လေခဏီ - တတိုင်းပြီး တတိုင်း
လေခဏီ - တတိုင်းပြီး တတိုင်း
(မိုးမခ) ဇူလိုင် ၂၆ ၊ ၂၀၂၄
"မင်းအောင်လှိုင် သမ္မတလုပ်၊ စစ်ဌာနချုပ် ပြုတ်" ဆိုတဲ့ အမှတ်တရလေး ဖြစ်သွား။ တလှိုင်းပြီးတလှိုင်းမှ တတိုင်းပြီး တတိုင်း လာပြီဗျား။
ရက်ပင်းထပ်နေတာ၊ သီချင်းစပ်မလို့။
ရာထူး ဆိုတာ ကိုယ်နဲ့တန်ဦးမှ။ ရာထူးနဲ့လူ ပေမတူရင် ပလ္လင်ပေါ် ခွေးတက်တာ သေးပေါက်ဖို့ထက် ဘာပိုမလဲ။ သမ္မတ ဆိုတာ ကောင်းကောင်းမွန်မွန် ကျကျနန ရွေးချယ်တင်မြှောက်ထားသူ၊ ဘာသာရေးထုံးတမ်းစဥ်လာ ကျမ်းစာပေစာတွေနဲ့ ရွတ်ဖတ် ချီးမြှောက်အပ်သူ၊ ရဟန်းရှင်လူ ချီးမွမ်းအပ်သူကို ဆိုတာလေ။ လူသတ်ရာဇာ မဟာစောရ ဒါးပြသူခိုး မုဒိန်းမျိုး ဂျပိုးခေါင်သီး ရာဇဝတ်ဂိုဏ်းချုပ်ကြီးကို ဆိုလိုတာမှမဟုတ်ဘဲ။
အဲတော့ စစ်တပ်ဟာ လွှတ်တော်ထဲဝင်ထိုင် နိုင်ငံရေးပလ္လင်တက်ထိုင် မဆိုင်တာတွေဝင်ရှုပ် မတန်မရာတွေလုပ်လို့ တပြည်လုံးဝိုင်းဖုတ်လိုက်ကြတာ ခု ဌာနချုပ်ပျောက်ပြီဆိုတော့ကား စစ်သားတွေတောင် ရှမ်းမြောက်မှာ ပြန်လမ်းပျောက်ပြီ။ တပ်ပျောက်တာလောက်တော့ ပြောမနေတော့နဲ့။ ကိုးကန့်နဲ့မဟာမိတ်တွေဆီ သစ္စာခံပြီး မအလကို ပြန်နှံရုံသာ ရှိတော့တာလေ။ မဟုတ်ရင် ပြန်လမ်းမဲ့ရထားဘဲ။
မင်းအောင်လှိုင်က မြန်မာနိုင်ငံကို သူ့မိန်းမ ဝယ်ပေးတဲ့ ကိတ်မုန့် ထင်နေတာ။ လှီးချင်သလို လှီး၊ စိပ်ချင်သလို စိပ်၊ ကျွေးချင်တဲ့သူကျွေး၊ စားချင်သလောက်စား၊ ထားချင်သလောက် ထားခဲ့မယ်ပေါ့လေ။ တွက်ရေးက စက်သူဌေး၊ ထွက်ကြည့်မှ စက်မရှိမှန်း သိတာ။
ငါ လုပ်ချင်သလို လုပ်မယ်၊ တပ် ရှိတယ်၊ သေနတ် ရှိတယ်။ သူ မစဥ်းစားတာက တပ်ဆိုတာ ဘယ်သူမဆို ထောင်လို့ရတယ် ဆိုတာရယ်၊ သေနတ်ဆိုတာ ဝယ်လို့ရော လုပ်လို့ရော ရတယ် ဆိုတာရယ်ဘဲ။ သူတို့မှာ သူများ သေနတ်ကိုင်တော့ အံ့သြမဆုံး ဖြစ်နေတာက အံ့သြစရာ။ အမယ် ပြန်ပစ်တော့ ကြက်သေတောင် သေနေသေး။ အစောပိုင်းကဆို သေနတ်ဆိုတာ ငါတို့ပဲ ကိုင်ရတဲ့ဟာမဟုတ်လားလို့ စဥ်းစားရင်း သေသွားကြတာ။ မင်းတို့သေနတ်ကိုင်တာ ဥပဒေချိုးဖောက်တာပဲလို့ ပြောရင်း ဆန့်သွားသူတွေများလာမှ အော သူတို့လည်း ကိုင်လို့ရပါလား၊ သူတို့မှာလဲ ဗြောက်တွေနဲ့ မကြောက်လို့မရဘူးဆိုတာ ဖြစ်လာကြတာ။ အိမ်း..သေနတ်ဆိုတာ ငါတို့ပစ်မှ မဟုတ်၊ သူတို့ပစ်လဲ သေတာပါလားလို့ ယမမင်းရှေ့ရောက်မှ နားလည်လာကြတာ။
ဥပဒေ ဆိုတာ အစိုးရလုပ်တဲ့သူ ပြောတာ။ အဲဒါကို လိုက်နာရမှာ စစ်သားမဟုတ်တဲ့သူတွေ တာဝန်လို့ မှတ်ထင်ထားကြတဲ့ အဝိဇ္ဇာက ထိပ်မှာရောက်နေတာ ကြာပလေ။ အဲသလို ဆိုက်ဝါးတွေနဲ့ ရိုက်စားလာတာ နှစ် လေး ငါးခြောက်ဆယ် ခုနှစ်ဆယ်။ ပအိုဝ်းတွေ ကြည့်ရတာတော့ သူတို့ဆိုက်ဝါးဒဏ် နောက်ဆယ်နှစ်လောက်မှ ပြေမယ့်သဘော။
အော ခုတော့ ကျမ သိပြီ၊ ကေသီပန်သွေးပုတ်ကျဆေး သုံးလို့ပါဆိုတဲ့ မိုးကုတ်သူ ထက်ထက်မိုးဦးလေးလို သိသွားပြီ။ မိုးကုတ်သူ သက်သက်ခိုင်တောင် အကြင်နာအိပ်ဆေးလေးများ ပေးပါဖြစ်နေရောပေါ့။ မိုးကုတ်သူ မိုးကုတ်သားတွေရဲ့အပြုံးဟာ မီးလောင်ပြင်မှာ ပွင့်သော ပန်းလေ။ မြင်သူတိုင်းလန်းဆန်း ဝမ်းပန်းတသာ မျက်ရည်ဖြာ။
အဲဒီအချိန်မှာ နားဆင်စရာ တေးသံသာမှာ MNDAAရဲ့ တိုင်းစစ်ဌာနချုပ်က တောင်းဆိုတဲ့ လားရှိုးသိန်းအောင်ရဲ့ အမေတခု သားတခုသီချင်းသံလွှင့်လာ။ ကြည်နူးမြူးကြွ။ စစ်ဌာနချုပ် ပါပြီဆိုတော့ "ငါတို့သာတပ်မတော်" "တပ်မတော်သာအမိ တပ်မတော်သာအဖ" အောင်ကြူကြူဒိုင်တွေရော၊ "တပ်မတော်သည် နိုင်ငံရေးဦးဆောင်မှုနေရာတွင် အမြဲရှိရမည်"ဆိုတဲ့ ပေါချာချာခြေဥရော၊ မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ကို ဖယ်ထုတ်စဥ်းစားလို့မရ ဆိုတဲ့ ကိုကိုကြီး တို့လို ဘောမလော်ဘီတွေရဲ့ တော်ကီတွေရော အိပ်မက်က နိုးထကြပြီပေါ့လေ။
အတုအယောင်တွေ ရွတ်ဆို အမှားအယွင်းအဓိဋ္ဌာန်တွေနဲ့ စိတ်မာန်လွဲခဲ့ကြပါလားလို့ သိရပြီပေါ့လေ။ တတိုင်းနဲ့မသိသေး၊ နောက်တတိုင်း လာမယ်လေ။ အဲဒီကsရင်တော့ ပိုပြီး ရှင်းရှင်းလင်းလင်း မြင်ရောပေါ့။
-
t.me@moemaka#MoeMaKaMedia
#WhatsHappeningInMyanmar