အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၁၄ )
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၁၄ )
(မိုးမခ) ဩဂုတ် ၁ ၊ ၂၀၂၄
31/7/24
Diary in the darkness
ယာယီသမ္မတကြီးဦးမင်းအောင်လှိုင်က နိုင်ငံအရေးပေါ်ကာလ သက်တမ်း ၆ လ တိုးကာ ကာချုပ်ကြီး မင်းအောင်လှိုင်ကို သက်ဆိုးရှည်ခွင့်ပြုလိုက်တယ်။
လားရှိုးကို MNDAA က ၈၀% ကျော်သိမ်းမိပြီလို့ ခန့်မှန်းကြတယ်။ တန့်ရန်းက ပို့လိုက်တဲ့ စစ်ကောင်စီ စစ်ကူတွေကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက် လို့ စစ်ကောင်စီတပ်သား ၅၀ ကျော် သေတယ်။ တချို့စစ်ကားပေါ်မှာတင် မီးလောင်သေကြတယ်။ စစ်ကားပေါ်မှာ ငုတ်တုတ်မီးကျွမ်းနေတဲ့ အလောင်းဓာတ်ပုံတွေ မီဒီယာတွေမှာ ပေါ်လာတယ်။ လားရှိုးထောင်က ထောင်အမှုထမ်း တစ်ရာကျော်ကို ဝ စစ်တပ်က စစ်ဘေးလွတ်ရာကို ခေါ်ထုတ်သွားပြီတဲ့။ နိုင်ကျဉ်းတွေလည်း ပါသွားတယ်လို့ ခန့်မှန်းကြတယ်။ အဲဒီထောင်မှာ ထောင်ဒဏ်နှစ်ရှည်ကျခံနေရတဲ့ NLD ဦးထွန်းထွန်းဟိန် ဘယ်ရောက်နေတယ် ဆိုတာ ခုထိ မသိရသေးပါဘူး။
မိုးမိတ်မြို့ရဲ့ နောက်ဆုံးလက်ကျန် ဗျူဟာကုန်းကို TNLA က သိမ်းပိုက်လိုက်တယ်။ နောင်ချို၊ မိုးကုတ် ပြီးနောက် TNLA ရဲ့ တတိယမြောက် သိမ်းပိုက်လိုက်တဲ့ မြို့နယ်တခုလို့ သိရတယ်။
ရွှေတစ်ကျပ်သား ၆၅ သိန်းကျော်၊ အမေရိကန် တစ်ဒေါ်လာ ကျပ်ငါးထောင် ကျော်သွားပါပြီ။
ဓာတ်ဆီဆိုင်တွေမှာ ဆီထည့်ဖို့ကားတန်းရှည်ကြီးတွေ စောင့်ဆိုင်းနေကြတယ်။
ယာယီသမ္မတကြီးကတော့ သမဝါယမစနစ်သာ မြန်မာနိုင်ငံနဲ့ အသင့်တော်ဆုံးလို့ ပြောနေပါပြီ။ အရေးထဲ နှစ်သောင်းတန်အသစ်တွေ အမြောက်အမြား လည်ပတ်နေပြီ ဆိုတဲ့သတင်းတွေ ပြန့်နေတယ်။ လက်ထဲက ငါးရာတန်အနွမ်းကလေးကတော့ မျက်နှာငယ်ရှာပေါ့။ ဆီတန်းစီ ဆန်တန်းစီတဲ့ခေတ်ကို ပြန်တွေးမိတဲ့ လူထုကတော့ အထိတ်တလန့် ဖြစ်ကုန်တယ်။ လုပ်ငန်းတွေ အားလုံး ပြည်သူပိုင်သိမ်းတော့မှာလား။ ငါ့မှာ ဘာလုပ်ငန်းမှမရှိလို့ ကံကောင်းတယ်လို့ တွေးမိသလို နေ့စဉ်သောက်နေရတဲ့ ဆီးချိုဆေး ဘယ်မှာ တန်းစီဝယ်ရပါ့မလဲလို့လည်း တွေးမိပြီး စိတ်ပူမိပြန်တယ်။ ကမ္ဘာမီးလောင်ချိန်မှာ ကိုယ့်ရဲ့ ကိုယ်ပေါ်ကျတဲ့ မီးပွားကလေးက တော်တော်ပူသဗျ။
သူငယ်ချင်းတွေ ဖုန်းနဲ့ပြောကြတဲ့အခါ ဝ တပ်မတော်ရဲ့ ဗျူဟာကို ချီးကျူးကြတယ်။ တရုတ်ရဲ့ မျက်ရိပ်မျက်ကဲကိုလည် းသိတယ်၊ လူထုရဲ့ ဆန္ဒကိုလည်း သိတယ်။ စစ်ကောင်စီရဲ့ သင်္ကြန်အမြောက်တွေကိုလည်း သိတယ်။ ဒေါ်မီမီဝင်းဘတ်ကလည်း သေနတ်မဖော်က်ဘဲ နယ်မြေတွေ သိမ်းသွားတဲ့ ဝ ဗျူဟာကို ချီးကျူးသွားတယ်။ သူ့ရဲ့သင်တန်းတခုမှာ နောက်ကွယ်က ပံ့ပိုးနေတဲ့ ပြည်သူတွေကို လေးစားကြောင်းနဲ့ သူ့သင်တန်သား PDF ထောက်ပံ့သူတွေ ညီညွတ်ဖို့အရေးကြီးကြောင်း အားရပါးရ ပြောနေတဲ့ ဗီဒီယို ကလစ်တခုကို ကြည့်လိုက်ရတယ်။ အားရစရာပါ။ ထူးချွန်ထက်မြက်တဲ့ တပည့်ကောင်းတွေရှိတဲ့ ဆရာမတစ်ယောက်ရဲ့ ပီတိကို မြင်လိုက်ရတယ်။
တော်လှန်ရေးခရီးကြမ်းဟာ အောင်ပွဲကို ဦးတည်နေတယ် ဆိုတာ သေချာ သည်ထက် သေချာနေပါတယ်။ နောက်ပြန်မလှည့်နိုင်တဲ့ အဆင့်ကို ကျော်ခဲ့ပြီ။ အဆုံးသတ်အောင်ပွဲ အဆင့်ကို တဖြည်းဖြည်းချည်းကပ်နေပါပြီ။
မီးလာချိန်ကလည်း တဖြည်းဖြည်း နည်းလာပြီ။ ဒီထက် မှောင်မိုက်တဲ့ ကာလကို ဖြတ်ကျော်ရပါဦးမည်။
အန်ကယ် တူမီး
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar