Breaking News

ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ခြင်းနဲ့ ရာသီဥတုဘေးအန္တရာယ် ခံစားနေကြရတဲ့ နိုင်ငံတွေ

May be an image of text

မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၅ မြင်ကွင်း

(မိုးမခ) ၊ စက်တင်ဘာ ၆ ၊ ၂၀၂၆

 

ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ခြင်းနဲ့ ရာသီဥတုဘေးအန္တရာယ် ခံစားနေကြရတဲ့ နိုင်ငံတွေ

သြဂုတ်လ ၂၆ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ရေခဲတောင်ပြိုကျရာက စုပုံလာတဲ့ ရွှံ့ရေလှိုင်းလုံးတွေ အကြား တိဗက်ဒေသနဲ့ နီပေါလ်နိုင်ငံ နယ်စပ်က လူနေဒေသ၊ နယ်စပ်ဂိတ်စခန်း၊ ဘာသာရေးခရီးသွားဧည့်သည်၊ နိုင်ငံခြားခရီးသွား စတဲ့သူ ထောင်နဲ့ချီ သေဆုံးကာ အခုလက်ရှိအချိန်ထိ ထောင်ဂဏန်းနဲ့ ပျောက်ဆုံးနေဆဲလည်း ဖြစ်ပါတယ်။

ဟိမဝန္တာတောင်တန်းဒေသရဲ့ ရေခဲဖုံးလွှမ်းနေတဲ့တောင်တန်းတွေမှာ အပူချိန်မြင့်တက်လာရာက တောင်တွေပေါ် ဖုံးလွှမ်းနေတဲ့ ရေခဲထု ပျော်ကျရာက တောင်ကြားမြစ်တွေမှာ ရေအိုင်ကြီးတွေအဖြစ် တစတစနဲ့ စုဆောင်းမိလာပြီး အဆိုပါရေအိုင်တွေ ပွင့်ထွက်ကျလာတဲ့အခါ ရေတွေ၊ ရွှံ့ရေတွေ မိနစ်ပိုင်းအတွင်း လျင်မြန်စွာ တောင်ကြားမြစ်တလျှောက် စီးဆင်းတိုက်စားတဲ့ အဖြစ်အပျက်ဖြစ်ပွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို သတင်းဖတ်ရှုသူတွေ အားလုံး သိရှိပြီးဖြစ်ကြပါတယ်။ အခုလက်ရှိ အချိန်ထိ နီပေါလ်နိုင်ငံဘက်မှာ သေဆုံးသူ ၁ ထောင်ကျော်ရဲ့ ရုပ်အလောင်းတွေ အတည်ပြုထားပြီး ဖြစ်သလို ပျောက်ဆုံးသူ ၃၀၀၀ ကျော် ၄၀၀၀ ဝန်းကျင်ရှိတယ်လို့လည်း သတင်းတွေက ဖော်ပြထားကြတာပါ။ တရုတ်နိုင်ငံ တိဗက်ဒေသဘက်အခြမ်းမှာတော့ နီပေါလ်နိုင်ငံဘက်ခြမ်းလောက် သေဆုံးသူ မများပြားသည့်တိုင် ရာဂဏန်းအချို့ ရှိလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

အခုဖြစ်ရပ်ဟာ ရေကြီးမှုကြောင့် ထိခိုက်သေဆုံးမှုအများဆုံးဖြစ်ရပ်တခုအဖြစ် မှတ်တမ်းတင်ရမဲ့ ဘေးအန္တရာယ်ဖြစ်ရပ် တခုလို့လည်း ဆိုကြပါတယ်။

ကမ္ဘာ့ရာသီဥတု ဖောက်ပြန်တာဟာ အကြောင်းရင်းက ဘာကြောင့်လဲလို့ မေးရင် ဖန်လုံအိမ်အကျိုးသက်ရောက်မှုကြောင့် ကမ္ဘာကြီး ပူနွေးလာနေပြီး အပူချိန်မြင့်တက်လာမှုရဲ့ အကျိုးဆက်တွေက ရေကြီးတာ၊ အင်အားပြင်းထန်မုန်တိုင်းတွေ ပိုပြီးဖြစ်ပွားလာတာ၊ အပူရှိန်မြင့်မားမှုနဲ့အတူ တောမီးလောင်ကျွမ်းမှုတွေ မကြာခဏ ဖြစ်ပွားလာတာ စတဲ့ ကွင်းဆက်အကျိုးသက်ရောက်မှုတွေကြောင့် ထိခိုက်ပျက်စီးမှု၊ အသက်ဆုံးရှုံးမှု၊ ကျန်းမာရေး ထိခိုက်စေတဲ့ အဖြစ်အပျက်တွေ ကမ္ဘာ့နေရာ အနှံ့အပြားမှာ ဖြစ်ပွားလာနေတာပါ။

အခု နီပေါလ်-တိဗက် တို့မှာ ရေခဲပြိုကျပြီး ရုတ်တရက်ရေကြီးတဲ့ အဖြစ်အပျက်ဖြစ်ပွားနေချိန် အင်ဒိုနီးရှားနိုင်ငံမှာ တောမီးတွေ အကြီးအကျယ် လောင်ကျွမ်းနေပြီး အိမ်နီးချင်းနိုင်ငံတွေအထိ မီးခိုးငွေ့တွေ ပျံ့နှံ့ကာ ကျန်းမာရေး ထိခိုက်စေတဲ့ အခြေအနေ ဖြစ်နေတာပါ။ အနောက်ဥရောပမှာ နှစ်ပေါင်းများစွာအတွင်း အပူချိန် အမြင့်ဆုံးနဲ့ ကြုံတွေ့နေရသလို မြစ်ရေတွေ ခန်းခြောက်ပြီး ကုန်စည်ပို့ဆောင်ရေးကို ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်နေသလို မကြာသေးတဲ့ သီတင်းပတ်တွေက ပြင်သစ်နိုင်ငံမှာ တောမီးအကြီးအကျယ် လောင်ကျွမ်းတာတွေ ဖြစ်ပွားခဲ့ပါတယ်။ နိုင်ငံအချို့မှာ သုံးရေသိုလှောင်ကန်တွေ ဆိုးရွားစွာ လျော့နည်းလာတာကြောင့် ရေသုံးစွဲမှု ကန့်သတ်ချွေတာရတဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်နေရတာ ဖြစ်ပါတယ်။

ယခုနှစ်လယ်နောက်ပိုင်းကနေ လာမယ့်နှစ် ဖေဖေော်ဝါရီလလောက်ထိ ဂေါ်ဇီလာအယ်နီညိုလို့ ဆိုတဲ့ ပြင်းထန်တဲ့ အပူချိန်မြင့်တက်မှု ဖြစ်စဥ်ဖြစ်ပွားနေပြီး ကမ္ဘာ့ကုလသမဂ္ဂက အရေးပေါ် သတိပေးမှုတွေ ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။ လတ်တလော ကမ္ဘာ့မြောက်ခြမ်းရဲ့ နွေရာသီကာလနဲ့ လာမဲ့လပိုင်းအတွင်း ဝင်ရောက်မဲ့ ဆောင်းဦးနဲ့ ဆောင်းရာသီတွေ အပေါ် ဂေါ်ဇီလာအယ်လ်နီညို အကျိုးသက်ရောက်မှုတွေက သိသာစွာသက်ရောက်မှု ရှိမဲ့သဘောပါ။

ဖန်လုံအိမ် အကျိုးသက်ရောက်မှုကြောင့် ကမ္ဘာကြီး ပူနွေးလာရခြင်း အကြောင်းရင်းက ရုပ်ကြွင်းလောင်စာတွေ အလွန်အကျွံ သုံးစွဲလာကြတာကြောင့်၊ လူတွေရဲ့ လုပ်ဆောင်မှုတွေကြောင့် သစ်တောပြုန်းတီးမှု လျင်မြန်စွာ မြင့်တက်လာကာ သစ်တောတွေက ကာဗွန်ဒိုင်အောက်ဆိုဒ် စုပ်ယူနိုင်စွမ်း လျော့ကျလာတာကြောင့်လို့ သိပ္ပံသဘောအရ ရှင်းလင်းပြောဆိုထားကြပါတယ်။

ဒီနေရာမှာ စက်မှုဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့တို့လို ရုပ်ကြွင်းလောင်စာ သုံးစွဲမှု မြင့်တက်လေလေ၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုများလေလေ ဖြစ်ပြီး ဖန်လုံအိမ် အကျိုးသက်ရောက်မှုဖြစ်ကာ ကမ္ဘာ့အပူချိန် မြင့်တက်လာတာလို့ သိပ္ပံပညာရှင်တွေက ပြောဆိုကြပေမဲ့ လက်သည်နိုင်ငံကြီးတွေက အရေးမထားကြပါဘူး။ ကိုယ့်နိုင်ငံ တနိုင်ငံတည်းက ရုပ်ကြွင်းလောင်စာ သုံးစွဲမှုကို လျှော့ချတာမျိုး လုပ်ဖို့ ဆန္ဒမရှိကြသလို နိုင်ငံတကာပါဝင်တဲ့ နှိုးဆော်တိုက်တွန်းမှုတွေကိုလည်း အရေးမလုပ်ကြတဲ့ လက်သည်နိုင်ငံကြီးတွေ အများအပြားရှိနေတာ တွေ့ရမှာပါ။ ကမ္ဘာကြီး ပူနွေးလာတယ်ဆိုတဲ့ သိပ္ပံနည်းကျ တွေ့ရှိချက်ကို လက်မခံတဲ့ နိုင်ငံကြီးအချို့လည်း ရှိနေကြပြီး နိုင်ငံတခုနဲ့တခု စီးပွားရေးတိုးတက်မှု ပြိုင်ဆိုင်နေကြရာမှာ နောက်ကျကျန်မဲ့အဖြစ် သို့မဟုတ် မိမိတို့က သဘာဝပတ်ဝန်းကျင် အလေးထားတဲ့ မူဝါဒတွေ ပိုလိုက်လာရင် ငွေကုန်ကြေးကျများပြီး စီးပွားရေး တိုးတက်မှု နှေးကွေးသွားလိမ့်မယ်လို့ မှတ်ယူကာ အရေးတယူမလုပ်ကြတာ ခုလက်ရှိကာလအထိ ဖြစ်ပါတယ်။

ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ထုတ်လွှတ်မှုတွေမှာ စီးပွားရေးလုပ်ငန်းတွေအပြင် စစ်ပွဲတွေ ဖြစ်ပွားနေတဲ့အခါ အသုံးပြုကြတဲ့ လက်နက်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ အတွက် တိုက်လေယာဥ်တွေ၊ စစ်ရေယာဥ်တွေ စတာတွေက ထွက်ရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကလည်း ဖန်လုံအိမ်အကျိုးသက်ရောက်မှုကို ပိုမိုမြင့်တက်စေတယ်လို့ ပြောဆိုမှုတွေလည်း ရှိနေတာပါ။ ခုလက်ရှိကာလမှာ ဖြစ်ပွားနေတဲ့ အရှေ့အလယ်ပိုင်းက အမေရိကန်+အစ္စရေးလ်နဲ့ အီရန်တို့အကြား ဖြစ်ပွားတဲ့ စစ်ပွဲ၊ ယူကရိန်း-ရုရှားအကြား စစ်ပွဲတွေက ဖန်လုံအိမ်သက်ရောက်မှုတွေကို တိုးမြင့်စေတယ်လို့ ပြောဆိုတာတွေလည်း ရှိနေပါတယ်။

အခု လတ်တလော နီပေါလ်နိုင်ငံက ဖြစ်ရပ်နဲ့ ပတ်သက်လို့ နီပေါလ်နိုင်ငံခြားရေးဝန်ကြီးက ကမ္ဘာမှာ ဖန်လုံအိမ်ဓာတ်ငွေ့အများဆုံး ထုတ်လုပ်တဲ့ အမေရိကန်၊ တရုတ် နဲ့ အိန္ဒိယနိုင်ငံတို့က အခုထိခိုက်ပျက်စီးမှုတွေအတွက် တာဝန်ရှိတာကြောင့် နီပေါလ်နိုင်ငံကို နစ်နာကြေးပေးသင့်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ လာမဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အဲဒီကိစ္စကို တင်ပြမယ်လို့လည်း ဆိုပါတယ်။

ကမ္ဘာမှာ စစ်ရေး၊ စီးပွားရေးမှာ အင်အားကြီးတဲ့ နိုင်ငံတွေ အနေနဲ့ ကမ္ဘာကြီး ပူနွေးလာတယ်ဆိုတာကို အသိပညာအရ လုံးဝ လက်မခံကြတာမျိုးတော့မဟုတ်ဘဲ၊ မိမိတို့အနေနဲ့ သဘာဝဘေးအန္တရာယ်တွေကို ရင်ဆိုင်နိုင်တဲ့ အင်အားရှိတယ်၊ ပြန်လည်ထူထောင်နိုင်တယ် ဆိုတဲ့ စဥ်းစားမှုတွေနဲ့ စီးပွားရေးတိုးတက်အောင် စစ်ရေးအင်အားကြီးအောင် ငွေကြေးအသုံးစရိတ်တွေ အများအပြားသုံးပြီး လုပ်ဆောင်မယ်လို့ ခံယူထားကြတာ ဖြစ်ပါတယ်။

တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ကမ္ဘာကြီးပေါ်မှာ အေးအတူပူအမျှ နေထိုင်ကြမယ်ဆိုတဲ့ ခံယူမှုမျိုး ပျောက်ဆုံးနေတဲ့ အနေအထားကို ဝမ်းနည်းဖွယ် တွေ့မြင်နေကြရတာပါ။

နီပေါလ်-တိဗက်နယ်စပ်မှာ အခုလို ဘေးအန္တရာယ်တွေ ကျရောက်လို့ ကယ်ဆယ်ရေးတွေ လုပ်နေချိန်၊ ကမ္ဘာ့အချို့ဒေသမှာ တောမီးတွေလောင်ကျွမ်း၊ အပူချိန် မကြုံဖူးလောက်အောင် မြင့်တက်နေချိန်မှာ မြန်မာနိုင်ငံမှာလည်း ရေကြီးတာ၊ တာကျိုးတာတွေ ဟိုနေရာ သည်နေရာမှာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ဧရာဝတီတိုင်း လေးမျက်နှာမြို့ အနီးက တာကျိုးရာက မြို့နယ် ၄ ခုထက်မနည်း ရေကြီးတဲ့ဖြစ်ရပ်က တလကျော်လာချိန်၊ စစ်ကိုင်းတိုင်း သဖန်းဆိပ်ဆည် ရေကျော်ရာက မူးမြစ်ဝှမ်းတလျှောက်က မြို့တွေရွာတွေ ရေကြီးခဲ့ပြီး လက်ရှိအချိန်မှာ သောင်းရင်းမြစ်၊ သံလွင်မြစ်၊ ဇမိမြစ် စီးဆင်းရာ အနီးမှာ ရှိတဲ့ မြဝတီ၊ ဘားအံ၊ ကျိုက်မရောမြို့တွေ ရေကြီးနေသလို ရန်ကုန်တိုင်းက လှည်းကူးနဲ့ ပဲခူးမြို့တွေမှာ ရေကြီးနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ သဘာဝဘေးအန္တရာယ်ကြောင့် အန္တရာယ်ကျရောက်နိုင်ခြေ အများဆုံး ၁၀ နိုင်ငံထဲမှာ ပါဝင်တဲ့နိုင်ငံ ဖြစ်သလို ၅ နှစ်ကျော်ကြာမြင့်လာတဲ့ ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ အခြေအနေမှာ ကူညီ ကယ်ဆယ်မှုတွေကို ခွဲခြားလုပ်ဆောင်တာ၊ ကန့်သတ်ပိတ်ဆို့မှုတွေနဲ့ ပြန်လည်ထူထောင်ရေး ရန်ပုံငွေတွေ မရှိတဲ့အခြေအနေတွေနဲ့လည်း ကြုံတွေ့နေရတဲ့ အနေအထား ဖြစ်ပါတယ်။

ပြင်ပကမ္ဘာမှာတော့ နိုင်ငံတွေရဲ့ နယ်နိမိတ်တွေ၊ သီးခြားအစိုးရတွေ၊ အဆင့်အတန်းကွာဟမှုတွေ ရှိနေကြပေမယ့် သဘာဝဘေးအန္တရာယ်တွေက နိုင်ငံနယ်နိမိတ်တွေ၊ ကွဲပြားတဲ့အစိုးရတွေကို သိရှိကြခြင်း မရှိပါဘူး။ အခုနောက်ဆုံးဖြစ်ရပ်မှာ ရေခဲတောင် ပြိုကျရာက ဖြစ်ပေါ်လာတဲ့ ရုတ်တရက်ရေကြီးမှု ဘေးအန္တရာယ်ဟာ တိဗက်ဒေသနဲ့ နီပေါလ်နိုင်ငံတို့ကို စက္ကန့်ပိုင်းအတွင်း ဖြတ်ကျော်တိုက်ခတ်ခဲ့တာ ဖြစ်ပြီး ထိခိုက်အသက်ဆုံးရှုံးရသူတွေထဲ နီပေါလ်၊ တိဗက်ဒေသကသူတွေသာမက ကမ္ဘာ့အခြားဒေသမှာ နေထိုင်နေကြသူတွေလည်း ကံမကောင်းအကြောင်းမလှစွာ ပါဝင်ခံစားကြရတာ ဖြစ်ပါတယ်။


 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar