မြန်မာနိုင်ငံက လူထုတွေရဲ့ ပခုံးပေါ်က ဝန်ထုပ်ဝန်ပိုး
မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၄ မြင်ကွင်း
(မိုးမခ) ၊ စက်တင်ဘာ ၅ ၊ ၂၀၂၆
မြန်မာနိုင်ငံက လူထုတွေရဲ့ ပခုံးပေါ်က ဝန်ထုပ်ဝန်ပိုး
ခုရက်ပိုင်း သတင်းတွေ ဖတ်ကြည့်တဲ့အခါ ရန်ကုန်မြို့က တရုတ်နိုင်ငံက ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု နဲ့ လုပ်ကိုင်နေတဲ့ Teng Hui အထည်ချုပ်လုပ်ငန်း ရပ်နားမယ်လို့ ကြေညာလိုက်တဲ့ သတင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းကနေ ရှမ်းပြည်တောင်ပိုင်းကို ကုန်စည်သယ်ဆောင်တဲ့ ကားသေး တစီးကို လမ်းခရီးဂိတ်ကြေး ၂၄ သိန်းအထိ ကုန်ကျနေလို့ ကားသမားတွေ ညည်းညူနေကြတဲ့ သတင်း၊ မြစ်ကြီးနား- ရန်ကုန် လေယာဥ်လက်မှတ်တစောင် ကျပ် သိန်း ၂၀ ကနေ ၃၀ အထိပေးဝယ်ကြရတဲ့ သတင်းတွေကို စိတ်မချမ်းသာစွာနဲ့ ဖတ်ရှုရပါတယ်။
ပထမသတင်းအကြောင်းအရာ ဖြစ်တဲ့ ရန်ကုန်မြို့ လှိုင်သာယာမှာ လုပ်ကိုင်နေတဲ့ Teng Hui အမည်ရှိတဲ့ အထည်ချုပ်လုပ်ငန်း ရပ်နားတော့မယ့်အကြောင်း ဝန်ထမ်းတွေကို အလုပ်ရှင်ဘက်က အသိပေးလိုက်တယ်လို့ ဆိုပါတယ်။ ဒီအထည်ချုပ်လုပ်ငန်းရဲ့ ပင်မ မှာယူတဲ့ H&M လို့အမည်ရတဲ့ ဆွီဒင်နိုင်ငံအခြေစိုက် အဝတ်အထည်ဖက်ရှင်ကုမ္ပဏီက ကုန်အမှာစာမရတော့တာကြောင့် ပိတ်သိမ်းဖို့ ဆုံးဖြတ်လိုက်ရတာလို့ ဆိုပါတယ်။ လှိုင်သာယာမြို့နယ်မှာ စက်ရုံ ၅ ရုံလောက်နဲ့ လည်ပတ်နေတဲ့ ဒီအထည်ချုပ်လုပ်ငန်းဟာ အလုပ်သမား ၃၀၀၀ လောက်ကို ငှားရမ်းအလုပ်ပေးထားတဲ့ လုပ်ငန်းဖြစ်လို့ အထည်ချုပ်အလုပ်သမား ၃ ထောင်လောက် အလုပ်အကိုင် ဆုံးရှုံးရမယ့် သဘောဖြစ်ပါတယ်။
အထည်ချုပ်လုပ်ငန်း ပိတ်သိမ်းရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ H&M ကုမ္ပဏီဘက်က ကုန်အမှာ မလာတော့တာကြောင့်လို့ ဖေါ်ပြထားပြီး H&M အနေနဲ့ မြန်မာနိုင်ငံထဲက အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ကို အကြောင်းခံပြီး နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်တို့လို အဖွဲ့အစည်းတွေရဲ့ ဖိအားပေးမှုကြောင့် ကုန်အမှာ ထပ်မပေးတော့တဲ့ သဘောလို့ သတင်းတချို့မှာ ဖေါ်ပြထားကြတာတွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ အထည်ချုပ် လုပ်ငန်းလို့ ခြုံငုံခေါ်ဆိုတဲ့ ပြည်ပနိုင်ငံတွေကို တင်ပို့ဖို့ ရည်ရွယ်ချုပ်လုပ်တဲ့ အဝတ်အထည်၊ ဖိနပ်၊ အိတ်တွေ ချုပ်လုပ်တဲ့ လုပ်ငန်းမှာ အလုပ်သမား သိန်းနဲ့ချီ လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ အလုပ်သမားတွေရဲ့ ၉၀ ရာနှုန်းလောက်က အမျိုးသမီးတွေ ဖြစ်ကြပြီး ဧရာဝတီတိုင်း၊ ရခိုင်၊ အညာဒေသတို့လိုက လာရောက်နေထိုင်ပြီး ဒီအထည်ချုပ် စက်ရုံတွေမှာ လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။
တနေ့ အနိမ့်ဆုံးလုပ်အားခ ၆၈၀၀ ကျပ် သတ်မှတ်ထားပြီး အချိန်ပို အခြားသော အပိုကြေးတွေပါဝင်မှ တလကို ၂ သိန်းခွဲ၊ ၃ သိန်း ဝန်းကျင် ရရှိကြတာ ဖြစ်ပြီး ဒီနေ့ခေတ် ကုန်စျေးနှုန်းတွေနဲ့ ရှင်သန်စားသောက်နေထိုင်ဖို့ အတော့်ကို ချိုးခြံချစ်ကုတ်ပြီး သုံးစွဲမှသာ လောက်ငှမယ့် သဘောဖြစ်ပါတယ်။ တဖက်မှာလည်း အလုပ်သမားအခွင့်အရေး အဖွဲ့အစည်းတွေ အနေနဲ့ အာဏာသိမ်းစစ်အစိုးရ လက်ထက် လွတ်လပ်စွာ လှုပ်ရှားခွင့်မရတာ၊ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေကို ဖမ်းဆီးတာတွေ လုပ်နေတာကြောင့် နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်လိုမျိုးက ပိတ်ဆို့တဲ့ ပြစ်ဒဏ်လိုမျိုးချမှတ်ဖို့ နှိုးဆော်နေကြတာ ဖြစ်ပါတယ်။
အခုလို နိုင်ငံတကာ ဖက်ရှင်ကုမ္ပဏီတွေက မြန်မာနိုင်ငံမှာ ချုပ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို အမှာမပို့ဖို့ ဆုံးဖြတ်လိုက်တာဟာ စစ်အာဏာသိမ်းပြီး အစိုးရဖြစ်လာတဲ့ မင်းအောင်လှိုင် အစိုးရအပေါ် ထိရောက်မှုရှိတဲ့ ဖိအားပေးမှု ဖြစ်သလား သို့မဟုတ် တဖက်မှာ အလုပ်သမားတွေ ထောင်နဲ့ချီ အလုပ်အကိုင် ဆုံးရှုံးသွားကြပြီး အခုလို ခက်ခဲကြပ်တည်းတဲ့ အခြေအနေမျိုးမှာ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ ရဖို့ အလားအလာ ရှိပါ့မလားဆိုတဲ့ မေးခွန်းထုတ်တာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။
နောက်သတင်း အကြောင်းအရာတခုကတော့ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ကနေ ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှူးကို ကုန်စည်သယ်ဆောင် ပြေးဆွဲနေတဲ့ ကားတစီးအဖို့ လမ်းမှာ ဂိတ်ကြေး အဖြစ် ကျပ်ငွေ ၂၃ /၂၄ သိန်းခန့်အထိ ပေးနေရတဲ့ အကြောင်း သျှမ်းသံတော်ဆင့် သတင်းဌာနက ဖေါ်ပြထားတာတွေ့ရပါတယ်။ ဒီလမ်းပိုင်းမှာ ကောက်ခံတဲ့ ဂိတ်တွေက အာဏာသိမ်းစစ်တပ်ရဲ့ ဂိတ်တွေ ဖြစ်ပြီး ကုန်စည်သယ်ဆောင်တဲ့ ကားသေးတစီး အဖို့ လမ်းတလျှောက်ကုန်ကျတဲ့ ဂိတ်ကြေးစုစုပေါင်းက ကျပ် ၂၃ သိန်းဖြစ်လို့ ဘယ်လိုမှ တွက်ခြေမကိုက်တဲ့ အနေအထား ကြုံနေရတယ်လို့ ဖေါ်ပြထားတာပါ။
ရှမ်းအရှေ့ကနေ ရှမ်းတောင်ပိုင်း မိုင်းရှူးကို ဆက်သွယ်ထားတဲ့ လမ်းတလျှောက်က မိုင်းဖြတ်၊ ကျိုင်းတုံ၊ မိုင်းပျဥ်း၊ တာကော်နဲ့ ကာလိမြို့တွေမှာ ဖွင့်ထားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို ပေးရတာကြောင့် သတင်းမှာ ဖေါ်ပြထားပါတယ်။ မြို့ ၅ မြို့ နဲ့ ဂိတ်တွေကိုပေးရတဲ့ငွေပမာဏကို ပျှမ်းမျှချကြည့်ရင် မြို့ စစ်ဆေးရေးဂိတ်တဂိတ်ကို ၄ သိန်းနဲ့ အထက်ပေးရတဲ့ သဘောဖြစ်ပါတယ်။
တာချီလိတ်နဲ့ မန္တလေး ကို သယ်ယူတဲ့ကားသေး တစီးအဖို့ကျပ် သိန်း ၃၀ ထက်မနည်း ကုန်ကျနိုင်တယ်လို့လည်း ဆိုပါတယ်။ အာဏာသိမ်းစစ်အစိုးရ အနေနဲ့ ၄င်းရဲ့ တပ်ဖွဲ့ဝင်တွေ စစ်ဆေးရေးဂိတ်မှာ တာဝန်ကျတဲ့ တပ်ဖွဲ့နဲ့ ဝန်ထမ်းတွေ အခုလို ငွေကြေး မတန်တဆတောင်းခံနေတဲ့ ဖြစ်ရပ်တွေကို သိရှိပေမယ့် အရေးယူတာတွေ မရှိပါဘူး။ ဂိတ်တဂိတ် အနေနဲ့ တရက်ကို တောင်းခံရရှိတဲ့ငွေကြေးပမာဏဟာ သိန်းရာဂဏန်းထက်ကျော်လွန်ပြီး ထောင်ဂဏန်းအထိ ရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ တောင်းခံရရှိတဲ့ ဒီငွေကြေးတွေကို ၄င်းတို့ လက်နက်ကိုင်အဖွဲ့ဝင်တွေ အောက်ဆုံးကနေ အရာရှိကြီးတွေအထိ အဆင့်ဆင့် ခွဲဝေယူကြပြီး စစ်အစိုးရအပေါ် သစ္စာရှိဖို့နဲ့ စစ်အစိုးရကို ကာကွယ်တိုက်ခိုက်ပေးဖို့ ရည်ရွယ်ချက်နဲ့ အခုလို လူထုရဲ့ ပုခုံးပေါ် ထပ်ဆင့်တင်နေတဲ့ ဂိတ်ကြေးတောင်းခံတာတွေကို ခွင့်ပြုထားတာ ဖြစ်ပါတယ်။
အခု ဖော်ပြတဲ့ ဂိတ်ကြေးသိန်းနဲ့ချီ တောင်းခံတာတွေဟာ ရှမ်းပြည်နယ် တနေရာတည်း ဖြစ်ပွားနေတာ မဟုတ်ပါဘူး။ မြဝတီ-ဘားအံ-ရန်ကုန် လိုလမ်းကြောင်းမှာ ဂိတ်ကြေးတောင်းခံတဲ့ ပမာဏတွေက ရှမ်းပြည်နယ်ထက် အများကြီးပိုမိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ မြဝတီ-ဘားအံ-ရန်ကုန် လမ်းကြောင်းမှာ အာဏာသိမ်းစစ်တပ်တခုတည်း မဟုတ်ဘဲ အခြားစစ်တပ်နဲ့ မဟာမိတ်ဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်တဲ့ လမ်းကြောင်းတွေ မှာ အဲဒီလက်နက်ကိုင် အဖွဲ့တွေက တောင်းခံတာ ဖြစ်ပါတယ်။
တဖန် မန္တလေး-မြစ်ကြီးနားလမ်းကြောင်းမှာလည်း အာဏာသိမ်းစစ်တပ် တခုတည်း မဟုတ်တော့ဘဲ ဒေသအလိုက် ဖွဲ့စည်းထားတဲ့ PDF နဲ့ NUG အစိုးရလက်အောက်က PDF တပ်ဖွဲ့တွေက “အခွန်အကောက်” အနေနဲ့ ကောက်ခံတာတွေလည်း ရှိပါတယ်။ မန္တလေး-မူဆယ် လမ်းပိုင်းမှာလည်း အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ စစ်တပ်က ကောက်ခံသလို တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ကောက်ခံတာ ဖြစ်ပါတယ်။
ရှမ်းမြောက်လို ဒေသမှာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို လက်နက်ကိုင် အဖွဲ့တဖွဲ့ထည်းက ထိန်းချုပ်နိုင်တဲ့ အနေအထားမဟုတ်တာကြောင့် နယ်စပ်ကုန်သွယ်ရေးက တဖက်လက်နက်ကိုင် အဖွဲ့အနေနဲ့ အခွန်ငွေမရရှိအောင် တားမြစ်တာ၊ ကုန်စည်တွေ တင်သွင်းခွင့်မပေးတာကြောင့်လည်း တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းတွေ ဈေးကြီးမြင့်စွာနဲ့ ဝယ်ရတဲ့ အခြေအနေမျိုး ဖြစ်လာနေတာပါ။
မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် စတဲ့ဒေသတွေက မြန်မာနိုင်ငံ အောက်ပိုင်းက ပို့ဆောင် တဲ့ ရိက္ခာ၊ လောင်စာ၊ လူသုံးကုန်တွေကို မတန်တဆဈေးနှုန်းတွေနဲ့ ဝယ်ယူစားသုံးနေကြရတာ နှစ်နဲ့ချီကြာမြင့်လာနေတဲ့ အနေအထားဖြစ်ပါတယ်။
လူထုအနေနဲ့ ပြည်တွင်းစစ် ဖြစ်ပွားနေတာကြောင့် အလုပ်အကိုင်နဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ရပ်တန့်နေတာ၊ ပျက်စီးဆုံးရှုံးတာတွေ ကြုံတွေ့နေကြရချိန်မှာ အခုလို လူထုအနေနဲ့ စစ်ပွဲနဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေအတွက် လိုအပ်တဲ့ ကုန်ကျစရိတ်တွေကို ထပ်မံပြီး ထမ်းပိုး ပေးဆောင်ကြရပြန်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ် သက်တမ်းက ၅ နှစ်ကြာမြင့်လာချိန်မှာ လူထုအနေနဲ့ စစ်ရဲ့ ဝန်ထုပ်ဝန်ပိုးကို အသက်တွေ၊ ပိုင်ဆိုင်စုဆောင်းထားတဲ့ ငွေကြေး၊ နောက်မျိုးဆက် သားသမီးတွေရဲ့ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ အားလုံးနဲ့ စတေးကာ ကျော်ဖြတ်နေကြရတာ ဖြစ်ပါတယ်။ အသက်ထက် ဘာမှ တန်ဖိုးမရှိဘူးလို့ ဆိုရိုးရှိသည့်တိုင် အသက်ရှင်သန်နေသည့်တိုင် ဆေးဝါးမကုသနိုင် ဝလင်အောင် မစားနိုင်တဲ့ ဘဝတွေထက် သေရတာက ပိုကောင်းလိမ့်မယ် ဆိုတဲ့ ညည်းတွားမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
