နတ္ထိ - "ကြတ်တို့၏ ကျိန်စာ"
"ကြတ်တို့၏ ကျိန်စာ"
နတ္ထိ ရေးသည်။
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၂၄
အခါတပါး၌ ချမ်းမြေ့သာယာလှသည့် ကန္တာရဝတီပြည်ရှိ ဆီရိဒေါဒေသတွင် ဒေသိယအခေါ်အား ဖြင့် "ယာစူကူ" ဟု အမည်တွင်သော တဖက်ပိတ် ကျောက်လှိုဏ်ဂူကြီးတခု ရှိလေသည်။ ကန္တာရဝတီဘာသာစကားအရ "ဆီရိ" (သီရိ) သည် "ကြက်သရေရှိသော" ဟု အဓိပ္ပာယ်ရ၍ "ဒေါ" သည် "မြို့" ဟု အဓိပ္ပာယ်ရလေသည်။ ယနေ့ခေတ်တွင်မူ ဆီရိဒေါကို လွိုင်ကော်ဟု သိကြလေသည်။ ခေတ်သစ်အတိုင်းအတာအရ မီတာနှစ်ထောင်ကျော် ရှည်လျားသည့် ယာစူကူကျောက်လှိုဏ်ဂူကြီးတွင် ဂူဝင်ပေါက် တနေရာမှလွဲ၍ မည်သည့်နေရာတွင်မှ နေခြည် မခသဖြင့် အစဉ်အမြဲ မှောင်မိုက်နေလေသည်။ ထိုမှတပါး ကျောက်ဂူကြီး၏ မျက်နှာကြက်မှ တွဲလောင်းကျနေသည့် ကျောက်စွယ်ကျောက်ချွန်းများ၏ထိပ်တွင် ရီးလေးခိုရင်း၊ တစက်ချင်း စိမ့်ကျလာသည့် ကျောက် စက်ရေတို့၏ မြေထိသံသည်လည်း ဂူတွင်းဝယ် နရီစည်းချက်မှန်မှန်ဖြင့် ပေါ်ထွက်နေကြသည်။ အမှောင်ဓာတ်နှင့် အအေးဓာတ်တို့ ဤကဲ့သို့ တွဲဖက်တည်ရှိခြင်းကို ကြိုက်နှစ်သက်ကြသည့် လင်းဆွဲ၊ လင်းနို့တို့မှတပါး အခြားသောတောတိရစ္ဆာန်များသည် ဂူတွင်းသို့ ချဉ်းနင်းဝင်ရောက်ခြင်း မရှိသဖြင့် လွန်စွာမှ တိတ်ဆိပ်အေးချမ်းလေသည်။
ရှေးယခင်က ကန္တာရဝတီပြည်သားတို့၏မိဘဘိုးဘွားတို့ အနိစ္စရောက်ကြသည်ရှိသော် လုံးပတ်အားဖြင့် လူတဖက်စာမက ကြီးမားသည့်သစ်လုံးများအားထွင်း၍ ခေါင်းတလားများအဖြစ် ဖန်တီးကာ ထိုအတွင်း၌ ရုပ်အလောင်းများအား ထည့်သွင်းလေ့ရှိကြသည်။ ထိုသို့ ထည့်သွင်းရာတွင် ရုပ်အလောင်းနှင့်အတူ သေဆုံးသူ ပိုင်ဆိုင်ခဲ့သည့် အဖိုးတန်ပစ္စည်းပစ္စယများကိုပါ နောက်ဘဝ အသုံးအတွက် ရည်ရွယ်ကာ ထည့်သွင်းကြသည်။ ထို့နောက် မိမိတို့ နေထိုင်ကြရာ ခြေတံရှည်အိမ်များ၏ အောက်ရှိမြေပြင်ပေါ်တွင် ထိုကျွန်းလုံးတလားကြီးကို ခေတ္တခဏထားရှိ၍ ဆောင်ရွက်ရမည့် ရိုးရာ ဓလေ့ထုံးတမ်းများကို ဆောင်ရွက်ကြသည်။ ထိုသို့ ဆောင်ရွက်ပြီးသည်နှင့် အထက်တွင် ဆိုခဲ့သည့် ယာစူကူလှိုဏ်ဂူကြီးအတွင်းသို့ အခမ်းအနားဖြင့်ပို့ဆောင်သင်္ဂြိုဟ်ကြလေသည်။ ဤယာစူကူလှိုဏ်ဂူကြီးသည် စင်စစ်အားဖြင့် ရှေးဟောင်း ကန္တာရဝတီပြည်၊ ဆီရိဒေါဒေသနေ ပြည်သူတို့၏ သင်္ချိုင်းပင် ဖြစ်ပေတော့သည်။
ယာစူကူလှိုဏ်ဂူကြီးတည်ရှိရာ ဆီရိဒေါဒေသသည် တောင်ပတ်လည်ဝန်းရံနေသည့် ညီညာသော လွင်ပြင်ဒေသဖြစ်သည်။ ထိုဒေသ၏ အနောက်ဖက်တနံတလျားတွင်မူ သစ်တောထူထပ်သည့် အလယ်ရိုးမတောင်တန်းကြီးရှိသည်။ ထိုတောင်တန်း၏ အခြားတဖက်တွင်ကား ကျွန်းတောကြီးများ၊ ရေတံခွန်စိမ့်စမ်းများဖြင့် စိမ်းလမ်းစိုပြေသည့် ပျဉ်းမနားဒေသ တည်ရှိသည်။ ဆီရိဒေါဒေသရှိ သစ်တောကြီးသည် နေပြောက်ပင် မထိုးနိုင်လောက်အောင် ထူထပ်သိပ်သည်းလွန်းလှသည် ဖြစ်ရာ၊ တစ္ဆေ၊ သရဲ၊ ဘီလူး၊ သဘက်၊ မှင်စာနှင့် ကြတ်အဆုံး ရှိရှိသမျှသော နာနာဘာဝအပေါင်းတို့ ခိုအောင်းကြလေသည်။ ယင်းတို့အနက် ကြတ်အနွယ်ဝင်သတ္တဝါတို့သည် အခြားသူများအား အန္တရာယ်မပြုတတ်သည့် သရဲအငယ်စားတမျိုးဖြစ်ပြီး အလောင်းကောင်များကြားတွင်သာ ပျော်မွေ့လေ့ရှိကြသည် ဖြစ်ရကား၊ ယာစူကူလှိုဏ်ဂူကြီးထဲတွင်သာ ငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင်စံမြန်းကြလေသည်။ ဤအချင်းအရာကို အစွဲပြု၍ ဒေသခံများက ထိုလှိုဏ်ဂူကြီးအား ကြတ်ဂူဟု ခေါ်ဝေါ်သမုတ်ကြလေသည်။
ကြတ်တို့သည် အဆိုပါ ကြတ်ဂူကြီးထဲတွင် ရာစုနှစ်ပေါင်းများစွာ ငြိမ်းချမ်းပျော်ရွှင်စွာ နေတိုင်ခွင့်ရခဲ့သော်လည်း ကန္တရဝတီပြည်အပါအဝင် မြန်မာပြည်တပြည်လုံးအား ဖက်ဆစ်ဂျပန်များ သိမ်း ပိုက်လိုက်ပြီးနောက်တွင်မူ အခြေအနေတို့ တိမ်းပါးယိမ်းယိုင်ခဲ့ပါသည်။ ကြတ်ဂူကြီးအတွင်း၌ ဆီရိဒေါပြည်သူများက နှစ်အဆက်ဆက် သိမ်းဆည်းထားခဲ့ကြသည့် ခေါင်းတလားကြီးများအတွင်းရှိ အဖိုးတန် ရွှေငွေကျောက်မျက်ရတနာများကို ဖက်ဆစ်တို့က တပ်မက်ကြသည်ဖြစ်ရာ၊ လှိုဏ်ဂူကြီးအတွင်းသို့ သေနတ်များ ပစ်ဖောက်ဝင်ရောက်ကာ ခေါင်းတလားများကို ထုရိုက်ဖျက်ဆီးပြီး ထိုအရာတို့ကို လုယက်ယူငင်ကြလေသည်။ ထို့ပြင် ခေါင်းတလားများအတွင်းရှိ ရုပ်အလောင်းများစွာကိုလည်း ဖက်ဆစ်တို့က ဖျက်ဆီးပစ်ကြလေသည်။ ထိုကဲ့သို့သော ချောက်ချားဖွယ်ရာ ဖြစ်ရပ်များကြောင့် ကြောက်လန့်သွားခဲ့ရရှာသည့် ကြတ်အပေါင်းတို့သည် စိတ်နှလုံးထိခိုက်ကြေကွဲစွာဖြင့် ယာစူကူလှိုဏ်ဂူကြီးမှ ဝေးရာသို့ စွန့်ခွာထွက်ပြေးကြလေသည်။
မိမိတို့၏ ကုန်းခိုရာဇာတိမှ ထွက်ပြေးခဲ့ရသည့် ကြတ်မျိုးနွယ်တို့သည် အလယ်ရိုးမတောင်တန်းကြီးအား ခက်ခဲစွာကျော်ဖြတ်ပြီး ပျဉ်းမနားသစ်တောကြီးအတွင်းသို့ ဝင်ရောက်ရှောင်တိမ်းကြလေသည်။ ထို့နောက် တောတွင်းညီလာခံတရပ်ကိုခေါ်ယူပြီး မိမိတို့၏ နာကျည်းချက်များကို ဖော်ထုတ်ကြလေသည်။ မိမိတို့သည် ဘဝပေးကုသိုလ်ကြောင့် နာနာဘာဝအသွင်ဆောင်သည့် ကြတ်အနွယ်ဝင်များ ဖြစ်လာကြလင့်ကစား၊ မိမိတို့၏ တသက်တာတွင် မည်သည့် လူပုဂ္ဂိုလ်နှင့် တိရစ္ဆာန်ကိုမျှ နှိပ်စက် ကလူ ပြုခဲ့ခြင်း မရှိခဲ့ပါ။ သို့ဖြစ်ပါလျက်နှင့် ရိုင်းစိုင်းရက်စက်သော ဖက်ဆစ်ဂျပန်တို့၏ နိုင်ထက်စီနင်းပြုကျင့်ခြင်းကို ခံခဲ့ကြရသည်ဖြစ်ရာ၊ မကြာမြင့်မီကာလအတွင်း ထိုဖက်ဆစ်လူယုတ်မာတို့ ပျက်စီးကြပါစေဟု ကျိန်စာတိုက်ကြလေသည်။
ထိုမှတပါး မိမိတို့သည် လူတို့၏ အနီးပတ်ဝန်းကျင်တွင် ကွန်းခိုနေထိုင်ခဲ့မိသော အဖြစ်ကြောင့် ယခုကဲ့သို့ ဒုက္ခရောက်ခဲ့ရခြင်းဖြစ်သည်ဟု ဆင်ခြင်မိကြသည့် ကြတ်တို့သည် ပျဉ်းမနား ကျွန်းတောကြီးအတွင်းရှိ လူသူအရောက်အပေါက် မရှိသော ဆင်သင်္ချိုင်းကြီးတခုအား အမှီပြုနေထိုင်ကြရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့၏ ဘုံဗိမာန်များအားလည်း မြင့်မားဖြောင့် တန်းနေသည့် ကျွန်းပင်ကြီးများပေါ်တွင် တည်ဆောက်ကြလေသည်။ မိမိတို့သည် ဖက်ဆစ်တို့၏အကြမ်းဖက်မှုကြောင့် မူရင်းဌာနေကို စွန့်ခွာထွက် ပြေးခဲ့ကြရသည့် အဖြစ်ဆိုးကြီးအား နောင်လာနောက်သားတို့ အမှတ်ရစိမ့်သောငှာ မိမိတို့၏ ဌာနေသစ်အား "ကြတ်ပြေးရွာ" ဟု သမုတ်ကြလေသည်။
ကြတ်တို့၏ ကျိန်စာသင့်ခဲ့ရသည့် ဖက်ဆစ်ဂျပန်တို့သည် နောင်သုံးနှစ်ခန့်အကြာတွင် မဟာမိတ်တပ်များ၏ ထိုးစစ်ဒဏ်ကို မရှုမလှခံစားခဲ့ကြရပြီး မြန်မာပြည်မှ အလဲလဲအကွဲကွဲဖြင့် ဆုတ်ခွာထွက်ပြေးခဲ့ကြရသည်။ ထိုဖက်ဆစ်တို့၏ အကြီးအကဲဖြစ်သည့် ဂျပန်ဧကရာဇ်ဘုရင်ကြီးသည်လည်း မဟာမိတ်တို့ထံတွင် လက်နက်ချအရှုံးပေးခဲ့ရလေသည်။
~~~~~~~~~~~~~~~~~~~~~
လူသူအပေါင်းတို့နှင့် ကင်းဝေးရာ ပျဉ်းမနား ကျွန်းတောကြီးအတွင်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည့် ကြတ်တို့သည် လူတို့၏ အနှောင့်အယှက်ကင်းမဲ့စွာဖြင့် နှစ်ပေါင်းများစွာ နေထိုင်ခွင့်ရခဲ့ကြသည်ဖြစ်ရာ၊ ၎င်းတို့၏ ကြတ်ပြေးရွာသည်လည်း တိုးပွားလာသည့် နောင်လာနောက်သားများနှင့်အတူ တိုးတက်စည်ပင်လာခဲ့လေသည်။ သို့သော် ထိုရွာကိုတည်ထောင်အပြီး နှစ်ပေါင်းခြောက်ဆယ်ကျော်မျှ အကြာတွင် သံသရာတပတ်လည်ကာ ကံဆိုးမိုးမှောင်ကျခဲ့ရပြန်သည်။
ဒုတိယကမ္ဘာစစ်ကြီးမဖြစ်မီ နှစ်ပိုင်းအလိုတွင် ဖက်ဆစ်ဂျပန်တို့က မွေးဖွားသန့်စင်ပေးလိုက်သည့် မြန်မာစစ်တပ်ကြီးသည် ဖက်ဆစ်စရိုက်များကိုလည်း အမွေခံခဲ့ကြလေသည်။ ထိုစစ်တပ်ကြီးသည် တိုင်းပြည်လွတ်လပ်အပြီး နှစ်အနည်းငယ်အကြာတွင် ပြည်သူလူထုက ရွေးကောက်တင် မြှောက်ထားသည့် အစိုးရအား လက်နက်ဖြင့် ဖြုတ်ချကာ၊ နိုင်ငံတော်အာ ဏာကို သိမ်းပိုက်လိုက်ကြသည်။ ထိုဖက်ဆစ်အာဏာရှင် ပထမမျိုးဆက် ပျက်သုဉ်းပြီးနောက် ပေါ်ထွန်းလာသည့် ဒုတိယမျိုးဆက် ဖက်ဆစ်အာ ဏာရှင်တို့သည် မြို့နေလူထုက ၎င်းတို့အား မကြာခဏ ဆန့်ကျင်လေ့ရှိကြသည့် ရန်ကုန်မြို့တော်တွင် မနေရဲကြတော့သဖြင့် တိုင်းသူပြည်သားတို့နှင့် အလှမ်းကွာဝေးသည့် ပျဉ်းမနားကျွန်းတောကြီးကို ခုတ်ထွင်ကာ မြို့တော်သစ်ကြီး တခုကို တည်ထောင်ကြလေသည်။
ကြတ်မျိုးနွယ်တို့အတွက် ကံဆိုးသည်မှာ ၎င်းတို့ ကွန်းခိုနေထိုင်ကြရာ ကြတ်ပြေးရွာ တည့်တည့်တွင် အဆိုပါ မြို့တော်သစ်ကြီးကို တည်ဆောက်ခဲ့ကြခြင်းပေတည်း။ ဖက်ဆစ်အာဏာရှင်တို့သည် မြို့သစ်ကြီးကို မတည်ဆောက်မီ ကြတ်ဗိမာန်များရှိရာ ဧရာမကျွန်းပင်ကြီးများအား စက်လွှများဖြင့် ခုတ်ဖြတ်ခြင်း၊ ကြတ်ကလေးငယ်တို့ မြူးတူးပျော်ရွှင်ကြရာ ရှိုမြောင်တောင်ကုန်းများနှင့် လှိုဏ်ဂူများအား စက်ယန္တရားများဖြင့် ထိုးကော်မြေညှိခြင်း၊ အနီးအနားရှိ သစ်ပင်ခြုံနွယ်ပိတ်ပေါင်းတို့အား မီးလောင်တိုက်သွင်းခြင်း အစရှိသော လုပ်ရပ်များကို မညှာမတာ ဆောင်ရွက်ခဲ့ကြခြင်းကြောင့် ကြတ်မျိုးနွယ်တို့သည် သေကြေပျက်စီးခြင်း၊ အိုးမဲ့အိမ်မဲ့ ဖြစ်ရခြင်း စသည့် အနိဋ္ဌာရုံတို့ကို ကြုံတွေ့ခံစားရလေသည်။
ဖက်ဆစ်အုပ်စုသည် ပြည်သူက ကြည်ဖြူစွာတင်မြှောက်သည့် အစိုးရမဟုတ်သဖြင့် တရားဝင် စီရင်အုပ်ချုပ်ပိုင်ခွင့်လည်း မရှိ၊ ၎င်းတို့ထံတွင် ရာဇသွေးဟူ၍လည်း တမှုန်တစက်မျှပင် မရှိကြလင့်ကစား ပြည်သူတို့၏ အမြင်တွင် ခန့်ငြားစေလိုသောအားဖြင့် အဆိုပါ မြို့သစ်ကြီးကို နေပြည် တော်ဟု မတန်မရာ ခေါ်တွင်စေခဲ့သည်။ သို့သော်လည်း ကြတ်တို့၏ အမြင်၌မူ နေပြည်တော်တည်းဟူသော ဤမြို့သစ်ကြီးသည် သူတို့၏ မဟာရန်သူ ဖက်ဆစ်လူယုတ်မာတို့ စုဝေးကြရာ ဒုစရိုက်နေရာတခုသာ ဖြစ်ချေသည်။ ဖက်ဆစ်တို့၏ရန်ကို မိမိတို့ ပထမအကြိမ် ကြုံတွေ့ခဲ့ရစဉ်က ဒုက္ခအပေါင်းမှ သက်သာရာရလိုသော မနောဖြင့် ယာစူကူလှိုဏ်ဂူကြီးကို စွန့်လွှတ်ခဲ့ရခြင်းသည် လက်တွေ့တွင် အချည်းနှီးဖြစ်ခဲ့ရချေပြီ။ ယခုဆိုလျှင် မိမိတို့သည် ဖက်ဆစ်ဂျပန်တပ်များထက် အဆပေါင်းများစွာ ဆိုး သွမ်းယုတ်မာကြသည့် ဖက်ဆစ်မြန်မာတပ်ကြီး၏ ဒဏ်ကို ကျောကော့အောင် ခံစားနေရပြန်ချေပြီဟု ဆင်ခြင်တွေးတောမိလာကြသည်။ ထို့ကြောင့် ဤတကြိမ်တွင် မိမိတို့၏ ဌာနေကို စွန့်ခွာထွက်ပြေးရန် စိတ်မကူးတော့ပြီ။ ယခုအခါ မိမိတို့၏ ကြတ်ပြေးရွာ မရှိတော့လင့်ကစား ကြတ်မြေပေါ်တွင် တည်ထားသည့် နေပြည်တော်ရုံး၏ ဘုံပြသာဒ်များအတွင်း၌ ပင် ဆက်လက်နေထိုင်၍ ဖက်ဆစ်တို့ကို အာခံတော့မည်ဟု ဆုံးဖြတ်လိုက်ကြလေသည်။
ထိုသို့ဆုံးဖြတ်လိုက်ကြပြီးသကာလ ကြတ်ညီလာခံတရပ်ကို ခေါ်ယူလိုက်ပြီး၊ မိမိတို့ ကွန်းခိုရာ ဘုံဗိမာန်များကို ဒုတိယမ္ပိ ဖျက်ဆီးခဲ့ကြသည့် ဖက်ဆစ်မိစ္ဆာအပေါင်းတို့ မနှေးအမြန် ပျက်စီးကြပါစေကြောင်းနှင့် ၎င်းတို့ ပျက်စီးကြပြီးနောက် ကြွင်းကျန်ရစ်မည့် ရုပ်အလောင်းကောင်များကြားတွင် မိမိတို့ ကြတ်မျိုးနွယ်အပေါင်းက ရွှင်လန်းမြူးထူးစွာ ကျင်လည်ကျက်စားနိုင်ပါစေကြောင်း ကျိန်စာတိုက်၍ တောင်းဆုချွေခဲ့ကြလေသည်။
~~~~~~~~~~~~~~~~~~~~~
ဖက်ဆစ်မြန်မာစစ်တပ်ကြီးအား ရန်ငြိုးထား၍ ကြတ်မျိုးနွယ်တို့ တိုက်ခဲ့ကြသည့် ကျိန်စာကြီး မည်၍မည်မျှ အောင်မြင်နေပြီဆိုသည်ကို မြန်မာပြည်သူအပေါင်းတို့က ယခုအခါ အကြားအလတ် မရှိ၊ ပကတိအတိုင်း ကွက်ကွက်ကွင်းကွင်း မြင်တွေ့နေရပြီ မဟုတ်ပါလော။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar