Breaking News

စစ်ပွဲတွေကြားက အရပ်သားတွေရဲ့ ကြေကွဲစရာ အဖြစ်တွေ

မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၁ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၂၊ ၂၀၂၄


စစ်ပွဲတွေကြားက အရပ်သားတွေရဲ့ ကြေကွဲစရာ အဖြစ်တွေ 

စစ်ပွဲ နောက်တဆင့် တိုက်ပွဲတွေကြားထဲ အရပ်သားတွေ လက်နက်ထိမှန် သေဆုံးကြရတဲ့ အဖြစ်တွေ၊ နှိပ်စက်သတ်ဖြတ်မှုတွေ၊ စစ်ရေး အသာစီးရဖို့ အတွက် အရပ်သားတွေကို ထိခိုက်အောင် တမင်တကာ ရည်ရွယ်ပြီး ပစ်ခတ်တာတွေ၊ အစားအစာ၊ ရိက္ခာ၊ ဆေးဝါး ပိတ်ဆို့ ဖြတ်တောက်ထားတာတွေနဲ့ နေအိမ်အဆောက်အဦတွေကို ဖျက်ဆီးတာ၊ ပိုင်ဆိုင်မှုတွေကို ခိုးယူသွားတာတွေ အားလုံးဟာ မရည်ရွယ်ဘဲ လုပ်ဆောင်တဲ့ အပိုင်းရှိသလို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာ၊ ရာဇဝတ်မှုကျူးလွန်တာတွေက ပိုမိုများပြားပါလိမ့်မယ်။ 

ဒီအဖြစ်အပျက်တွေကို ရေးသားမှတ်တမ်းတင်တာကြောင့် စစ်ပွဲဆန့်ကျင်သူ၊ ရွှေပြည်အေးဝါဒရှိသူလို့ မြင်ကောင်းမြင်နိုင်ပါတယ်။ အခုလို မှတ်တမ်းရေးသားရတဲ့ ရည်ရွယ်ချက်က တာဝန်ခံဖို့၊ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ လက်နက်ကိုင် အဖွဲ့ဝင်တွေ၊ အမိန့်ပေးတဲ့သူတွေ၊ အားပေးအားမြှောက်ပြုသူတွေ တာဝန်ရှိတာ၊ တာဝန်ခံရမယ်ဆိုတာကို မီးမောင်းထိုးပြဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ စစ်ပွဲတွေမှာ စစ်ရေး ပစ်မှတ်နဲ့ ရန်သူရဲ့ ထောက်ပံ့ရေး လမ်းကြောင်းတွေ၊ ထောက်ပို့လုပ်ဆောင်မှုတွေကို တိုက်ခိုက်တာ ရာဇဝတ်မှုမဟုတ်ပေမယ့် အရပ်ဘက် ပစ်မှတ်တွေ၊ အရပ်သားတွေ၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေး အဆောက်အဦတွေ နဲ့ လူနေအိမ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးတာတွေ အဲဒီလိုနေရာတွေမှာ နေရာယူတိုက်ခိုက်ကြတာတွေက နိုင်ငံတကာ သဘောတူညီချက်တွေကို ချိုးဖောက်ရာရောက်တယ် ဆိုတဲ့အချက်ကို ဘယ်လက်နက်ကိုင် အဖွဲ့မဆို သိရှိဖို့လိုအပ်ပါတယ်။ ခုံရုံးတင်နိုင်တာ မတင်နိုင်တာတွေက နိုင်ငံရေး စစ်ရေး အတက်အကျ အင်အားတွေအပေါ် မူတည်ပေမယ့်လည်း အချိန်ကာလတခုကျ လူစွဲ၊ ဝါဒစွဲကနေ ခွာကြည့်နိုင်တဲ့ကာလမှာ သမိုင်းမှာတော့ မှတ်တမ်းတင်ခံရမှာ ဖြစ်ပါတယ်။  

စစ်ရာဇဝတ်မှု ကျူးလွန်တိုင်း ခုံရုံးတင်ခံရခြင်း မရှိဘူးဆိုတာ လက်ရှိ ဖြစ်ပွားနေတဲ့ ယူကရိန်းစစ်ပွဲ၊ ဂါဇာက စစ်ပွဲတွေမှာ သက်သေပြနေတာလည်း ဖြစ်ပါတယ်။ ရုရှားတပ်တွေ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ အတွက်လည်း အရေးယူနိုင်ခြင်း မရှိသလို ဂါဇာမှာ အရပ်သားသောင်းနဲ့ ချီသေဆုံးအောင် ဖျက်အားပြင်းတဲ့ လက်နက်နဲ့ တိုက်ခိုက်တဲ့ အစ္စရေးလ်တပ်ဖွဲ့ကိုလည်း ဘယ်သူမှ အရေးယူနိုင်တာ မဟုတ်ပါဘူး။ 

မြန်မာပြည်အကြောင်း ပြန်လှည့်ကြရင် နိုင်ငံ အနှံ့အပြား စစ်ပွဲတွေ ဖြစ်ပွားနေပြီး ကျေးရွာတွေ မီးရှို့ခံရတဲ့ အဖြစ်အပျက်၊ နေအိမ် မီးလောင်စဥ်မှာ တိမ်းရှောင်ဖို့ မစွမ်းသာတဲ့ မကျန်းမာသူ၊ အသက်အရွယ်အိုမင်း နာမကျန်းဖြစ်သူတွေ မီးတွေထဲ ပါသွားကြတဲ့ အဖြစ်အပျက်တွေက ကုန်လွန်ခဲ့တဲ့ ၂ နှစ်ကျော် ၃ နှစ်တာကာလအတွင်း စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ဆက်စပ်နေတဲ့ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ထိစပ်ရာ ဒေသတွေမှာ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

အများစုက အစိုးရလို့ ဆိုတဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေက ကျူးလွန်ခဲ့ကြတာ ဖြစ်ပြီး PDF အချို့ကလည်း ဒေသအလိုက် ဖွဲ့စည်းထားတဲ့ PDF တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကို သော်လည်းကောင်း ပျူစောထီးလို့ ဒီဘက်က ခေါ်ဆိုတဲ့ စစ်ကောင်စီဖွဲ့ပေးထားတဲ့ ပြည်သူ့စစ်မှာ ပါဝင်တဲ့ သူတွေရဲ့ မိသားစုဝင်၊ ပျူစောထီးရွာလို့ သတ်မှတ်ပြီး ကျေးရွာတရွာလုံးက အရပ်သား လက်နက်ကိုင် မခွဲခြားနိုင်ဘဲ သတ်ဖြတ်တာတွေလည်း စစ်ကောင်စီ ကျူးလွန်တဲ့ အရေအတွက်နဲ့ မနှိုင်းယှဥ်သာပေမယ့် အရေအတွက် တချို့ရှိခဲ့တာ ဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း၊ မန္တလေးတိုင်းရဲ့ အချို့သောနေရာဒေသတွေက အရပ်သားတွေ အသက်ဆုံးရှုံးရတာ ပိုင်ဆိုင်မှု ဆုံးရှုံးပျက်စီး သွားရတဲ့ ဖြစ်ရပ်တွေ၊ ညှင်းပန်းနှိပ်စက်ခံရတဲ့ အဖြစ်အပျက်တွေက သတင်းတွေနဲ့ လူမှုကွန်ရက်မီဒီယာတွေမှာ ရေးသားဖော်ပြခဲ့ကြပြီး ဖတ်ရှု နားဆင်ရသူအဖို့ နာကျင်ကြေကွဲစရာ အဖြစ်တွေ ဖြစ်ပြီး ကိုယ်တိုင် မခံစားကြရသည့်တိုင် ဖတ်ရှု နားဆင်ရယုံနဲ့ပင် အသက်ရှူဖို့ မေ့လောက်တဲ့အထိ ဝမ်းနည်းစရာ ရင်နာစရာ အဖြစ်အပျက်တွေ ဖြစ်ပါတယ်။ 

လတ်တလော ဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက လားရှိုးမြို့နဲ့ စစ်တိုင်းဌာနချုပ်တွေ တပ်ရင်းတွေ သိမ်းယူဖို့ MNDAA ဦးဆောင်ပြီး အချို့သော လက်နက်ကိုင် အဖွဲ့တွေ ပူးပေါင်းပါဝင်တိုက်ခိုက်တဲ့ တိုက်ပွဲတွေကြားမှာ မြို့မှာ ကျန်ခဲ့တဲ့ လူထုအနေနဲ့ ရင်ဆိုင်ကြုံတွေ့ကြရတဲ့ အဖြစ်တွေက ဒိမတိုင်ခင် မြို့သိမ်းတိုက်ပွဲတွေထက်ကို ပိုပြီး ဆိုးရွားတဲ့ အနေအထားမျိုး ရောက်ရှိကာ ကြားသိရသူအဖို့ ရင်နင့်စရာ စိတ်မချမ်းမြေ့စရာ  ကောင်းလွန်းတာ ဖြစ်ပါတယ်။ စစ်ပွဲတွေမှာ လက်နက်ကိုင် တိုက်ခိုက်သူတွေ အနေနဲ့ အသက်သေဆုံးနိုင်တဲ့ အန္တရာယ် ရှိတာ မှန်ပေမယ့်လည်း လက်နက်ကိုင်ထားတဲ့ သူဖြစ်လို့ မိမိကိုယ်ကို ကာကွယ်နိုင်တာ၊ နောက်တချက်က ဒီတိုက်ပွဲ၊ စစ်ပွဲကို မိမိဆန္ဒ၊ သို့မဟုတ် ရှောင်လွှဲလို့မရတဲ့ အကြောင်းတခုနဲ့ ပါဝင်လာတာ ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။ 

လက်နက်ကိုင် အဖွဲ့ဝင် မဟုတ်တဲ့ အရပ်သားတွေ အဖို့တော့ စစ်ပွဲဟာ မိမိတို့ ဆန္ဒကြောင့် ဖြစ်ပွားတာ မဟုတ်သလို မိမိတို့ဆန္ဒလုံးလုံးလျားလျား မရှိတဲ့တိုင် လွတ်အောင် ရှောင်ဖို့ အခက်အခဲတွေ ရှိနေတာ ဖြစ်ပါတယ်။ မိမိတို့ နေထိုင်ရာ မြို့၊ နေအိမ်၊ အသက်မွေးဝမ်းကျောင်း အလုပ်စတဲ့ နှောင်ကြိုးတွေကြောင့် တိုက်ပွဲစတင်လာသည့်တိုင် မစွန့်ခွာသေးပဲ ချင့်ချိန်နေတာ၊ သို့မဟုတ် မြို့ကနေ တိမ်းရှောင်မသွားပဲ နေအိမ်၊ ပိုင်ဆိုင်မှုတွေကို သံယောဇဥ် မဖြတ်နိုင်တာကြောင့် မြို့မှာ နေရစ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ 

အချို့ကတော့ အလုပ်အကိုင် အခွင့်အလမ်းအတွက် ဒီမြို့မှာ လာရောက်အလုပ်လုပ်ကိုင်ကြပြီး မြို့ကို ပစ်ခတ်မှုတွေ စတင်လာနေချိန်မှာ စစ်ဘေးရှောင်တဲ့ ကားခတွေ တဖြည်းဖြည်း မြင့်တက်လာရာက မြို့ကနေ မထွက်ခွာ ဖြစ်တော့ဘဲ ကျန်နေခဲ့သူတွေ ဖြစ်ပါတယ်။ လဆန်းပထမပတ်ကတည်းက လားရှိုးမြို့ သိမ်းဖို့ စတင်တိုက်ခိုက်လာရာမှာ ပြီးခဲ့တဲ့ ရက်သီတင်းပတ်မှာတော့ တိုက်ပွဲအရှိန်အမြင့်ဆုံး ဖြစ်လာခဲ့ပြီး အရပ်သား သေဆုံးမှုနှုန်းကလည်း အမြင့်ဆုံးရောက်လာခဲ့တာ ဖြစ်ပါတယ်။ 

ဇူလိုင်လ အစပိုင်းကတည်းက မြို့ပေါ်ကျရောက်နေတဲ့ ရှော့တိုက်ဒုံးတွေ၊ လက်နက်ကြီးလို့ ယေဘုယျ ပြောဆိုကြတဲ့ အမြောက်ကျည်၊ ဒုံးကျည်တွေ ကျရောက်တာကြောင့် တတိတတိနဲ့ လူဒါဇင်နဲ့ချီ သေဆုံးခဲ့ကြရသလို ဇူလိုင်လ နောက်ဆုံးသီတင်းပတ် ၂၆၊ ၂၇ ရက်နေ့နောက်ပိုင်း လားရှိုးမြို့ရဲ့ အခြေအနေက လက်နက်နဲ့ ထိခိုက်သေဆုံးလို့မှ သယ်ယူပြီး  မသဂြိုဟ်နိင်လောက်တဲ့ အနေအထားမျိုး ရောက်ခဲ့ပြီး လမ်းတွေမှာ မသိမ်းနိုင်တဲ့ အလောင်းတွေကို ခွေးတွေ စားတဲ့မြင်ကွင်းတွေ၊ အလောင်းတွေက အနံ့အသက်တွေ ထွက်လာတဲ့ အခြေအနေမျိုးအထိ ရောက်လာပြီး အစောပိုင်းကာလတွေမှာ ထိခိုက်ဒဏ်ရာရတာတွေ၊ စစ်ဘေးရှောင်သူတွေကို ကူညီပေးနေတဲ့ ပရဟိတအဖွဲ့တွေကိုယ်၌က တိမ်းရှောင်ရတဲ့ အဖြစ်တွေအထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ 

လူဦးရေ ၃ သိန်းကျော် နေထိုင်ကြပြီး လူမျိုးစုံ နေထိုင်ကြတဲ့ မြို့၊ စီးပွားရေး အချက်အချာကျတဲ့မြို့ က တလကျော်ကာလအတွင်း ဘယ်လိုမှ မမှတ်မိနိုင်လောက်အောင် ပျက်စီးမှုတွေ၊ အရပ်သား သေဆုံးမှုတွေ အများဆုံးရောက်ရှိခဲ့တဲ့ မြို့တမြို့အဖြစ်ကို ပြောင်းလဲသွားခဲ့ပါတယ်။ 

ဒီလို ကြုံတွေ့ရတဲ့ ဝမ်းနည်းကြေကွဲစရာ အဖြစ်တွေ၊ အရပ်သား သေဆုံးကြရတဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ သတင်းမီဒီယာတွေအနေနဲ့ ထုတ်ပြန်ချက်၊ ကြေညာချက်၊ ကြွေးကြော်မှုတွေကို ကျော်လွန်ပြီး အဖြစ်အပျက်တွေကို တိတိကျကျ မေးမြန်း မှတ်တမ်းတင်နိုင်တဲ့ အနေအထားမရှိတာလည်း ဝန်ခံရမှာ ဖြစ်ပါတယ်။ သတင်းဖော်ပြချက်တွေရဲ့ ခေါင်းစဥ်တွေ အများစုက တိုက်ခိုက်မှု၊ သိမ်းယူမှုတွေ ဖြစ်ပြီး အရပ်သား သေဆုံးမှုတွေကို ကိန်းဂဏန်းနဲ့ ဖော်ပြကြပေမယ့် ကိန်းဂဏန်းနောက်ကွယ်က အခြေအနေတွေ မြို့နေလူထုရဲ့ ခံစားမှု ဒုက္ခအတိုင်းအတာကို ဖော်ပြဖို့ သတိမေ့နေကြတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar