အိမ်နီးချင်းနိုင်ငံက ဝန်ကြီးချုပ်ပြုတ်ကျစေတဲ့ လူထုလှုပ်ရှားမှု ဂယက်၊ စစ်ကောင်စီ ခေါင်းဆောင်ရဲ့ မိန့်ခွန်း
မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၅ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၆၊ ၂၀၂၄
အိမ်နီးချင်းနိုင်ငံက ဝန်ကြီးချုပ်ပြုတ်ကျစေတဲ့ လူထုလှုပ်ရှားမှု ဂယက်၊ စစ်ကောင်စီ ခေါင်းဆောင်ရဲ့ မိန့်ခွန်း
၁၅ နှစ်ကြာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို အာဏာရှင်ဆန်ဆန် အုပ်ချုပ်လာခဲ့တဲ့ အမျိုးသမီး ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ နိုင်ငံက ထွက်ပြေးပြီး အိန္ဒိယနိုင်ငံမှာ ခေတ္တခိုလှုံနေရတဲ့ သတင်းက ကမ္ဘာကိုလည်း အံ့အားသင့် စေသလို အိမ်နီးချင်း မြန်မာနိုင်ငံက အာဏာရှင်အဖို့ နိမိတ်ကောင်းတော့ မဟုတ်ပါဘူး။ ရွေးကောက်ခံ ဝန်ကြီးချုပ်လို့ ဆိုပေမယ့် အစိုးရအဖွဲ့အာဏာရှိစဥ်မှာ အတိုက်အခံတွေကို အားနည်းချိနဲ့အောင် အမျိုးမျိုးသော ဖိနှိပ်မှုတွေ၊ ဥပဒေနဲ့ မညီတဲ့နောက်ကွယ်က ကြံစည်လုပ်ဆောင်မှုတွေ ကျူးလွန်ပြီး၊ ရွေးကောက်ပွဲတိုင်းမှာ အနိုင်ရတယ်ဆိုတဲ့ အခြေအနေမျိုးဖြစ်အောင် တရားစီရင်ရေး၊ အရပ်ဘက် အဖွဲ့အစည်းစတာတွေကို ဖိနှိပ်ချုပ်ချယ်ပြီး နိုင်ငံကို ၁၅ နှစ်တိုင်တိုင် အုပ်ချုပ်ခဲ့တဲ့ ရှိတ်ဟာဆီနာဟာ သြဂုတ်လ ၅ ရက်နေ့မှာတော့ ဝန်ကြီးချုပ်အဖြစ်က နှုတ်ထွက်ပြီး နိုင်ငံပြင်ပကို တိမ်းရှောင်သွားခဲ့ရတာ ဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ပေါ်ထွန်းလာဖို့ ထိုစဥ်က ပါကစ္စတန် နိုင်ငံတပ်တွေကို တော်လှန်တိုက်ခိုက်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတွေကို အစိုးရ အလုပ်အကိုင်အခွင့်အလမ်းမှာ သတ်မှတ် ရာခိုင်နှုန်းနဲ့ နေရာဖယ်ထားပေးတဲ့ ဥပဒေကို ပယ်ဖျက်ပေးဖို့ ကျောင်းသားတွေ ဦးဆောင်ပြီး ဆန္ဒပြမှုတွေ ဖြစ်ပွားပြီး တလကျော် အကြာမှာ ရွေးကောက်ပွဲ သက်တမ်း တခုပြီးတခု အနိုင်ရအောင် အာဏာကို အသုံးချကာ လုပ်ဆောင်ခဲ့တဲ့ ရှိတ်ဟာဆီနာ အနေနဲ့ အရှုံးနဲ့ ရင်ဆိုင်ရကာ နိုင်ငံမှာ ထွက်ခွာသွားခဲ့ရတာ ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်မှာ စစ်တပ်က နိုင်ငံရေးပြဿနာထဲ ပါဝင်တာ၊ အာဏာရှင် တပိုင်း ရှိတ်ဟာဆီနာကို ထောက်ခံ ရပ်တည်ပေးတာမျိုး မရှိခြင်းကြောင့်လည်း ရှိတ်ဟာဆီနာ အနေနဲ့ ဒီဆန္ဒပြမှုနဲ့ လူထုအုံကြွမှုကို ဖြိုခွင်းဖို့ အခွင့်အလမ်းမရခဲ့တာ ဖြစ်နိုင်ပါတယ်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှု နဲ့ လူထုအုံကြွမှုတွေ လနဲ့ချီ ဖြစ်ပွားခဲ့ပေမယ့် အာဏာသိမ်း စစ်တပ်က ၄င်းရဲ့ အာဏာကိုကာကွယ်ဖို့ အတွက် ဆန္ဒပြသူတွေကို ပစ်ခတ်တာ၊ ဖမ်းဆီးနှိပ်စက်ကာ အပြစ်ပေးတာတွေ ပြင်းပြင်းထန်ထန် လုပ်ခဲ့ပြီး အခုဘင်္ဂလားဒေ့ရှ် နိုင်ငံလို အာဏာရှင်နဲ့ စစ်တပ်က သီးခြားစီမဟုတ်ပဲ တဖွဲ့ထည်းဖြစ်နေခဲ့တာကြောင့် မြန်မာနိုင်ငံမှာ အာဏာရှင်ကို လွယ်လွယ်ကူကူနဲ့ ဖြုတ်ချနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ရာထူးကနေ ဆင်းပြီး တိမ်းရှောင်သွားခြင်းဟာ မြန်မာနိုင်ငံ နဲ့ ဆက်စပ်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ပြဿနာ၊ နယ်စပ်တလျှောက် စစ်ကောင်စီ တပ်စခန်း၊ နယ်ခြားစောင့်စခန်း၊ မြို့တွေကို သိမ်းယူဖို့ တိုက်ခိုက်နေတဲ့ AA နဲ့ စစ်ကောင်စီ လက်နက်ကိုင် တပ်တွေအကြားက တိုက်ပွဲတွေ အပေါ် ဘယ်လို အကျိုးသက်ရောက်စေနိုင်မလဲ ဆိုတဲ့အလားအလာ နဲ့ ပတ်သက်လို့တော့ လောလောဆယ် ပြောဖို့ စောလွန်းသေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာ ကျေးရွာတွေမှာ ရွာသားတွေကို သတ်ဖြတ်ကာ ကျေးရွာကအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့တဲ့ စစ်တပ်နဲ့ အမျိုးသားရေး အစွန်းရောက်သူတွေက ခိုးဝင်တယ်လို့ ဝါဒဖြန့်ခံထားရတဲ့ ရိုဟင်ဂျာတွေ ထောင်သောင်းချီ အသတ်ခံရပြီးနောက် ရိုဟင်ဂျာ တသန်းဝန်းကျင် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲမှာ ခက်ခဲ့တဲ့ ဘဝတွေကို နှစ်ရှည်လများ ရင်ဆိုင် ကျော်ဖြတ်နေကြရတာ ဖြစ်ပါတယ်။
ကြားဖြတ်အစိုးရ တာဝန်ယူလာမယ့် ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ နှစ်နိုင်ငံနယ်နိမိတ် တလျှောက်က လက်နက်ကိုင် တိုက်ပွဲတွေ နဲ့ ပတ်သက်လို့ ဆွေးနွေးရမှာ ဖြစ်သလို ၇ နှစ်ဝန်းကျင် ရှိလာပြီဖြစ်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာကိုလည်း ဘယ်လို အဖြေရှာမလဲဆိုတဲ့ အချက်တွေက နှစ်နိုင်ငံအကြား ဆွေးနွေးမှုတွေ မကြာခင် ကာလတွေမှာ ပေါ်ထွက်ကောင်း ပေါ်ထွက်လာနိုင်ပါတယ်။ သို့ပေမယ့် ရခိုင်ပြည်နယ် မြောက်ပိုင်းရဲ့ အခြေအနေက မြို့သိမ်းယူမယ့် တိုက်ပွဲတချို့ လက်နက်ကိုင် တိုက်ပွဲတွေနဲ့ ခက်ခဲရှုပ်ထွေးနေပြီး အိမ်နီးချင်း နိုင်ငံအနေနဲ့ ၄င်းရဲ့ နယ်စပ်ဒေသ မတည်ငြိမ်မှုကို အခြားသော အချက်တွေထက် ပိုမိုဦးစားပေးလိမ့်မယ်လို့ ယူဆရပါတယ်။
အိမ်နီးချင်းနိုင်ငံက ဝန်ကြီးချုပ် ရဟတ်ယာဥ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံဆီ တိမ်းရှောင်သွားနေချိန်မှာ မြန်မာနိုင်ငံမှာလည်း စစ်ကောင်စီ ရဲ့ လက်နက်ကိုင် တပ်တွေ စစ်ရေးရှုံးနိမ့်နေပြီး ရှမ်းမြောက်အခြေစိုက် စစ်တိုင်းဌာနချုပ် တခုလက်လွှတ်လိုက်ရတဲ့ အခြေအနေအထိ ရောက်ရှိပြီး စစ်တိုင်းမှူးတွေ အပါအဝင် အရာရှိကြီးအချို့ပါ ဆန့်ကျင်ဘက် လက်နက်ကိုင် အဖွဲ့ လက်ထဲ ကျရောက်သွားတဲ့ အခြေအနေတွေ ရင်ဆိုင်ရပြီးနောက် သြဂုတ်လ ၅ ရက်နေ့မှာ စစ်ကောင်စီ ခေါင်းဆောင်က နိုင်ငံကို မိန့်ခွန်းပြောမယ်လို့ သြဂုတ် ၅ ရက်နေ့ နေ့ခင်းပိုင်းမှာ ကြေညာပြီး သြဂုတ် ၅ ရက်နေ့ညမှာ စစ်ယူနီဖောင်းဝတ်ဆင်ပြီး မိန့်ခွန်း ပြောခဲ့တာ ဖြစ်ပါတယ်။
၄င်းရဲ့ မိန့်ခွန်းကို အနှစ်ချုပ်ကြည့်ရင် ပြည်တွင်းစစ် ဖြစ်ပွားလာရခြင်းဟာ NLD မဲမသမာမှုကြောင့်လို့ အပြစ်ဖို့ခဲ့ကာ အဲဒီနောက် စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တိုက်ခိုက်ချင်သူတွေကို ကူညီအားပေးခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို အပြစ်တင် ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ ဒိအပြင်တော့ အခုလို စစ်ပွဲတွေမှာ သုံးနိုင်ဖို့ သေနတ်တွေ၊ ရော့ကက်လောင်ချာတွေနဲ့ လက်နက်ခဲယမ်းတွေကို စက်ရုံတည် ထုတ်လုပ်ပေးနေကြတယ်ဆိုတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ပြည်ပနိုင်ငံတွေကို အပြစ်တင်ပြောဆိုပြီး ဒီလို အချက်အလက်တွေကို ပိုမိုသိရှိအောင် လုပ်ဆောင်မယ် ဆိုတာမျိုးပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်၊ UWSA က မြောက်ပိုင်း ညီနောင် လက်နက်ကိုင် ၃ ဖွဲ့အပေါ် သြဇာ ရှိခြင်း၊ ၁၀၂၇ စစ်ဆင်ရေး ပထမအကျော့မှာ ဟိုပန်နဲ့ ပန်လုံမြို့တို့ကို MNDAA က သိမ်းယူပြီး ရက်ပိုင်းအတွင်း UWSA ထံ လွှဲပြောင်းပေးခဲ့တဲ့ အဖြစ်အပျက်တွေကို ရည်ရွယ်ပြီး စစ်ကောင်စီက ကိုးကန့် လက်နက်ကိုင်တပ်၊ TNLA နဲ့ AA တို့နဲ့ UWSA ရင်းနှီးတဲ့ ဆက်ဆံရေး အပြန်အလှန် အပေးအယူရှိကောင်းရှိနိုင်တဲ့ ဆက်ဆံရေးတွေကို ၄င်းတို့ အနေနဲ့ သတိပြုမိပြီးဖြစ်ကြောင်း ထုတ်ပြောဆိုတဲ့ သဘောလည်း ဖြစ်နိုင်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယ အကျော့ ဖြစ်ပွားပြီး အတန်ကြာ လားရှိုးမြို့ စတင်တိုက်ခိုက်ခံရချိန်မှာ စစ်ကောင်စီအနေနဲ့ ဝ တပ်ဖွဲ့တွေကို တန့်ယန်း၊ မိုင်းရယ်၊ နဲ့ လားရှိုးမြို့တွေအထိ ဝင်ရောက်နေရာယူဖို့ ဖိတ်ခေါ်ခဲ့တာလား၊ သို့တည်းမဟုတ် UWSA က ပဲ စတင်ကမ်းလှမ်းကာ ကြားဝင်တားဆီးပေးမယ်လို့ မျှော်လင့်ချက်နဲ့ စစ်ကောင်စီက ခွင့်ပြုခဲ့တာလား ဆိုတာ ခုချိန်မှာ ဘယ်သူမှ တိတိလင်းလင်း ထုတ်ဖေါ်ပြောဆိုတာ မရှိလို့ ရှင်းရှင်းလင်းလင်း မသိကြရသေးပါဘူး။
စစ်ကောင်စီ ခေါင်းဆောင်ရဲ့ မိန့်ခွန်းကို ချုံ့ကြည့်ရင် ပြည်ပ အားပေးထောက်ခံမှုကို တန့်သွားအောင် ဝေ့ဝိုက် ရည်ညွှန်းပြောဆိုတာ၊ လက်ရှိ အကြပ်အတည်းကို အလျော့မပေးဘဲ ဆက်လက်ရင်ဆိုင်မယ် ဆိုတဲ့ သဘောမျိုးကို စစ်တပ်ထောက်ခံသူတွေကို သိစေချင်တဲ့ ရည်ရွယ်ချက် တို့က အဓိက ဖြစ်ပြီး စစ်ရေးမှာ ဆက်တိုက် အရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့ ၄င်းရဲ့ လက်နက်ကိုင်တပ်တွေကို နှစ်သိမ့်တဲ့ ပြောဆိုမှုအပြင် ရပ်တည်ချက် အားဖြင့် ဘာမှ အပြောင်းအလဲ မတွေ့ရတာကို သတိပြုမိပါတယ်။ အိမ်နီးချင်း နိုင်ငံက အာဏာရှင် တဦး နိုင်ငံက ထွက်ပြေးတိမ်းရှောင် ရစဥ် မြန်မာနိုင်ငံမှာတော့ စစ်အာဏာရှင် က အဆိုးဆုံး အခြေနေကို ဆက်လက်ရင်ဆိုင်မယ် ဆိုတဲ့ ကြုံးဝါးတဲ့ သဘောပါတဲ့ မိန့်ခွန်းသာ ပြောဆိုသွားတာ တွေ့ရပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar