပိုင်း ကျူးဘားဒုံးလက်နက် အရေးအခင်းလို အင်အားကြီး ၂ နိုင်ငံအကြား စစ်ပွဲဖြစ်နိုင်တဲ့ အထိ နီးကပ်ခဲ့တဲ့ ပဋိပက္ခမျိုးကို ကမ္ဘာ့ကုလသမဂ္ဂက ကြားဝင်ဖြေရှင်းပေးပြီး အောင်မြင်မှုရခဲ့တဲ့ ကာလတွေက အခုအခါမှာ သမိုင်းဖြစ်ရပ်တခု အဖြစ်သာ သိရှိကြတော့တာဖြစ်ပြီး လတ်တလော ဖြစ်ရပ်တွေမှာ ကြားဝင်ဖြေရှင်းပေးဖို့ မစွမ်းသာတော့တဲ့ အခြေအနေရောက်နေပြီ ဖြစ်ပါတယ်။ တနည်းပြောရရင် ရွှေရောင်ခေတ်တွေ အတိတ်မှာ ကျန်ခဲ့ပြီလို့ ဆိုရမဲ့ အနေအထား ဖြစ်ပါတယ်။
အထက်က ရည်ညွှန်းခဲ့တဲ့ ယူကရိန်း-ရုရှားစစ်ပွဲ၊ အီရန်နဲ့ အမေရိကန်+အစ္စရေးလ် စစ်ပွဲ၊ ဂါဇာကမ်းမြောင်က လူမျိုးတုံးသတ်ဖြတ်မှုလို့ အကဲဖြတ်တဲ့ ကလေး၊ အမျိုးသမီးတွေ အပါအဝင် သတ်ဖြတ်ခံနေရတဲ့ အဖြစ်အပျက်တွေကို ကုလသမဂ္ဂက မတားဆီးနိုင် မဖျန်ဖြေနိုင်တာအပြင် မြန်မာပြည်က ပြည်တွင်းစစ်အတွင်း အရပ်သားတွေ သတ်ဖြတ်ခံနေရတဲ့ အဖြစ်အပျက်၊ စစ်ရာဇဝတ်မှုတွေကို မတားဆီးနိုင်တာဟာ အံ့သြစရာမရှိဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
အင်အားကြီးနိုင်ငံတွေ ပါဝင်ပတ်သက်နေတဲ့ စစ်ပွဲတွေ၊ သယံဇာတကို မျက်စိကျပြီး အာဏာရှင်ဖြုတ်ချမဲ့ စစ်ဆင်ရေးတွေကို ကုလသမဂ္ဂကို အရေးမစိုက်ဘဲ နိုင်ငံတနိုင်ငံရဲ့ နယ်နိမိတ်ထဲ ဝင်ရောက်တိုက်ခိုက်တာ၊ အုပ်ချုပ်တဲ့ သမ္မတလိုမျိုးကို ဖမ်းဆီးတာတွေကို အင်အားကြီးနိုင်ငံတွေက စိတ်ထင်တိုင်း လုပ်နေကြတဲ့ ကာလမှာ ဘယ်သူ့ကိုမှ ဖျောင်းဖျ၊ နားချ၊ ဆုံးမနိုင်တဲ့ အနေအထား မရှိတော့တာပါ။
အခု ရေးပြခဲ့တဲ့ အခြေအနေတွေက ပြီးခဲ့တဲ့ ဆယ်စုနှစ်တခု ၂ ခုကစလို့ ယခုနှစ်ပိုင်းအတွင်း ဖြစ်ပွားနေခဲ့တဲ့ ကမ္ဘာ့အခင်းအကျင်းတွေ ဖြစ်ပါတယ်။
ဒီလိုအနေအထားတွေက ၂၀၂၅ အကုန်ကနေ ယခုအချိန်ကာလအကြား ပိုပြီး စစ်အင်အားကို အားကိုးမှု၊ နိုင်ငံတနိုင်ငံရဲ့ အချုပ်အချာအာဏာ လွတ်လပ်မှုကို လေးစားလိုက်နာရမယ်ဆိုတဲ့ နိုင်ငံတကာ စည်းမျဥ်းစည်းကမ်းတွေကို ဂရုမစိုက်တော့တဲ့ အဖြစ်အပျက်တွေ ပိုပြီးမြင်တွေ့လာနေရပါတယ်။ သယံဇာတကို ထုတ်ယူခွင့်ရဖို့ ချုပ်ကိုင်ခွင့်ရဖို့ အချက်အချာကျတဲ့ နယ်မြေတွေကို ထိန်းချုပ်ထားနိုင်ဖို့ ဆယ်စုနှစ်များစွာ မဟာမိတ်ဖြစ်ခဲ့တဲ့ နိုင်ငံကို အနိုင်ကျင့်ဖို့ ဝန်မလေးကြသလို စစ်ရေး၊ စီးပွားရေးနဲ့ နိုင်ငံငယ်တွေ အင်အားကြီးနိုင်ငံမဟုတ်တဲ့ အလယ်အလတ်နိုင်ငံတွေကို ပိတ်ဆို့တာတွေ အကြပ်ကိုင်တာတွေ လုပ်ဆောင်လာနေကြတာပါ။
ဒုတိယကမ္ဘာစစ်ပြီးနောက် အရင်းရှင်စီးပွားရေးစနစ်နဲ့ လစ်ဘရယ် အတွေးအခေါ် ပေါင်းစပ်ထားတဲ့ အနောက်နိုင်ငံတွေရဲ့ စံနှုန်း၊ လိုက်နာရမဲ့ ကျင့်ဝတ်တွေကို အင်အားကြီးနိုင်ငံတွေက ချထားခဲ့ကြပြီး ရန်သူ မိတ်ဆွေ သတ်မှတ်ချက်တွေ ပြန်လည်စိစစ်သတ်မှတ်နေကြရတဲ့ ကာလမျိုးကို ရောက်နေတာပါ။
ကမ္ဘာ့ရွာ၊ တနိုင်ငံနဲ့ တနိုင်ငံ စီးပွားရေးတိုးတက်မှုတွေအတွက် အပြန်အလှန်မှီခိုမှု၊ ကမ္ဘာကြီးရဲ့ သဘာဝပတ်ဝန်းကျင် စုပေါင်းထိန်းသိမ်းစောင့်ရှောက်မှုတွေက ပျောက်ပျက်လုနီးပါး ဖြစ်လာနေကြပါတယ်။ နှစ်ပေါင်းရာနဲ့ချီ ဘယ်လို စစ်ပွဲမှာမှ မပါဝင်ဘဲ ကြားနေနိုင်ငံအဖြစ် နေမယ်လို့ မူချမှတ်ထားတဲ့ နိုင်ငံတွေကိုယ်၌ စစ်လက်နက်ဖြည့်တင်းတာ ပြည်သူလူထု အနေနဲ့ စစ်မှုထမ်းဖို့ အဆင်သင့်ဖြစ်ဖို့ စစ်သင်တန်းပေးတာတွေ လုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။
သူ့ကို ကိုယ် ကြောက် ကိုယ့်ကို သူကြောက် အနေအထားမျိုး၊ ယခင်က မိတ်ဆွေဖြစ်ခဲ့ရာက အခုအခါ ရန်ဘက်သဖွယ် စောင့်ကြည့်နေကြရတဲ့ အခြေအနေမျိုးကို ကမ္ဘာကြီးက ရောက်ရှိနေတယ်လို့ဆိုရင် အလွန်အကျွံပြောရာ မရောက်ပါဘူး။
အခုအခါမှာ ကမ္ဘာ့နိုင်ငံတွေအကြား ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးသက်သက်က ခေတ်မစားတော့ပါဘူး။ ငြိမ်းချမ်းရေးအတွက် စစ်အင်အားရှိမှဆိုတဲ့ အတွေးအခေါ် ကိုယ်က စစ်အင်အား အဘက်ဘက်က တောင့်တင်းနေမှ တဖက်က မတိုက်ခိုက်ရဲဘူးဆိုတဲ့ အယူအဆတွေက ခေတ်စားလာနေတာပါ။ စစ်ရေးအရ မဟာမိတ်ဖွဲ့မှုတွေ အပြန်အလှန်ကာကွယ်ပေးဖို့ သဘောတူညီမှုတွေ အတွက် မိတ်ဖက်ရှာဖွေတာ၊ ရှိပြီးမိတ်ဖက်အနေအထားကို ပြန်လည်စိစစ်တာတွေ လုပ်နေကြတာ ဖြစ်ပါတယ်။
လက်ရှိကာလကို ဘာသာရေးဆန်တဲ့ ရှေးရိုးအယူအဆအရ ပြောရင် ဆုတ်ကပ်လို့ တင်စားကောင်း တင်စားကြမဲ့ သဘောမျိုး ဖြစ်ပါတယ်။ အချို့သောသူတွေက လက်ရှိ ကမ္ဘာ့အခင်းအကျင်းဟာ ဒုတိယကမ္ဘာစစ်မတိုင်ခင် ကာလလို အခင်းအကျင်းမျိုး နိုင်ငံအချို့အနေနဲ့ မိမိတို့ရဲ့ ပိုင်ဆိုင်မှုတွေကို မမျှတဘူးလို့ ခံစားလာကြပြီး အခြားနိုင်ငံတွေက ပိုင်ဆိုင်တဲ့ နယ်မြေ၊ သယံဇာတတွေကို အင်အားသုံး ရယူဖို့ ပြင်ဆင်ကြ၊ စစ်အင်အားဖြည့်တင်းပြင်ဆင်ကြတဲ့ အခြေအနေမျိုးအထိ နှိုင်းယှဥ်အကဲဖြတ်မှုတွေလည်း ရှိနေတာ တွေ့ရပါတယ်။
ဒီလို ကမ္ဘာ့အခင်းအကျင်းတွေ ပြောင်းလဲနေတဲ့ အနေအထားမှာ မြန်မာစစ်အာဏာရှင် အစိုးရအနေနဲ့ ကမ္ဘာ့အခင်းအကျင်းထဲက အင်အားကြီးနိုင်ငံတချို့ကို ချဥ်းကပ် မဟာမိတ်ဖွဲ့ပြီး ၄င်းရဲ့ အာဏာခိုင်မြဲမှုနဲ့ အင်အားကြီးနိုင်ငံရဲ့ မဟာမိတ်ဖြစ်မှုကို အသုံးချဖို့ လုပ်ဆောင်လာပါတယ်။
ဒ့ါအပြင် ဒေသတွင်းနိုင်ငံတွေအကြား မတည်မငြိမ်ဖြစ်ခဲ့ရင် အပြန်အလှန်အားကိုးဖို့ စတဲ့ မျှော်လင့်ချက်၊ ရည်မှန်းချက်တွေနဲ့လည်း ဒေသတွင်း၊ အိမ်နီးချင်းနိုင်ငံတချို့ကို တန်းတူဖြစ်စေ၊ အောက်ကျို့ပြီး ဖြစ်စေ မဟာမိတ်ဖွဲ့ကာ ၄င်းရဲ့ နိုင်ငံတကာ ဆက်ဆံရေးဗျူဟာကို ပြင်ဆင်လုပ်ဆောင်နေခဲ့တာ တွေ့ရပါတယ်။
ကမ္ဘာ့နိုင်ငံတွေအနက် အများအပြားက တရားမျှတမှု၊ ကောင်းမွန်တဲ့ စံနှုန်းဆိုတာတွေထက် မိမိတို့ နိုင်ငံရဲ့ အကျိုးစီးပွားပထမ ဆိုတဲ့ စဥ်းစားမှုနဲ့ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေး မူဝါဒတွေကို ပြင်ဆင်သုံးသပ်လုပ်ဆောင်နေကြချိန်မှာ မြန်မာ့အရေးက နိုင်ငံတကာမှာ ရှေ့ရောက်လာဖို့ အလားအလာ နည်းပါးနေပြီး ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်း ဆုတ်ယုတ်နေတာ၊ ရန်လိုနေတာ၊ စစ်ရေးအင်အားသာလျှင် အမှန်တရား ဖြစ်လာနေတဲ့ အခြေအနေကို မြန်မာ့အရေး လုပ်ဆောင်သူတွေ မြန်မာပြည်သူတွေ အနေနဲ့ သတိပြုမိကြဖို့ အရေးကြီးလှပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
