သဘာဝဘေး နဲ့ စစ်ဘေး တပြိုင်တည်း ရင်ဆိုင်နေကြရတဲ့ ဒေသတွေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် သိမ်းပိုက်ပြီ ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ပေါ်ထွက်
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၅ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၂၆၊ ၂၀၂၄
သဘာဝဘေး နဲ့ စစ်ဘေး တပြိုင်တည်း ရင်ဆိုင်နေကြရတဲ့ ဒေသတွေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် သိမ်းပိုက်ပြီ ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ပေါ်ထွက်
နှစ်စဥ် မုတ်သုံမိုးရာသီအလယ်ကာလ ဖြစ်တဲ့ ဇူလိုင် သြဂုတ်လတွေက မြန်မာနိုင်ငံက နေရာဒေသအတော်များများမှာ ရေကြီးနိုင်တဲ့ အန္တရာယ်ရှိပြီး ခုနှစ်မိုးရာသီကတော့ ပြီးခဲ့တဲ့နွေရာသီမှာ ကျရောက်ခဲ့တဲ့ အယ်လ်နီညို ရဲ့ အကျိုးဆက် မိုးရာသီမှာ မိုးများတဲ့ဒဏ်ကို မြန်မာနိုင်ငံရဲ့ ဒေသအချို့မှာ ခံစားနေကြရတာ ဖြစ်ပါတယ်။
ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း ကရင်ပြည်နယ်၊ မွန်ပြည် နယ်တို့လို ဒေသတွေမှာ ရေကြီးမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေကြရတဲ့ အနေအထားဖြစ်ပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကတော့ ဇူလိုင်လဆန်းကတည်းက ရေကြီးတဲ့ဘေးအန္တရာယ်ကို ရင်ဆိုင်ခဲ့ကြရပြီးဖြစ်ပါတယ်။ မြစ်ကြီးနားမြို့ ရေဘေးကျရောက်ချိန်မှာ လူအသက်ဆုံးရှုံးမှုတွေ ရှိခဲ့တဲ့ သတင်းတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။ ရေပြန်ကျသွားပြီးနောက်မှာ အလောင်းတွေတွေ့ရှိရာက ရေကြီးစဥ်ကာလအတွင်း သေဆုံးမှုတွေရှိခဲ့တာ သိရတာဖြစ်ပါတယ်။
လက်နက်ကိုင်တိုက်ပွဲတွေ၊ စစ်ဘေးအန္တရာယ် မရှိတဲ့အနေအထားမျိုးမှာ ရေဘေးအန္တရာယ်ကျရောက်တယ် ဆိုရင်တောင် ကယ်ဆယ်ရေးနဲ့ အကူအညီပေးတာတွေ ပြည့်စုံအောင် မလုပ်နိုင်တဲ့ အခြေအနေမျိုးဖြစ်ပြီး အခုလို လုံခြုံရေးအရ အန္တရာယ်ရှိနေတဲ့ အနေအထား၊ အုပ်ချုပ်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ရပ်ဆိုင်းနေတဲ့ အနေအထားနဲ့ တိုက်ပွဲတွေကြောင့် ဆက်သွယ်ရေး စနစ်တွေ ဖြတ်တောက် ကန့်သတ်ခံထားရတဲ့ အခြေအနေမျိုးမှာ အရေးပေါ် အကူအညီတောင်းဖို့ အခက်အခဲတွေကြုံတွေ့ကြရပြီး စိတ်မကောင်းစရာ အသက်ဆုံးရှုံးမှုတွေ ပိုပြီးများပြားလာတာ ဖြစ်ပါတယ်။
အခုလို သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ အနေအထားဟာ ၂၀၂၁ ခုနှစ် မိုးရာသီ ကိုဗစ်ကူးစက်ကပ်ဘေးကျရောက်ခဲ့တဲ့ အခြေအနေမျိုးနဲ့ နှိုင်းယှဥ်စရာအနေအထားလည်း ဖြစ်ပါတယ်။ အဲဒီကပ်ဘေးကျရောက်တဲ့ ကာလလို အသေအပျောက်မများသော်လည်း ပြည်သူလူထုအကြပ်အတည်းထည်းကျရောက်ချိန်၊ အရေးတကြီးအကူအညီလိုအပ်ချိန်မှာ အုပ်ချုပ်ရေးပျက်ပြားနေပြီး နိုင်ငံရေး ရန်သူ၊ စစ်ရေးရန်သူတွေကိုသာ ဖမ်းဆီးနှိပ်ကွပ်ဖို့အလုပ်လုပ်ပြီး လူထုရဲ့ ဘေးအန္တရာယ် ကင်းရှင်းရေးလို၊ တရားဥပဒေစိုးမိုးရေးလိုအကြောင်းကိစ္စတွေ ဘာမှလုပ်ဆောင်တာမရှိတော့တဲ့ အနေ အထားမှာ လူထု အနေနဲ့ ရေဘေးဒုက္ခကို ခါးစည်းခံစားကြရတာ လည်းဖြစ်ပါတယ်။
သဘာဝ ဘေးအန္တရာယ်တွေရဲ့ ဒဏ်ကို ပိုပြီးထိခိုက် ခံစားရတဲ့ နောက်အကြောင်းတချက်က လူထု အနေနဲ့ အလုပ်အကိုင်၊ ဝင်ငွေ ပုံမှန်မရှိတဲ့အနေအထားမှာ အများကိုကူညီဖို့အတွက် ခက်ခဲကြပ်တည်းနေကြပြီး လူထုအချင်းချင်းယိုင်းပင်ကူညီမှု စွမ်းအားတွေကျဆင်းပြီး စစ်ဘေးဒုက္ခ၊ ရေ ဘေးဒုက္ခ၊ သဘာဝဘေးဒုက္ခကို ခါးစည်းခံစားကြရတဲ့ အနေအထားဖြစ်ပါတယ်။
ပုံမှန်နှစ်တွေထက် မိုးရေချိန်ပိုများပြီး ရေဘေးကျရောက်တဲ့အချိန်အခါကာလမှ တဖက်မှာလည်း တိုက်ပွဲတွေရဲ့ အရှိန်အမြင့်ဆုံး ဖြစ်ပွားနေချိန်ဖြစ်တာကြောင့် ရေဘေးအန္တရာယ်တွေထက် စစ်ဘေးအန္တရာယ်က ပိုမို အသက်အန္တရာယ် ကျရောက်နိုင်တဲ့ အနေအထားမျိုး မှတ်ယူစရာလည်း ဖြစ်ပါတယ်။
ဒီနေ့အတွက် နောက်အကြောင်းအရာတခုကတော့ စစ်ရေးသတင်းတွေထဲ ထိပ်ဆုံးရောက်နေတဲ့ လားရှိုးမြို့ တဝိုက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေသတင်းတွေ အနက် ဇူလိုင် ၂၅ ရက်နေ့ နံနက်မှာတော့ ကိုးကန့်လက်နက်ကိုင် အဖွဲ့ MNDAA က လားရှိုးမြို့ ဧရိယာမှာ ရှိတဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို သိမ်းယူခဲ့ပြီးကြောင်း ထုတ်ပြန်ချက် ထုတ်ခဲ့ပါတယ်။ ရမခ လို့ အတိုကောက်ခေါ်ဆိုတဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို သိမ်းယူနိုင်ခဲ့ရင် စစ်ကောင်စီအဖို့ ပထမဆုံးသော စစ်တိုင်းဌာနချုပ် တခုဆုံးရှုံးရတဲ့ သဘောဖြစ်ပြီး အရေအတွက်ထက်ကို ပိုမိုကြီးမားတဲ့ သက်ရောက်မှု ရှိမယ့် သဘောလည်း ဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီသတင်းမှားယွင်းတယ်လို့ နေ့လည်ပိုင်းမှာ သတင်းဌာနအချို့ကို ဖြေကြားခဲ့ပြီး လားရှိုးဒေသခံတွေ အနေနဲ့ ရမခ ကျသလား မကျသေးတာလား ဆိုတာကို တိတိကျကျ ပြောဆိုနိုင်တဲ့ အနေအထားမရှိကြပါဘူး။ မြို့မှာ ကျန်ခဲ့ကြတဲ့ မြို့ခံတွေ အနေနဲ့ ရော့ကက်လောင်ချာလို၊ အမြောက်ကျည်လို လက်နက်ကြီးကျည်တွေ မိမိတို့ နေအိမ်တွေပေါ် ကျရောက်နိုင်တဲ့အန္တရာယ် လမ်းပေါ် ထွက်ရင် ပစ်ခတ်ခံရနိုင်တဲ့ အန္တရာယ်တွေကြောင့် တနေရာနဲ့တနေရာ သွားလာနိုင်တဲ့အနေအထားမရှိသလို ဖုန်းလိုင်း အင်တာနက်လိုင်းတွေပါ ပြတ်တောက်နေတဲ့ အနေအထားမှာ အတည်ပြုနိုင်တဲ့ အနေအထားမရှိတဲ့ သဘောဖြစ်ပါတယ်။
ဇန်နဝါရီလလယ်မှာ အပစ်ရပ်ပေမယ့်လည်း တိုက်ပွဲတွေက လားရှိုးမြို့ကို ရောက်လာနိုင်ခြေရှိတာကြောင့် လွန်ခဲ့တဲ့ ၄/၅ လအတွင်း စစ်ကောင်စီအနေနဲ့ ရမခ စစ်တိုင်းဌာနချုပ်ကိုကာကွယ်ဖို့ လူ အင်အား လက်နက်အင်အားနဲ့ ဗျူဟာတွေ စဥ်းစားပြင်ဆင်ထားခဲ့လိမ့်မယ်ဆိုတာ သံသယ ဖြစ်စရာမလိုပါဘူး။ သို့ပေမယ့် MNDAA လို လက်နက်ကိုင်အဖွဲ့အနေနဲ့လည်း သိန္နီမြို့ကို သိမ်းပြီးနောက်မှာ နောက်ပစ်မှတ်တခုက ကြီးပင်ကြီးငြားသော်လည်း လားရှိုးမြို့သာဖြစ်နေတဲ့သဘောဖြစ်ပါတယ်။ လားရှိုးမြို့ ကိုသိမ်းယူဖို့ လွန်ခဲ့တဲ့ ၄/၅ လ တာအတွင်း MNDAA ဘက်ကလည်း ပြင်ဆင်ခဲ့ပြီး မဖြစ်လောက်ဘူးလို့ ယူဆကောင်းယူဆပေမယ့် နောက်ဆုံးမှာတော့ လားရှိုးနဲ့ ရမခကို သိမ်း ယူဖို့ အပြင်းအထန်ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။
ရမခ တကယ် ကျ/ မကျ ဆိုတာနဲ့ ပတ်သက်လို့ သတင်းဌာနတွေ အနေနဲ့ လွတ်လပ်တဲ့ သတင်းရင်းမြစ်တွေနဲ့ အတည်ပြုနိုင်ခြင်းတော့ မရှိသော်လည်း အချို့ကတော့ အခုမကျတောင် နောက်တရက်ကျလိမ့်မယ် ဆိုတဲ့ ကောက်ချက်ချတာတွေလည်း ရှိနေပြီး တဖက်မှာလည်း စစ်ကောင်စီ အနေနဲ့ လေကြောင်းကနေ တိုက်ခိုက်ဖျက်ဆီးနိုင်တဲ့ အန္တရာယ်လည်း ရှိနေတာ ဖြစ်ပါတယ်။
လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်ကာလ တလျှောက်လုံး မန္တလေး၊ မိတ္ထီလာ၊ မော်လမြိုင်၊ ပြင်ဦးလွင် စတဲ့ မြို့တွေ သူပုန်တွေလက်ထဲကျခဲ့ဖူးပေမယ့် လားရှိုးမြို့နဲ့ ရမခလို စစ်တိုင်းဌာနချုပ်ကတော့ သူပုန်လက်ထဲမကျဖူးသေးတာကြောင့် အခုအဖြစ်အပျက်သာ အချက်အလက်အားဖြင့် မှန်ခဲ့ရင် စစ်ကောင်စီအဖို့ ကြီးမားတဲ့ ထိုးနှက်ချက်တခု၊ စစ်ရေးအင်အားချိန်ခွင်လျှာ ပြောင်းလဲမှုအဆင့်တခုလည်း ဖြစ်ကောင်း ဖြစ်လာမယ့် သဘောလို့ ဆိုနိုင်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar