Breaking News

အများ မှန်းဆချက်အတိုင်း စစ်ကောင်စီ ၆ လ သက်တမ်းတိုး၊ ရှမ်းပြည်နယ်က အာဏာချိန်ခွင်လျှာ ထိန်းညှိမယ့် လက်နက်ကိုင် အဖွဲ့နေရာ

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၃၁ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၁၊ ၂၀၂၄


အများ မှန်းဆချက်အတိုင်း စစ်ကောင်စီ ၆ လ သက်တမ်းတိုး၊ ရှမ်းပြည်နယ်က အာဏာချိန်ခွင်လျှာ ထိန်းညှိမယ့် လက်နက်ကိုင် အဖွဲ့နေရာ

၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းပြီးနောက် ၆ လ တကြိမ် ၁ နှစ်တကြိမ် ဆိုသလို သက်တမ်းတိုးလာခဲ့ရာမှာ အခုဆို ၃ နှစ်ခွဲထိ ရှိလာပြီးနောက်မှာ နောက်ထပ် ၆ လ သက်တမ်းတိုးကြောင်း စစ်ကောင်စီ ခေါင်းဆောင် ဦးဆောင်ပြီး ၄င်းကိုယ်တိုင်ပင် ဆုံးဖြတ်တဲ့ ကာ/လုံ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အဖြစ် အရေးပေါ်ကာလ ၆ လ သက်တမ်းထပ်တိုးလိုက်ပါတယ်။ 

ဒီလို ကြေညာချက်က ဘယ်သူ့ကိုမှ အံ့အားသင့်ခြင်း မဖြစ်စေဘဲ၊ ဒီလိုပဲ လုပ်ဆောင်လိမ့်မယ်လို့ အများက မှန်းဆထားကြတဲ့ ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။ စစ်တပ်က စစ်အာဏာသိမ်းစဥ်ကတည်းက ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းကို ပြန်လည်စစ်ဆေးမယ်၊ ပြီးရင် ရွေးကောက်ပွဲ ပြန်လုပ်မယ်လို့ ကြေညာပေမယ့် မဲစာရင်း စစ်ဆေးတာထက် ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ထိပ်ပိုင်း ခေါင်းဆောင်ပိုင်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ အခြားသော အန်အယ်လ်ဒီ ခေါင်းဆောင်တွေကို မဲမသမာမှု အဂတိမှုတွေနဲ့ အရေးယူ အပြစ်ပေးဖို့ကို ပိုမိုအာရုံစိုက်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ မဲစာရင်းစစ်ဆေးခြင်းကို အမှန်တကယ် လုပ်ဆောင်မယ်ဆိုရင် လအနည်းငယ်အတွင်း ပြီးပြတ်အောင် လုပ်ဆောင်နိုင်ပေမယ့် အချိန်ဆွဲတဲ့ ဗျူဟာကို အသုံးပြုပြီး ရွေးကောက်ပွဲ လုပ်ဆောင်ဖို့ တည်ငြိမ်တဲ့ အခြေအနေမရှိသေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ၆ လ သို့မဟုတ် ၁ နှစ် အကြိမ်ကြိမ် သက်တမ်းတိုး အချိန်ဆွဲနေစဥ်မှာ နိုင်ငံရဲ့ နိုင်ငံရေး ပြဿနာ၊ စစ်ရေး အင်အားချိန်ခွင်လျှာက သိသိသာသာ ပြောင်းလဲခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ စစ်ရေးအရ ရှုံးနိမ့်မှုတွေ များလာတာနဲ့အမျှ နယ်မြေစိုးမိုးမှု အုပ်ချုပ်နိုင်တဲ့ မြို့နယ်၊ ကျေးရွာ၊ ပြည်နယ် စတဲ့ အတိုင်းအတာထိ ဆုံးရှုံးလက်လွှတ်နေရတဲ့ အခြေအနေမှာ စစ်ကောင်စီ အဖို့ ရွေးကောက်ပွဲက ထွက်ပေါက် ဟုတ်သလား၊ မဟုတ်သလားဆိုတာ ဝေခွဲရခက်လာတဲ့ အနေအထား ဖြစ်လာပါတယ်။ 

နဂိုကတည်းက မြန်မြန်ဆန်ဆန် လုပ်ပေးဖို့ ဆန္ဒမရှိသလို၊ လွတ်လပ်တဲ့ အခြေအနေအောက်မှာလည်း လုပ်ဆောင်ဖို့ ရည်ရွယ်ချက်မရှိတဲ့ ရွေးကောက်ပွဲဟာ အခုချိန်မှာ ပိုပြီးဆွဲဆောင်မှု နည်းပါးလာတဲ့အရာ ဖြစ်လာနေတာပါ။ အချို့သော အင်အားကြီးနိုင်ငံကသာ ရွေးကောက်ပွဲ လမ်းကြောင်းကို ထောက်ခံပြီး အများစုကတော့ အာဏာသိမ်း စစ်ကောင်စီပြောတဲ့ ရွေးကောက်ပွဲကို ထောက်ခံအားပေးခြင်း မပြုကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ 

အိမ်နီးချင်း အင်အားကြီးနိုင်ငံ ဖြစ်တဲ့ တရုတ်နိုင်ငံကတော့ ရွေးကောက်ပွဲလမ်းကြောင်းကသာ ဗဟိုအစိုးရ ရဲ့ထိန်းချုပ်ထားနိုင်မှုနဲ့ နိုင်ငံရေးပြဿနာကို အစိတ်စိတ်အပိုင်း ပြိုကွဲခြင်းမရှိဘဲ အသွင်ပြောင်းနိုင်မယ်လို့ ယူဆချက်ရှိပုံရပြီး အဲဒီလမ်းကြောင်းမျိုးကို ဖြစ်စေလိုတာဖြစ်ပြီး အဲဒီလမ်းကြောင်းကို တိုက်တွန်းနေတဲ့ အသွင်သဏ္ဌာန်ရှိပါတယ်။ 

စစ်ကောင်စီ ခေါင်းဆောင်က ကာ/လုံအစည်းအဝေးမှာ တင်ပြရာမှာ နယ်မြေအေးချမ်းအောင် လုပ်ဖို့ လိုအပ်နေဆဲ ဖြစ်တယ်ဆိုတဲ့အချက်နဲ့ ခိုင်လုံတဲ့ မဲစာရင်းတွေ ကောက်ယူဖို့ အချိန်လိုအပ်သေးတာကြောင့် လို့အကြောင်းပြကာ နောက်ထပ် သက်တမ်းတိုးဖို့ ဆုံးဖြတ်တာလို့ စစ်ကောင်စီခေါင်းဆောင်က အကြောင်းပြပါတယ်။ အမှန်တကယ် မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေကတော့ ကြာလေလေ တည်ငြိမ်မှု ပျက်ပြားလေလေ ဖြစ်ပြီး ရွေးကောက်ပွဲ မဲစာရင်းကောက်ယူဖို့ ပိုမိုခက်ခဲလာလေလေ ဖြစ်နေတာပါ။ ပြီးခဲ့တဲ့ ၁၀လ ခန့်ကစလို့ စစ်မက်ဖြစ်ပွားတဲ့ နေရာဒေသ အရေအတွက်အားဖြင့်နဲ့ အကျယ်အဝန်းအားဖြင့် လျင်မြန်စွာ ကျယ်ပြန့်လာနေသလို စစ်ကောင်စီဘက်က လက်လွှတ်ဆုံးရှုံးသွားတဲ့ နယ်မြေတွေ ပိုမိုများပြားလာတာ ဖြစ်ပါတယ်။ 

တပ်အားကိုးနဲ့ နိုင်ငံရေးအာဏာကို ချုပ်ကိုင်ထားတဲ့ အာဏာသိမ်း စစ်တပ်အဖို့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ စစ်ရေးအရ အနိုင်ယူခြင်းကို ခံနေရပြီး ဒီလို အခြေအနေမျိုး ဖြစ်ပေါ်လာအောင် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်လို၊ နောက်တဆင့်မှာ တရုတ်နိုင်ငံရဲ့ အကူအညီ နဲ့ အားပေးအားမြှောက်ပြုတာ ပါဝင်တယ်လို့ အများက ယုံကြည်နေကြတာ ဖြစ်ပါတယ်။ နယ်မြေတွေ သိမ်းယူလာနိင်တာ လျင်မြန်စွာ များပြားလာနေချိန်မှာ နယ်မြေ စိုးမိုးမှုနဲ့ ပတ်သက်လို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအချင်းချင်းအကြား သဘောတူညီမှု၊ အခြေခံမူ တစုံတရာ တိတိပပ မရှိဘဲ၊ စစ်အင်အားကိုသာ အခြေခံပြီး အုပ်ချုပ်စိုးမိုးကြမယ့် အနေအထားဆီ ဦးတည်သွားမယ့်အရေးကိုလည်း တရုတ်နိုင်ငံအနေနဲ့ လိုလားမှာ မဟုတ်တာ သေချာပါတယ်။ ၄င်းရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဒေသတွေမှာ ထိန်းချုပ်ဖို့ ခက်ခဲတဲ့ လက်နက်ကိုင်တိုက်ပွဲတွေ ဆက်လက်ပြီး ဖြစ်ပွားလာမယ့် လမ်းကြောင်းမျိုးပေါ်ကို တရုတ်နိုင်ငံအနေနဲ့ မလိုလားတာ အသေအချာဖြစ်ပါတယ်။ 

လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေအကြား အင်အားချိန်ခွင်လျှာကို ထိန်းချုပ်နိုင်မယ့် စစ်အင်အားလည်းရှိတဲ့ အဖွဲ့တဖွဲ့ လိုအပ်တယ်ဆိုတာကို တရုတ်နိုင်ငံအနေနဲ့ သဘောပေါက်ထားမှာဖြစ်ပြီး မကြာသေးခင် ကာလတွေအထိ အဲဒီလို စစ်ရေးချိန်ခွင်လျှာ ညှိနိုင်တဲ့အဖွဲ့အဖြစ် အင်အားအကြီးဆုံး ဖြစ်တဲ့ စစ်တပ်ကို ဆက်ဆံနေတာဖြစ်ပြီး အခုလပိုင်းတွေ အတွင်းပြောင်းလဲလာတဲ့ အခြေအနေအရ ချိန်ခွင်လျှာညှိပေးနိုင်တဲ့ အဖွဲ့က ဝ လက်နက်ကိုင် အဖြစ် တရုတ်က ရှုမြင်ထားတာမျိုးလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ 

အင်အားကြီးနိုင်ငံတနိုင်ငံ၊ ဒေသတွင်း သို့မဟုတ် ကမ္ဘာမှာ ဒီမိုကရေစီပေါ်ထွန်းခြင်း မပေါ်ထွန်းခြင်းထက် မိမိနိုင်ငံရဲ့ အကျိုးစီးပွား၊ နယ်စပ်မှာ အေးချမ်းတည်ငြိမ်မှု၊ ထိတွေ့ပြောဆိုရာမှာ နားလည်လွယ်ခြင်း မလွယ်ခြင်းတွေက မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ အခြေခံမူတွေ ဖြစ်ပါလိမ့်မယ်။ 

လူပုဂ္ဂိုလ်နဲ့ ပါတီကို ကြိုက်ခြင်း၊ မကြိုက်ခြင်း၊ ချစ်ခြင်း၊ မုန်းခြင်းတွေထက် လက်တွေ့ အတွေ့အကြုံတွေအရ မှန်းဆတွက်ချက်လို့ရတဲ့ ပြောဆိုဆက်ဆံရ လွယ်ကူတဲ့ အဖွဲ့အစည်းလိုမျိုးကို အားပေးအားမြှောက်ပြုမှာ အသေအချာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စစ်ရေး အင်အားစုတွေ အနေနဲ့ အဲဒီအနေအထားတွေကို နားလည် သဘောပေါက်ပြီး လက်တွေ့ ကိစ္စရပ်တွေကို ဆုံးဖြတ်ရာမှာ အသုံးချနိုင်မှသာလျှင် မြန်မာနိုင်ငံ လူထုအတွက် အကျိုးမယုတ် မယ့် အနေအထားမျိုးလို့ ဆိုချင်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar