Breaking News

ကိုအောင်မှိုင်း - လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၄)

လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၄)

ကိုအောင်မှိုင်း 

(မိုးမခ) ဇူလိုင် ၂၆ ၊ ၂၀၂၄

ကျနော်တို့ ဒီအပတ် မိတ်ဖက်ပဋိပက္ခဖြစ်မှုနဲ့ ရန်ဖက်ပဋိပက္ခဖြစ်မှုတွေအကြောင်း ဆက်လက် ဆွေးနွေးတင်ပြလိုပါတယ်။ နိုင်ငံရေးနယ်ပယ်တွေမှာ ဒီအသုံးအနှုန်းတွေဟာ အသုံးများကြသလို နားလည်မှုတွေ၊ လက်သင့်ခံမှုတွေမှာ အင်မတန် ကွဲလွဲလေ့ရှိကြပါတယ်။ ကျနော်တို့ နေ့စဥ် နေထိုင်နေတဲ့ လူ့အဖွဲ့အစည်းကြီးမှာ လူတွေဟာ ပြဿနာမျိုးစုံကို တွေ့ကြုံနေကြရတာ ဖြစ်သလို ပြဿနာမျိုးစုံကို နေ့စဥ်လိုပဲ ဖြေရှင်းနေကြရတာ ဖြစ်ပါတယ်။

ဒီပြဿနာကို ဖြေရှင်းပြီး နောက်ပြဿနာက အသင့်ဆိုသလို ရောက်လာတတ်ပါတယ်။ တချို့ ပြဿနာတွေ သေးငယ်ကြပေမဲ့ တချို့ပြဿနာတွေက ကြီးမားကြပါတယ်။ ဖြေရှင်းတဲ့ နည်းစနစ်တွေကလည်း တထပ်တည်း မဟုတ်သလို ပြဿနာတွေကလည်း တထပ်တည်း တူညီနေလေ့ မရှိကြပါဘူး။ ကျနော်တို့ တော်လှန်ရေးလုပ်တယ် ဆိုတာကလည်း ပြဿနာတွေ ဖြေရှင်းနေကြတာပါပဲ။

ပြောရမယ်ဆိုရင် ပြဿနာဆိုတာ နေ့စဥ် ကြုံတွေ့နေရတဲ့ လက်တွေ့ပဋိပက္ခဖြစ်မှု ဖြစ်စဥ်တွေပါပဲ။ ပဋိပက္ခ ဆိုတာက ကျနော်တို့ တင်ပြခဲ့သလို လူနှစ်ဦးကြား၊ အုပ်စုနှစ်စုကြား၊ နိုင်ငံနှစ်ခုကြား မတူညီတဲ့ အမြင်သဘောထား မတူညီတဲ့ အကျိုးစီးပွား၊ မတူညီတဲ့ စုဖွဲ့မှု၊ မတူညီတဲ့ ဝင်ရိုးဖွဲ့မှုတွေအလိုက် ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ အငြင်းပွားမှုတွေ၊ တိုက်ခိုက်မှုတွေ ပြေငြိမ်းမှုတွေ အသစ်တဖန် ဖြစ်ထွန်းမှုတွေ စတဲ့ ပဋိပက္ခ အနှံ့အပြားသို့ ပွားများ ပျံ့နှံ့မှုတွေ၊ စစ်ရေးပဋိပက္ခတွေအဖြစ် လှည့်ပြောင်းမှုတွေ ရန်ဖက်ပဋိပက္ခတွေ၊ မိတ်ဖက်ပဋိပက္ခတွေ စသဖြင့် ဖြစ်စဥ်အမျိုးမျိုးနဲ့ ပကတိဘာဝအရ တည်ရှိနေကြတာ ဖြစ်ပါတယ်။ လူတဦးချင်း တယောက်ချင်းမှာပင် အတွေးအခေါ်နဲ့ လက်တွေ့ဘဝ ကိုက်ညီမှုမရှိတာတွေ များလာတဲ့အခါ အတွင်းပိုင်းရှုပ်ထွေးမှု ပဋိပက္ခတွေ ခံစားကြရလေ့ ရှိပါတယ်။ လူပုဂ္ဂိုလ်အဖွဲ့အစည်း ပါတီ အစိုးရ ဆိုတဲ့ နယ်ပယ်အသီးသီးမှာ အတွင်းပဋိပက္ခတွေ၊ ပြင်ပပဋိပက္ခတွေဟာ နေရာအနှံ့အပြားမှာ တွေ့ရလေ့ရှိပါတယ်။

သတ်မှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေ လူ့ကျင့်ဝတ်တွေ ဓလေ့ထုံးစံတွေ ကတိကဝတ်တွေ နိုင်ငံအနေနဲ့ ပြောရရင် ဖွဲ့စည်းပုံအခြေခံဥပဒေလို လူထုနဲ့ လူထုကို အုပ်ချုပ်မယ့် အစိုးရကြား အပြန်အလှန် စည်းကမ်းသတ်မှတ်ချက်တွေ ကတိကဝတ်တွေအပေါ် အမြင် အယူအဆ အကျိုးစီးပွား ကွဲလွဲမှုတွေ၊ အငြင်းပွားမှုတွေဟာ ဘက်အသီးသီးကြား ထင်ရှားတဲ့ ပဋိပက္ခဖြစ်မှုတွေပါပဲ။ 

ပါဝင်တဲ့ မိတ်ဖက်အသီးသီးအတွင်း Mutual Benefits (အကျိုးတူ ပူးပေါင်းဆောင်ရွက်တာ ညှိနှိုင်းတိုင်ပင်ဆောင်ရွက်တာ အကြံပြုဆွေးနွေးတင်ပြတာ)၊ Shared Resources အကျိုးစီးပွား (သဘာဝအရင်းအမြစ်)ကို နည်းလမ်းတကျ မျှဝေသုံးစွဲတာ၊ Strategic Alliances (ဗျူဟာမြောက်မိတ်ဖက်များ) ကို စနစ်တကျတည်ဆောက်တာ၊ Diplomacy သံတမန်ရေးလုပ်ငန်းများကို ထူထောင်တာ စာချုပ်ချုပ်တာ၊ Conflict Resolution Mechanisms ပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာ ယန္တရားများ စနစ်တကျ တည်ဆောက်တာ၊ Communication (ဆက်သွယ်ဆောင်ရွက်မှု) ကောင်းအောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်တာတွေဟာ မိတ်ဘက်ပဋိပက္ခတွေ အတွင်း ကွဲလွဲမှုတွေကို ရန်ဘက်လက္ခဏာဆောင်တဲ့ ရန်ဘက်ပဋိပက္ခအဖြစ်ကို မရောက်စေအောင် ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေလို့ ဆိုကြပါတယ်။

ပဋိပက္ခနဲ့ပတ်သက်ပြီး လက်တွေ့ တွေ့ရှိချက်တချို့ကို တင်ပြလိုပါတယ်။

၁။ ပဋိပက္ခတစ်ခုမှာ နှစ်ဦး (သို့မဟုတ်) နှစ်ဦးထက်ပိုတဲ့ လူတွေပါဝင်နိုင်ပြီး ဒီသူတွေဟာ  တစ်ဦးချင်း ဖြစ်နိုင်သလို အုပ်စုအနေနဲ့လည်း ဖြစ်နိုင်ပါတယ်။ ပဋိပက္ခမှာ ပါဝင်သူတွေဟာ မိမိတို့ကိုယ်တိုင် ဒီပဋိပက္ခမှာ ပါဝင်နေကြတာကို သတိထားမိကြလေ့မရှိတာ တွေ့ရလေ့ရှိပါတယ်။

ဥပမာတခုအနေနဲ့ ကျား ၊ မ တန်းတူမှုကို အခြေခံပြီးဖြစ်ပေါ်စေတဲ့ အကြမ်းဖက်မှုတွေမှာ ယဉ်ကျေးမှု ဘာသာရေး ဓလေ့ထုံးတမ်းများ လွှမ်းမိုးမှုကို ခံနေရတဲ့သူများဟာ မိမိကိုယ်တိုင် ပဋိပက္ခမှာ ပါဝင်နေကြမှန်း မသိကြတာ တွေ့ရလေ့ ရှိပါတယ်။

၂။ ပဋိပက္ခဖြစ်စဥ်မှာ ပါဝင်နေသူအချို့ဟာ ရည်မှန်းချက်တစ်ခု သိုမဟုတ် ရည်မှန်းချက်အချို့ကို ရယူဖို့ ကြိုးစားနေကြခြင်း ဖြစ်ပါတယ်။ သို့သော် သူတို့ကိုယ်တိုင် တစ်ခါတစ်ရံ မိမိတို့၏ ရည်မှန်းချက်များကို စေ့စပ်သေချာစွာ မသိရှိကြပါ။ မိမိ လိုချင်တဲ့အရာလို့ ယူဆထားပေမဲ့ တကယ်တမ်းမှာမူ မိမိရဲ့ လိုအပ်ချက်တွေကို သေချာစဉ်းစားနိုင်ခြင်း မပြုနိုင်ကြတာ တွေ့ရလေ့ရှိပါတယ်။

၃။ ပဋိပက္ခဟာ ဆန့်ကျင်ဘက် ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ တစ်ဖက်သူရဲ့ ရည်မှန်းချက် အောင်မြင်သွားတဲ့ အခါ အခြားတစ်ဖက်ရဲ့ ရည်မှန်းချက်တွေ မအောင်မြင်နိုင်ဆိုတဲ့ ယေဘုယျသဘောကို ဆောင်နေခြင်းလည်း ဖြစ်ပါတယ်။

ပဋိပက္ခအားလုံးကို ဆန့်ကျင်ဘက်ဖြစ်စဉ် ဖြစ်တယ်လို့တော့ မယူဆနိုင်ပါ။ ဆန့်ကျင်ဘက်ဖြစ်စဉ်တစ်ခုဟာ နက်ရှိုင်းစွာ အမြစ်တွယ်နေတဲ့ ယဉ်ကျေးမှုနဲ့ လူ့အဖွဲ့အစည်းဆိုင်ရာ စည်းစနစ် အားနည်းချက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေမှာ ပါဝင်နေမယ်ဆိုရင် ဒီပဋိပက္ခကို ပြောင်းလဲလို့ မရတဲ့ ပုံမှန်ဖြစ်စဉ်တခုအဖြစ် ရှုမြင်ကြလေ့ရှိပါတယ်။

၄။ ပဋိပက္ခဖြစ်သူတွေဟာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ဆက်နွယ်မှု ရှိကြပါတယ်။ ဘယ်ပဋိပက္ခမျိုး မဆို ဖြေရှင်းရန်အတွက်ဖြစ်စေ ၊ ဖိနှိပ်ထားရန်ဖြစ်စေ၊

မဖြေရှင်းကြဘဲ လွတ်အောင် ရှောင်သွားကြသည် ဖြစ် စေ တစ်ဖက်လူရဲ့ ဆုံးဖြတ်ချက်နဲ့ ရွေးချယ်မှုရှိမှသာ ရှေ့ဆက်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ပဋိပက္ခဖြစ်ရခြင်း Cause of Conflicts အကြောင်းတွေကို ယေဘုယျ ၄ မျိုးလောက် ခွဲခြားထားတာ တွေ့ရပါတယ်။

1. Individual differences (တဦးချင်းစီရဲ့ မတူကွဲပြားမှုများ)

2. Cultural differences (ယဉ်ကျေးမှု ဓလေ့ ထုံးစံကွဲပြားမှုများ)

3. Clash of interests (အကျိုးစီးပွားတွေ ထိပ်တိုက်ဖြစ်ခြင်းများ)

4. Social Change (လူမှုဘဝတွေ ပြောင်းလဲမှုဖြစ်ခြင်းများ) တို့ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒီအကြောင်းတရားတွေဟာ အရင်းခံအားဖြင့်—

လူမှုဘဝဆိုင်ရာ ပဋိပက္ခများ Social Conflicts တွေကတော့ များသောအားဖြင့် လူမျိုး၊ ဘာသာ၊ ယုံကြည်မှု ယဥ်ကျေးမှု ဓလေ့ထုံးစံ စတဲ့ ဝိသေသလက္ခဏာတွေမှာ မတူ ကွဲပြားမှုတွေကို

အကြောင်းခံလေ့ရှိတာ တွေ့ရပါတယ်။

နိုင်ငံရေးဆိုင်ရာ ပဋိပက္ခများ Political Conflicts တွေကတော့ နိုင်ငံရေးအာဏာခွဲဝေမှု၊ နိုင်ငံရေး အာဏာ စွန့်လွှတ်ရမှု နိုင်ငံရေးအာဏာ အကျိုးအမြတ် ခံစားလိုမှုတွေအတွက် ထိပ်တိုက်ရင်ဆိုင် တွေ့ကြုံချိန်တွေမှာ အကြောင်းခံလေ့ရှိတာ တွေ့ရပါတယ်။

စီးပွား​ရေးဆိုင်ရာ ပဋိပက္ခများ Economic Conflicts ကတော့ စီးပွားရေး၊ ငွေရေးကြေးရေးဆိုင်ရာ အကျိုးအမြတ်တွေ ငြိစွန်းတာမျိုး ဖြစ်တဲ့အခါမှာ အကြောင်းခံလေ့ရှိတာ တွေ့ရလေ့ရှိပါတယ်။

အဓိက အကြောင်းခံကတော့ သတ်မှတ်ထားတဲ့ သဘောတူညီချက် စည်းကမ်းဥပဒေတွေကို တဖက်သတ် ချိုးဖောက်မှုတွေပေါ်က နယ်ပယ်အသီးသီးမှာ ပဋိပက္ခတွေဟာ ထင်ထင်ရှားရှား ဖြစ်ထွန်းတိုးပွားလာပြီး တွန်းတိုက်မှုတွေ တစတစ (တခါတရံ)၊ အရှိန်အဟုန်မြန်ဆန်စွာ (တခါတရံ) ရုတ်ခြည်းဆိုသလို သိသာတဲ့ပဋိပက္ခတွေအဖြစ် ပေါ် လာလေ့ရှိပါတယ်။

ဥပမာ- အစိုးရတရပ်နဲ့ အတိုက်အခံပါတီတွေဟာ မိတ်ဖက်ပဋိပက္ခဖြစ်တယ်ဆိုတဲ့ အယူအဆကို ကျနော်တို့ လက်ခံဖို့ လိုပါတယ်။ လူထုက ရွေးချယ်ခံရလို့ အစိုးရဖွဲ့ပြီး တိုင်းပြည်ကို အုပ်ချုပ်ရတယ်။ ဒီနေရာ အဓိက ပြောလိုတာက အစိုးရနဲ့ လူထုကြား ကတိကဝတ်တွေရှိဖို့ လိုပါတယ်။ စည်းမျဥ်းဥပဒေတွေ လိုပါတယ်။အစိုးရက လူထုနဲ့ အပြန်အလှန် ကတိပြုထားတဲ့ စည်းမျဥ်းစည်းကမ်းတွေကို အသုံးပြုပြီး တိုင်းပြည်နဲ့လူထုကို အုပ်ချုပ်ရပါတယ်။

အဲဒါကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ Constitutional Law ဆိုတဲ့ အခြေခံဥပဒေ စည်းမျဥ်းကို ဆိုလိုတာ ဖြစ်ပါတယ်။ အစိုးရကလည်း ဒီဖွဲ့စည်းပုံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို လိုက်နာရသလို အတိုက်အခံပါတီတွေကလည်း ဒီဖွဲ့စည်းပုံ ဥပဒေပြဋ္ဌာန်းချက်တွေပါ အချက်အလက်တွေနဲ့ အစိုးရကို ထိန်းကျောင်းကြရပါတယ်။ ဒါက လူထုနဲ့ အစိုးရကြား အတိုက်အခံပါတီတွေကြားဆက်ဆံရေး ဖြစ်ပါတယ်။ 

ဒီဥပဒေပါ သတ်မှတ်ချက်တွေက ဘောင်၊ သို့မဟုတ် စည်းပဲ ဖြစ်ပါတယ်။ ဒီစည်းကို ကျော်တာနဲ့ မိတ်ဖက်ပဋိပက္ခက ရန်ဘက်ပဋိပက္ခကို ပြောင်းသွားလေ့ရှိပါတယ်။ ကျနော် ပြောလိုတာက သဏ္ဌာန်တွေကို ဆိုလိုတာ မဟုတ်ပါဘူး။ အနှစ်သာရတခုလုံးပါ ပြောင်းသွားလေ့ရှိပါတယ်။

ဒီပြဿနာက ကျနော်တို့ငယ်စဥ်ဘဝက သမီးရည်းစားကိစ္စတွေမှာတောင် တွေ့နိုင်မှာ ဖြစ်ပါတယ်။

သမီးရည်းစားဖြစ်ပြီဆိုရင် များသောအားဖြင့် အိမ်ထောင်ပြုဖို့ တသက်တာ လက်တွဲဖို့အထိ ရည် ရွယ်ကြလေ့ ရှိပါတယ်။ ဒီနေရာမှာ သတ်မှတ်ချက်စည်းကတော့ ဘယ်တဦး တယောက်ကမှ နောက်အသစ်တစ်ယောက်ကို ထပ်ပြီး လက်တွဲတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါက တိုက်ရိုက်ဖော်ပြထားတဲ့ စည်းကမ်းဥပဒေနဲ့ ရှိမနေပေမဲ့ ရည်စားတွေ ပြတ်စဲလမ်းခွဲမှု ဖြစ်စေတဲ့ အပြန်အလှန် ကတိကဝတ်ကို ဖောက်ဖျက်ခြင်းလို့ ယူဆကြလို့ပဲ ဖြစ်ပါတယ်။ ဆိုလိုချင်တာက မိတ်ဖက်ပဋိပက္ခက ရန်ဖက်ပဋိပက္ခကို ပြောင်းလဲတာ အဓိက သတ်မှတ်ချက်က အပြန်အလှန် ကတိကဝတ်ကို ဖောက်ဖျက်ခြင်းဆိုတာ ထင်ရှားပါတယ်။ တသက်လုံး တယောက်မျက်နှာ တယောက် မကြည့်ကြတော့ပါဘူး။ မိတ်ဖက်ပဋိပက္ခက ရန်ဘက်ပဋိပက္ခကို လှည့်ပြောင်းသွားတာနဲ့ပတ်သက်ပြီး အကြောင်းရင်းတချို့ ရှိပါတယ်။ 

အကျိုးစီးပွားဆိုင်ရာ ပြောင်းလဲမှု ကြီးကြီးမားမား ဖြစ်ပေါ်ပြောင်းလဲတဲ့အခါ ဖြစ်စေ၊ ယုံ ကြည်မှုမှာ သံသယဖြစ်စရာ ကြီးကြီးမားမား မှားယွင်းမှုကို ဖော်ပြလာတဲ့အခါဖြစ်စေ၊ လူနေမှုဘဝ စားဝတ်နေရေး ပြင်းပြင်းထန်ထန် နိမ့်ကျ ပြောင်းလဲလာတဲ့အခါမျိုးမှာ ဖြစ်စေ၊ အပြန်အလှန် နားလည်မှုတည်ဆောက်ဖို့ ပျက်ကွက်လာတဲ့အခါမျိုးမှာဖြစ်စေ၊ သတ်မှတ်ထားတဲ့ အပြန်အလှန် ကတိကဝတ်တွေ ဥပဒေတွေကို တဖက်သတ်ဖျက်သိမ်းခံရတဲ့အခါဖြစ်စေ၊ ပြည်သူ့အာဏာကို တဖက်သတ် လုယက်ယူငင်ခံရတဲ့အခါ ဖြစ်စေ၊ နိုင်ငံ နယ်နမိတ်ကို ကျူးကျော်သိမ်းပိုက်လာတဲ့အခါ ဖြစ်စေ၊ ဒီလိုအခြေအနေမှာ မိတ်ဖက်ပဋိပက္ခကနေ ရန်ဖက်ပဋိပက္ခကို လှည့်ပြောင်းလေ့ရှိတာ တွေ့ရမှာ ဖြစ်ပါတယ်။

မိတ်ဖက်ပဋိပက္ခဖြစ်စဥ်ဟာ အကျိူးတူပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး ရန်ဖက်ပဋိပက္ခ ဖြစ်စဥ်ကတော့ ပူးပေါင်းမှုအဆင့်က ယှဥ်ပြိုင်တိုက်ခိုက်မှုအဆင့်ကို ပြောင်းလဲသွားတာလို့ ပြောရမှာ ဖြစ်ပါတယ်။

ကျနော်တို့ အနုပညာနယ်ပယ်မှာလည်း မိတ်ဖက်ပဋိပက္ခ ( Protagonistic Conflict) နဲ့ ရန်ဖက်ပဋိပက္ခ (Antagonistic Conflict) ဆိုတဲ့ အသုံးအနုံးရှိပါတယ်။ ပရိုတာဂွန်နစ် (Protagonist) ဆိုတာ ဝတ္ထုရဲ့ အဓိကဇာတ်ကောင်ကို ရည်ရွယ်တာ ဖြစ်ပါတယ်။ ဥပမာ- ဟယ်ရီပေါ်တာစာအုပ်မှာ ဟယ်ရီပေါ်တာဟာ ပရိုတာဂွန်နစ် ဖြစ်ပါတယ်။ အန်တာဂွန်နစ် (Antagonist) ဆိုတာကတော့ ပရိုတာဂွန်နစ်ရဲ့ ရည်ရွယ်ချက်တွေနဲ့ ဆန့်ကျင်နေတဲ့ အဓိကဇာတ်ကောင် ဖြစ်ပါတယ်။ ဥပမာ- ဟယ်ရီပေါ်တာ စာအုပ်မှာ ဝိုလ်ဒီမောတ်ဟာ အန်တာဂွန်နစ် ဖြစ်ပါတယ်။

နောက်ရိုးရှင်းတဲ့ တော်လှန်ရေးဆိုင်ရာ လက်တွေ့ကျမ်းတခု ဖြစ်တဲ့ မော်စီတုန်းရဲ့ ပဋိပက္ခကျမ်းကတော့ တရုတ်ပြည်တော်လှန်ရေး လက်တွေ့တွေနဲ့ ရေးထားတာဖြစ်လို့ တော်လှန်ဘဝ ရှိသူတွေအနေနဲ့ နားလည်လွယ်ကူသလို ရှင်းလင်းတယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။ 

ကျနော်တို့ ဒီနေရာမှာ အကျဥ်းချုပ် မိတ်ဆက်ပေးလိုပါတယ်။ မော်စီတုန်းက သူ့ကျမ်းကို အနုပဋိလောမရုပ်ဝါဒ အမြင်နဲ့ ချဥ်းကပ်ပြီး သူ့တော်လှန်ရေးအတွင်းက ပဋိပက္ခတွေကို လက်တွေ့ ဖြေရှင်းထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ကျမ်းမှာ အပိုင်း ( ၆ ) ပိုင်း တွေ့ရပါတယ်။

၁။ ကမ္ဘာ့အမြင် နှစ်မျိုး

(၁) ဖြစ်ထွန်းတိုးပွားမှုသည် လျော့နည်းသွားမှုနှင့် တိုးများလာမှု ဖြစ်သည် ဟူ၍လည်းကောင်း၊ ထပ်ပြန်တလဲလဲ ဖြစ်ပေါ်မှုဖြစ်သည်ဟူ၍ လည်းကောင်း ယူဆခြင်း၊

(၂) ဖြစ်ထွန်းတိုးပွားမှုသည် ဆန့်ကျင် ဖက်များပေါင်းစည်းမှု (ပေါင်းစည်းမှုသည် အပြန်အလှန် တွန်းဖယ်နေသော ဆန့်ကျင်ဘက် နှစ်ရပ်အဖြစ် ကွဲနေခြင်းနှင့် ထိုဆန့်ကျင်ဘက်နှစ်ရပ် အပြန်အလှန် ဆက်သွယ်နေခြင်း) ဖြစ်သည်ဟု ယူဆခြင်းတို့ ဖြစ်သည်။

၂။ ပဋိပက္ခအနှံ့အပြားရှိမှု

ပဋိပက္ခအနှံ့အပြားရှိမှု သို့မဟုတ် အကြွင်းမဲ့ရှိမှု ဆိုသည့် ယင်းပြဿနာတွင် အဓိပ္ပာယ် နှစ်ခု ပါသည်။ 

တခုမှာ ပဋိပက္ခသည် အရာကိစ္စအားလုံး၏ ဖြစ်ထွန်းတိုးပွားမှု ဖြစ်စဥ်ထဲတွင် ရှိသည်၊ အခြားတခုမှာ အရာ ကိစ္စတခုစီ၏ ဖြစ်ထွန်းတိုးပွားမှု ဖြစ်စဥ်တလျှောက်လုံးတွင် အစမှ အဆုံးတိုင်အောင် ပဋိပက္ခလှုပ်ရှားမှု တည်ရှိသည်။

၃။ ပဋိပက္ခ၏ထူးခြားမှု

ဖြစ်ထွန်းတိုးပွားသည့် ဖြစ်စဥ်၏ အဆင့်အသီးသီးတွင် ၎င်းတို့၏ ထူးခြားချက်များ ရှိသည်။

အရာကိစ္စ ဖြစ်ထွန်းတိုးပွားသည့် ဖြစ်စဥ်၏အရင်းခံပဋိပက္ခနှင့် ဤအရင်းခံပဋိပက္ခအတွက် သတ်မှတ်လိုက်သည့် ဖြစ်စဥ်၏ အနှစ်သာရသည် ဖြစ်စဥ်မ​ပြီးဆုံးမချင်း ကွယ်ပျောက်မသွားချေ။ သို့ရာတွင် အရာကိစ္စ၏ ဖြစ်ထွန်းတိုးပွားသည့် ရှည်လျားသော ဖြစ်စဥ်အတွင်းရှိ ဖြစ်ထွန်းတိုးပွားမှု အဆင့်အသီးသီး၏ အခြေအနေများသည် တခုနှင့်တခု ခြားနားလေ့ရှိတတ်သည်။ 

ဤသို့ ဖြစ်ရခြင်းမှာ အရာကိစ္စများ၏ ဖြစ်ထွန်းတိုးပွားသည့်ဖြစ်စဥ်ရှိ အရင်းခံပဋိပက္ခ၏ လက္ခဏာနှင့်ဖြစ်စဥ်၏ အနှစ်သာရမှာ မပြောင်းလဲသော်လည်း၊ အရင်းခံပဋိပက္ခသည် ရှည်လျားသော ဖြစ်စဥ်အတွင်းရှိ ဖြစ်ထွန်းတိုးပွားမှု အဆင့်အသီးသီးတွင် တဖြည်းဖြည်း ပြင်းထန်လာသော သဏ္ဌာန်ကို ဆောင်သောကြောင့် ဖြစ်သည်။ ထို့ပြင် အရင်းခံပဋိပက္ခက သတ်မှတ်လိုက်သော သို့မဟုတ် ဂယက်ရိုက်ခတ်လိုက်သော ပဋိပက္ခအကြီးအငယ်အမြောက်အမြားအနက် တချို့မှာ ပြင်းထန်၍ လာသည်၊ တချို့မှာ ယာယီအားဖြင့် သို့မဟုတ် တစိတ်တပိုင်းအားဖြင့် ပြေရှင်းသွားသည် သို့မဟုတ် အရှိန်ယုတ်လျော့သွားသည်၊ တချို့မှာအသစ်ပေါ်ပေါက်လာသည်၊ ထို့ကြောင့် ဖြစ်စဥ်တွင် အဆင့်များရှိကြောင်း ထင်ရှားသည်။

၄။ အဓိကပဋိပက္ခနှင့် ပဋိပက္ခ၏ အဓိကဘက်

ရှုပ်ထွေးသော အရာကိစ္စ၏ ဖြစ်ထွန်းတိုးပွားသည့် ဖြစ်စဉ်တွင် ပဋိပက္ခအမြောက်အမြား တည်ရှိရာ၊ ၎င်းတို့အနက်တခုသည် အဓိကပဋိပက္ခ ဖြစ်ရမည်။ ၎င်း၏ တည်ရှိမှုနှင့် ကြီးထွားမှုကြောင့် အခြားပဋိ ပက္ခများ၏ တည်ရှိမှုနှင့် ကြီးထွားမှုတို့ကို သတ်မှတ်သည်၊ သို့မဟုတ် ဂယက်ရိုက်သည်။ 

မည်သည့်ဖြစ်စဉ်တွင်မဆို အကယ်၍ ပဋိပက္ခများစွာရှိပါက၊ ယင်းပဋိပက္ခများအနက် ရှေ့ဆောင်သော ဆုံးဖြတ်သောအခန်းမှ ပါဝင်သည့် အဓိကပဋိပက္ခတခုသာ ရှိရမည်။ အခြားပဋိပက္ခများသည် ဒုတိယနှင့် လက်အောက်ခံအဆင့် နေရာတွင် ရှိရမည်။ ဖြစ်စဉ်ထဲတွင်ရှိသော ပဋိပက္ခအားလုံးကို တန်းတူထား၍ မဖြစ်၊ ၎င်းတို့ကို အဓိကနှင့် သာမည ဟူ၍ နှစ်မျိုး နှစ်စား ခွဲခြားရမည်။

အဓိကပဋိပက္ခကို ဆုပ်ကိုင်မိရန် အထူးဂရုစိုက်ရမည်။ ပဋိပက္ခ၏ ထူးခြားချက်ကို လေ့လာရာတွင် ဖြစ်စဉ်ထဲရှိ အဓိကပဋိပက္ခနှင့် အဓိက မဟုတ်သည့် ပဋိပက္ခ၊ ၎င်းပြင် ပဋိပက္ခ၏ အဓိကဘက်နှင့် အဓိကမဟုတ်သည့်ဘက် ဟူသည့် အခြေအနေ နှစ်ရပ်ကို လေ့လာရမည်။

တချိန်တည်းမှာပင် လက်တွေ့ရှိနေသည့် ပဋိပက္ခအခြေအနေ၊ ပဋိပက္ခ၏ အဓိကဘက်နှင့် အဓိက မဟုတ်သည့်ဘက်များ တိုးပွားကြီးထွားမှု ဖြစ်စဉ်အတွင်း၌ ပြောင်းလဲခြင်းတို့သည် အရာကိစ္စဟောင်းအား အရာကိစ္စသစ်က အစားထိုးသည့် အင်အားကို ဖော်ပြခြင်းပင် ဖြစ်သည်။ ပဋိပက္ခ၏ မညီမျှသည့် အခြေအနေ အမျိုးမျိုးကို လေ့လာသုံးသပ်ခြင်း၊ အဓိကပဋိပက္ခနှင့် အဓိကမဟုတ်သည့် ပဋိပက္ခ၊ ပဋိပက္ခ၏ အဓိကဘက်နှင့် အဓိကမဟုတ်သည့် ဘက်များကို လေ့လာသုံးသပ်ခြင်းတို့သည် တော်လှန်သော နိုင်ငံရေးပါတီတရပ်က ၎င်း၏ နိုင်ငံရေးနှင့် စစ်ရေးတို့၏ သေနင်္ဂဗျူဟာ၊ နည်းပရိယာယ် လမ်းညွှန်ချက်များကို မှန်ကန်စွာ ဆုံးဖြတ်ချမှတ်ရန်အတွက် အရေးကြီးသောနည်းများအနက် တခု ဖြစ်သည်။

၅။ ပဋိပက္ခဖက်များ၏ ထပ်တူဖြစ်မှုနှင့် တိုက်ခိုက်မှု

အရာကိစ္စ၏ ဖြစ်ထွန်းတိုးပွားသည့် ဖြစ်စဉ်တွင်းရှိ ပဋိပက္ခတိုင်း၏ ဘက် နှစ်ဖက်သည် ကိုယ်နှင့် ဆန့်ကျင်သောဘက်ကို မိမိတည်ရှိမှုအတွက် လိုအပ်ချက်အဖြစ် ထားလျက်၊ တပေါင်းတစည်းတည်း ဖြစ်သည့် အရာတခုထဲတွင် နှစ်ဘက်စလုံး အတူတကွ တည်ရှိနေကြသည်။ ဒုတိယအားဖြင့် ပဋိပက္ခဖြစ်နေသော ဘက် နှစ်ဖက်တွင် တစုံတခုသော အကြောင်းအချက်များအရ တဖက်စီသည် မိမိနှင့်ဆန့်ကျင်သောဘက်သို့ ပြောင်းလဲနေသည်။

အစကတည်းကပင် ပဋိပက္ခဖြစ်နေသောဘက်များသည် သီးခြားကင်းကွာပြီး တည်ရှိနိုင်သည် မဟုတ်။ အကယ်၍ ၎င်းနှင့် ဆန့်ကျင်သည့် ပဋိပက္ခဘက် မရှိလျှင် ၎င်းကိုယ်တိုင်တည်ရှိနိုင်စရာ အကြောင်းမရှိတော့ချေ။ စစ်ပွဲတွင် ထိုးစစ်နှင့် ခံစစ်၊ အတက်နှင့် အဆုတ်၊ အနိုင်နှင့် အရှုံး အားလုံးတို့သည် ပဋိပက္ခ အခြင်းအရာများ ဖြစ်သည်။

တဖက်မရှိလျှင် အခြားတဖက်လည်း တည်ရှိမည် မဟုတ်။ ၎င်းတို့နှစ်ဖက် တဖက်နှင့် တဖက် တိုက်ခိုက်ခြင်းနှင့်ဆက်စပ်ခြင်းသည် စစ်ပွဲတခုလုံးကို ဖြစ်စေသည်၊ စစ်ကို ဖြစ်ထွန်းတိုးတက်အောင် တွန်းဆော်ပေးသည်၊ စစ်ပွဲနှင့်ပတ်သက်သော ပြဿနာများကို ဖြေရှင်းပေးသည်။

၆။ ပဋိပက္ခအတွင်းရှိ အတိုက်အခံဖြစ်မှု၏ အခန်း

အတိုက်အခံဖြစ်မှုသည် ပဋိပက္ခတိုက်ပွဲ၏ သဏ္ဌာန်တမျိုး ဖြစ်၏၊ ပဋိပက္ခတိုက်ပွဲ၏ သဏ္ဌာန်အားလုံး မဟုတ်ချေ။ ပဋိပက္ခကို ဖြေရှင်းသည့်နည်းများ (ဝါ) တိုက်ပွဲဆင်သည့် သဏ္ဌာန်များကား ပဋိပက္ခ၏ လက္ခဏာချင်းမတူသည့်အလျောက် မတူကြပေ။ အချို့ပဋိပက္ခများသည် အတိအလင်း အတိုက်အခံဖြစ်သည့် လက္ခဏာရှိ၍ အချို့ပဋိပက္ခများမှာမူ ဤသို့ မဟုတ်ချေ။ အရာကိစ္စများ အတိအကျ ဖြစ်ထွန်းတိုးပွားသည် ကို အခြေတည်၍၊ အချို့ပဋိပက္ခများသည် မူလက အတိုက်အခံမဟုတ်သည့် အဖြစ်မှ အတိုက်အခံအဖြစ်သို့ ပြောင်းလဲသွားပြီး၊ အချို့ပဋိပက္ခများမှာကား၊ မူလက အတိုက်အခံဖြစ်နေရာမှ အတိုက်အခံမဟုတ်သည့်အဖြစ်သို့ ပြောင်းလဲသွားလေသည်ဟု မော်စီတုန်းက တရုတ်ပြည်တော်လှန်ရေးအတွင်း လက်တွေ့ ပဋိပက္ခတွေကို ဖော်ထုတ်ဖြေရှင်းခဲ့ပါတယ်။

ကနေ့ နွေဦးတော်လှန်ရေး ၃ နှစ်ကျော်ကာလသို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဖက်ဆစ်စစ်တပ် အနေနဲ့ နယ်ပယ်အသီးသီးမှာ အရှုံးနဲ့ ကစဥ့်ကလျား ရင်ဆိုင်နေရချိန်လည်း ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ စစ် ၃ စစ်ကို အပြီးတိုင် တိုက်ဖျက်ဖယ်ရှားကြရမှာဖြစ်သလို အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကို စနစ်တကျ ထူထောင်ကြရမှာ ဖြစ်ပါတယ်။ တော်လှန်ရေးဆိုတာ ပြဿနာတွေ (ဝါ) ပဋိပက္ခတွေကို ဖြေရှင်းကြတာ မဟုတ်ပါလား။ 

ဒီလိုပြဿနာတွေ ပဋိပက္ခတွေ ဖြေရှင်းရာမှာ အထောက်အကူ ဖြစ်စေနိုင်ဖို့ ရည်ရွယ်ပြီး လက်လှမ်းမီသလောက် အာဏာပြဿနာနဲ့ ပဋိပက္ခဆိုင်ရာ သဘောတရားအချို့ကို ရေးသား မိတ်ဆက်လိုက်ခြင်းသာ ဖြစ်ပါတယ်။ ပြီးပြည့်စုံမှာ မဟုတ်ကြောင်းကိုတော့ အလေးအနက် တောင်းပန် ဝန်ခံလိုပါတယ်။

အဓိက ကျနော်ရေးလိုတာက ကျနော်တို့ဖြတ်သန်းနေတဲ့ လက်နက်ကိုင် တော်လှန်ရေးကာလအတွင်း ကျနော်တို့ လက်ခံကျင့်သုံးနေတဲ့ စစ်မဟာဗျူဟာအခင်းအကျင်းနဲ့ စစ်အနိုင်တိုက်ရေးဆိုင်ရာ မဟာဗျူဟာ ဖြစ်တဲ့ ပြည်သူ့ပြောက်ကျားစစ်သေနင်္ဂဗျူဟာနဲ့ပတ်သက်ပြီး ဘာလဲ ဘယ်လဲ ဆိုတာ ဆွေးနွေး တင်ပြလိုခြင်း ဖြစ်ပါတယ်။

ဒီအတွက်အာဏာအဝန်းအဝိုင်း ပြဿနာနဲ့ ပဋိပက္ခပြဿနာတွေကို ရှေးဦး တင်ပြဆွေးနွေးခဲ့ခြင်း ဖြစ်ပါတယ်။

(စစ်သူကြီးဆွန်ဇူးရဲ့ ဒဿနတခုဖြစ်တဲ့ “ ရေဟာ မြေသားပုံစံကိုလိုက်လို့ ရေစီးကို ပုံစံချတယ်။ စစ် သည်ဟာ ရန်သူရဲ့ လှုပ်ရှားမှုကို လိုက်လို့ အောင်ပွဲကို ပုံစံချတယ်။” )

နောက်တပတ် ဆက်ပြောကြရအောင်ဗျာ။

👉 ကိုအောင်မှိုင်း - လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar