Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သမိုင်းဘီးတပတ် ပတ်တော်မူပုံ

သမိုင်းဘီးတပတ် ပတ်တော်မူပုံ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း

(မိုးမခ) ဇူလိုင် ၁၈ ၊ ၂၀၂၄

သမိုင်းဘီးကြီးလည်နေပုံများတော့ တချိန်က ရိုတွေကို ပင်လယ်ထဲ မောင်းချ ကမ်းအကပ်မခံခဲ့တဲ့ကောင်တွေ ခု သူတို့ မောင်းချခဲ့တဲ့ ပင်လယ်ထဲမှာ လှေစီးဒုက္ခသည်အဖြစ်နဲ့ ပေါလောမျောလို့။ 

ခုတော့ လှေစီးဒုက္ခသည်ရဲ့ မဟာဒုက္ခကို သိပြီပေါ့။ အသက်ပေးတိုက်ခဲ့တဲ့မျက်နှာမှမငဲ့ မအလရေတပ်ကလဲ လှည့်မကြည့်၊ လေကလဲ လာမကယ် ရေလယ်မှာ သေဖွယ်သာရှိတော့ချေသည်တကား။ မှတ်ပလားဟင်။ 

သမိုင်းဘီးကြီးက မြန်မာ့တပ်မတော်ကြီးတခုလုံးဆီ လည်နေတော့တာနော်။ 

တချိန်က မြန်မာပေါကားထဲမှာ သောင်းကြန်းသူ သူပုန်ဆိုတာ လူသတ် မုဒိမ်းကျင့် ရွာမီးရှို့ တံတားမိုင်းခွဲ ဆက်ကြေးကောက်ဆိုပြီး အမျိုးမျိုး ပုံဖော်ရိုက်ပြခဲ့တာ။ ဟော ခုတော့ ပြည်သူသတ်တာ တပ်မတော်ပါ၊ မုဒိမ်းကျင့်တာ တပ်အလုပ်၊ ရွာမီးရှို့အဆင့် မဟုတ် မြို့ဖျက်၊ ဟော်တယ်ဖျက်၊ စေတီပုထိုးကျောင်းကန်ဘုရား ချာ့တ် ဗလီ ယဉ်ကျေးမှုအဆောက်အအုံတိုင်း ဖျက်ဖြိုတာ မြန်မာ့တပ်မတော်ပါ၊ တံတားမိုင်းခွဲရုံမက လမ်းပါ ဘူဒိုဇာနဲ့ဖျက်နေတာ တပ်မတော်ကြီးလေ၊ ဆက်ကြေးအဆင့်မဟုတ် လုယက်ဖောက်ထွင်း အနုကြမ်းစီး ဓားပြတိုက် ပြန်ပေးဆွဲ အကုန်လုပ်တာ DSA‌ တွေပါ ဖြစ်နေချက်များ။ ရုပ်ရှင်တောင်မဟုတ်၊ မြေပြင် တိုက်ရိုက်ပြသ။ 

တကယ်ကို သမိုင်းဘီးက တပတ်လည်တာ။ ခုဆို ဘက်ပေါင်းသုံ ထောင့်ပေါင်းစုံက အတိုက်ခံရတော့မှ ဟိုအဖေပြေးခေါ်၊ ဒီပါပါပြေးခေါ်။ ဟောကြည့် မဆီတဲ့မဆိုင် ရှီကျင့်ဖျင်ဂလိုင်ကို သွားလှုပ် တရုတ်လူမျိုးတွေ သူ့ဘာသာ နှစ်သစ်ကူးတာ ကိုယ့်နိုင်ငံမှာ ဟောလီးဒေးလုပ်မတဲ့။ အရင်ကဆို ငြိမ်းချမ်းရေးအကြောင်း ဘယ်သူပြောပြော နားခါးတဲ့ကောင်လေ။ ငြိမ်းချမ်းရေး ဆွေးနွေးပလားဆို ကပျက်ကယက်လာလုပ် ခြိမ်းခြောက် အကျပ်ကိုင် အဆင့်တူ မဆက်ဆံ ကက်ကက်လန်ခဲ့တဲ့ကောင်။ ခုတော့ အပစ်အခတ်ရပ်မယ့် လမ်းကြောင်းပတ်ရှာ ငြိမ်းချမ်းချင်သူကြီးပါ တစာစာအော် ရွေးကောက်ပွဲကြီးကလည်း လုပ်တော်မူအုံးမတဲ့။ ခြေဥကြီးကိုလည်း ပြင်မှာတဲ့။ ဘယ်သူမှလည်း ဟင် ဟာ မဖြစ်။ အားလုံးက ပြဿနာမှန်သမျှရဲ့ ဇာစ်မြစ်ဖြစ်တဲ့ မြန်မာ့တပ်မတော် မရှိတဲ့ ခေတ်သစ်ကို သွားကြတော့မှာလေ။ 

ခုပဲ ကိုယ် မပိုင်တော့တဲ့ လောက်ကိုင်ကို သွားဗုံးကြဲတော့ ဒင်းရှိနေသ၍ ဒို့ဘဝ မတည်ငြိမ်ဘူးဆိုတာ ပိုပိုသေချာသွားတာပေါ့လေ။ သမိုင်းဘီး တပတ်ပတ်တဲ့ထဲမှာ တပ်သိမ်းမြေတို့၊ ကိုယ့်ဘာသာအတည်ပေါက်သိမ်းမြေတို့ကတော့ ထိပ်ဆုံးကပေါ့လေ။ မြေပေါ်ပါ အဆောက်အအုံကတော့ အတိုးပေးတယ်လို့ပဲ မှတ်ရမှာပေါ့။ 

-

Join Us @ MoeMaKa Telegram

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar