နိုင်မွန်အောင်သွင် - သူတို့ဘယ်တော့ပြန်လာကြမလဲ
သူတို့ဘယ်တော့ပြန်လာကြမလဲ
နိုင်မွန်အောင်သွင်
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၂၄
အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့
ကျီးတွေပြိုနေတဲ့မနက်ခင်းမှာ
ပျောက်ခြင်းမလှ ပျောက်သွားတယ်။
ကျောပိုးအိပ်တစ်ခုလုံးစာ
လွမ်းစရာတွေချည်းပဲ။
အိပ်ရာဘေးမှာဖွင့်လျက်သားကြီး
သူ ပျောက်သွားခဲ့တယ်။
ကြိုးညှိလက်စတန်းလန်းဂစ်တာတစ်လက်ဟာ
အခန်းထောင့်မှာပြိုလဲကျန်ရစ်
တေးသံအဟောင်းတစ်ခုလိုပဲ
သူပျောက်သွားတယ်။
သူငယ်ချင်းဖြစ်သူရဲ့ဆိုင်ကယ်နောက်ခုံပေါ်မှာ
ငါ့ကိုလက်ပြသွားပြီး
ဟိုနားသည်နား ခဏလိုလိုနဲ့
သူပျောက်သွားတယ်။
အမှတ်တရဓာတ်ပုံရဲ့နောက်ကျောလိုပဲ
မျက်စိအောက်ကပျောက်သွားတယ်။
တယ်လီဖုန်းသံဟာ လိုင်းမိတစ်ချက် မမိတစ်ချက်နဲ့
ခြောက်သွေ့အက်ကွဲစွာပဲ ပျောက်သွားတယ်။
ဒဏ္ဌာရီတွေအုံ့ဆိုင်းနေတဲ့
အရိုင်းအစိုင်းခေတ်ကြီးထဲ
ယဉ်ယဉ်လေးပဲပျောက်သွားတယ်။
အတိတ်တွေလို ပျောက်သွားပြီး
အရိပ်တွေလို ပြန်ပေါ်လာကြမလား။
မျှော်လင့်ချက်ဆိုတာ
ရှင်သန်ခြင်းရဲ့ရတနာပေါ့။
ပျောက်သောသူတွေ
မရှာလည်းတွေ့ ရှာလည်းတွေ့။
အဲသည် တစ်ကွေ့ကိုစောင့်ဆိုင်းနေရတာ
နွေဦးရာသီလိုပဲ
အသည်းထဲစိုက်ဝင်နေတာတောင်
ဘယ်သောအခါမှ ရိုးမသွားနိုင်ဘူး။
ငါတို့မျက်လုံးတွေ လမ်းမပေါ် ဓားရိုးလိုခိုင်မာလျက်။
ဘယ်တော့ပြန်လာကြမလဲ မေးခွန်းတွေတလက်လက်နဲ့။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar