Breaking News

မြဇင်ယော် - စာအုပ်ဆိုင်လေးများ

Photo- Elena Dillon
စာအုပ်ဆိုင်လေးများ
မြဇင်ယော်
(မိုးမခ) ဇူလိုင် ၈၊ ၂၀၂၀


ကိုယ့်မြို့မှာ စာအုပ်ဆိုင်ရှိတယ်၊ စာအုပ်ဝယ်လို့ရတယ်တဲ့။ သူငယ်ချင်းကပြောတော့ ကိုယ့်မှာ အံ့သြလို့၊ ဝမ်းသာလို့။ စာအုပ်ဆိုင်သက်တမ်းက မနည်းတော့ဘူး ကြာပြီတဲ့။ သူငယ်ချင်းကပြောပြန်တော့ ပြန်မထွက်တဲ့ရှားပါးစာအုပ်တွေရှိနေမလား တအားသိချင်လာတယ်။ ပိုက်ဆံက လက်ထဲမရှိ‌သေးလို့ မဝယ်နိုင်သေးဘူးဆိုပေမယ့် စာအုပ်အရင်ကြည့်မယ်ဆိုပြီး သူငယ်ချင်းကို လိုက်ပို့ခိုင်းရတယ်။ သူငယ်ချင်းခေါ်သွားတဲ့ဆိုင်က တကယ်တော့ ဖုန်းဆိုင်ကြီးပါ။ ဟိန်းနေတာပဲ။ ကောင်တာအမျိုးမျိုးမှာ ခင်းပြထားတဲ့ ဖုန်းအမျိုးမျိုး၊ ဖုန်းနဲ့ဆက်စပ်ပစ္စည်းအမျိုးမျိုး။ " ဟာ သူငယ်ချင်း စာအုပ်တွေက ဘယ်မလဲ " ဆိုတော့ " လာ အထဲမှာ " တဲ့။ 

အထဲထဲလိုက်ဝင်သွားတော့ နံရံမှာကပ်နေတဲ့ စာအုပ်စင်ကြီးနဲ့ စာအုပ်စင်ကြီးပေါ်မှာ ဖုန်အလိမ်းလိမ်းကပ်နေတဲ့ စာအုပ်တွေ၊ ရာနဲ့ချီပြီး ရှိမယ်ထင်တယ်။ ဆိုင်ရှင်က ဖုန်းရောင်းတဲ့ဘက်မှာ အရောင်းဝန်ထမ်းတွေနဲ့ လွှဲထားပြီး ကိုယ်ရွေးချထားတဲ့ စာအုပ်တွေကို ဖုန်ခါပေးနေတယ်။ သူ့ကိုကြည့်ရတာ စာအုပ်လာကြည့်တဲ့လူရောက်လာလို့ ပျော်နေပုံ၊ ဝမ်းသာနေပုံပဲ။ သူငယ်ချင်းကလည်း စာအုပ်တွေကို ကူစီပေးနေရှာတယ်။ " ဒီဆိုင်မှာ စာအုပ်ရောင်းမှန်းမသိခဲ့ဘူး၊ သိရင် တောက်လျှောက်လာကြည့် လာဝယ်ပါတယ် " ဆိုတော့ ဆိုင်ရှင်က " ရောင်းတာကြာပြီ၊ ကိုယ်ဖတ်ချင်တာလည်း ဝယ်တယ်၊ ပြန်ရောင်းဖို့လည်းဝယ်တယ်။ ဖုန်းတွေ ခေတ်မစားခင်ကတော့ နေ့တိုင်း အများကြီးမဟုတ်တောင် ရောင်းနေရတာပဲ၊ အခုတော့လည်း တွေ့တဲ့အတိုင်းပဲ၊ စာအုပ်စင်ကြီးဟာ တဖြည်းဖြည်း ချောင်ထဲရောက်လာတာပဲ " တဲ့။ 

ဆိုင်ရှင်အနေနဲ့တော့ စာအုပ်တွေ တောက်လျှောက် ဝယ်ဖတ်နေဆဲပါပဲ။ သူနဲ့နီးစပ်ရာ လူငယ်လူရွယ်တွေကိုလည်း သူ့စာအုပ်တွေငှားပြီး ဖတ်ကြည့်ဖို့ တိုက်တွန်းနေဆဲ၊ စည်းရုံးနေဆဲပဲ။ အဲ့ဒီနေ့က ကိုယ်ဝယ်တော့လည်း အရင်တုန်းကစျေးအတိုင်းပေးတဲ့အပြင် လျှော့ပေးခဲ့သေးတယ်။ သို့သော် စာအုပ်စင်ကြီးကိုတော့ ဖုန်းကောင်တာတွေရှေ့ရောက်အောင် မထုတ်နိုင်သေးရှာဘူး။ တကယ်တော့ ဒီဆိုင်မှ မဟုတ်ပါဘူး။ စာအုပ်အငှားဆိုင်တွေ ခေတ်စားစဥ်က အငှားဆိုင်တပိုင်း၊ အရောင်းဆိုင်တပိုင်းလုပ်တဲ့ စာအုပ်ဆိုင်တွေလည်း ယဲ့ယဲ့လေးပါပဲ။ ယဲ့ယဲ့လေးဆို စာအုပ်အစုံဆုံးပဲလို့ ကိုယ့်မြို့မှာ နာမည်ကြီးတဲ့ဆိုင်ကို ရောက်တုန်းကဆိုရင် အရင်က ငှားတဲ့ စာအုပ်တော်တော်များများကို ရောင်းပစ်လိုက်ပြီတဲ့။ အခုလတ်တလော ရောင်းဖို့ စာအုပ်အသစ်လေးတွေကို မှန်ဗီရိုလေးနဲ့ထည့်ထားတယ်။ တကယ့်ကို နည်းနည်းလေးပါပဲ။ ကျန်တဲ့စာအုပ်တွေ ငှားသေးလား မေးကြည့်တော့ ဖတ်ချင်ရင်ငှားပါတယ်လို့ဆိုပါတယ်။ ကိုယ်ရွေးကြည့်တော့ မောင်မိုးသူ ဘာသာပြန်တဲ့ စာအုပ်တအုပ် ဖတ်ချင်တာနဲ့ ငှားလိုက်တယ်။ တရက်ငှားခက ၃၀၀ ကျပ် တဲ့။ ရက်လွန်ကြေးကလည်း တရက် ၃၀၀ ကျပ် တဲ့။ ဆိုင်ရှင်ကတော့ " ရက်လွန်းကြေးတွေ ဘာတွေလုပ်မနေပါနဲ့ သမီး၊ သမီးပြီးမှ ပြန်ပေးပါ၊ ဒီအချိန်မှာ စာအုပ်ငှားတဲ့သူရှိနေတာကိုက ဟုတ်တုတ်တုတ် ဖြစ်နေတာ " တဲ့။ 

အဲ့ဒီဆိုင်ရှင်ဆိုရင် ကျောင်းဆရာဘဝကနေထွက်ပြီး စာအုပ်ဆိုင်ကို ဦးစီးခဲ့တာ။ စာအုပ်ဆိုင်အပေါ်မှာ အဲ့ဒီလောက်သံယောဇဥ်ကြီးခဲ့တာ။ တခါကလည်း သူငယ်ချင်းက ဆရာကြီးရွှေဥဒေါင်းရဲ့ တသက်တာမှတ်တမ်း စာအုပ်ကြီးလိုချင်လို့ဆိုပြီး အဲ့ဒီဆိုင်ကို သွားသတဲ့။ ဆိုင်ရှင်က အခုတော့မရှိသေးဘူး။ ယူမှာသေချာရင်မှာပေးမယ်လို့ပြောတယ်တဲ့။ စာအုပ်စျေးက မူရင်းစျေးထက် ၁၀၀၀ ပိုကျမယ်လို့ ပြောတယ်တဲ့။ ပို့ခအတွက် ပိုပေးရတဲ့သဘောပါ။ သြော် ယူမှာသေချာပါမှ မှာရောင်းရတဲ့အဖြစ်ကိုး။ အဖေကတော့ " ၁၀၀၀ ပိုလည်းပိုပို၊ ဒီမှာပဲ ဝယ်လိုက်၊ အဲ့ဒါမှ စာအုပ်ဆိုင်လေးတွေ ရပ်တည်နိုင်မှာပေါ့ " တဲ့။ 

ကိုယ်တခုကြုံဖူးတာရှိတယ်။ ကိုယ့်ရဲ့ပထမဆုံးပုံနှိပ်စာမူလေး မိုးမခမဂ္ဂဇင်းမှာပါတဲ့အကြောင်းသိလိုက်ရတော့ ဆိုင်ကယ်တစီးနဲ့ တမြို့လုံးပတ်ပြီး စာအုပ်ဆိုင်ရှာပုံတော်ဖွင့်တာ။ ဘာစာပေ ညာစာပေဆိုပြီး ဆိုင်း ဘုတ်တင်ထားသမျှဆိုင်တွေထဲဝင်ပြီး မိုးမခမဂ္ဂဇင်းရှိသလားမေးတာ။ တချို့က ကိုယ့်တောင် ပြန်မေးလိုက်သေးတယ်။ " အဲ့ဒါ ဘာလဲ" တဲ့။ လစဥ်ထုတ်မဂ္ဂဇင်းဖြစ်တဲ့အကြောင်း ပြန်ပြောပြခဲ့ရသေးတယ်။ နောက်ဆုံးဆိုင်မှာတော့ ဆိုင်ရှင်က ကိုယ်ပြောတာ နားမလည်တာလားမသိဘူး။ ဒါ ဒီလထုတ် အသစ်ရောက်တဲ့ မဂ္ဂဇင်းတွေပဲဆိုပြီး အကုန်ထုတ်ပြတယ်။ သူထုတ်ပြတာတွေက လှို့ဝှက်ဆန်းကြယ် ဂမ္ဘီရ မဂ္ဂဇင်းတွေ။ ဆိုင်ရှင်က ပြောသေးတယ်။ " ငါ့နှမရယ် စာအုပ်လာမေးတဲ့လူ၊ လာငှားတဲ့သူဆိုတာ နေ့တိုင်းမရှိဘူး။ ဒါလေးတွေတောင် တယောက်စ နှစ်ယောက်စငှားလို့တင်ထားရတာ၊ အကိုတို့မှာ စာအုပ်ချုပ်ခလေးနဲ့ အသက်ဆက်နေတာ။ စာအုပ်ကလည်း ကျောင်းဖွင့်ရာသီလေးပဲ ချုပ်ရတာ၊ ကျန်တဲ့အချိန်တွေဆို ဆိုင်ခန်းငှားခတောင် မရဘူး၊ ဒီဆိုင်လေးလည်း မကြာခင်ဖြုတ်တော့မှာပါ " တဲ့လေ။ 

ကျောင်းသုံးပုံနှိပ်စာအုပ်တွေ ချုပ်ပေးနေတဲ့စာအုပ်ဆိုင်လေး။ 

အခုတော့ စာအုပ်ဆိုင်လေးတွေက မရှိသလောက်၊ ရှိတဲ့ဆိုင်ကလည်း ပါချည်ပါချဲ့ဆိုတော့ စာအုပ်ငှားဖတ်ချင်ရင် ပြန်ဆက်စာကြည့်တိုက်ကိုပဲ အားကိုးရတယ်။ မနေ့က ကိုယ်စာအုပ်သွားငှားတော့ စာကြည့်တိုက်မှုးက နံပါတ်နေရာမှာ ၁၂၅ လို့ရေးလိုက်တယ်။ ဟာ ဒါဆို ဒီစာကြည့်တိုက်က စာအုပ်ငှားဖတ်တဲ့သူ ရာကျော်ရှိတာပဲ။ ဝမ်းသာစရာကြီးပါပဲ။ တဖက်က ကလေးစာဖတ်ခန်းမှာလည်း ကလေးတွေ တအုံးအုံး။ ဆူညံပွက်လောရိုက်နေကြတာပဲ။ တခါတလေ တယောက်နဲ့တယောက် စာအုပ်နဲ့ လိုက်ရိုက်ချင် ရိုက်နေကြတာ။ ဘယ်လိုနေနေ စာဖတ်ခန်းထဲမှာ ကလေးတွေရှိနေတာကိုက စိတ်ချမ်းသာစရာကြီးပါပဲ။ စာကြည့်တိုက်ရှေ့မှာ အားကစားလုပ်တဲ့ပစ္စည်းတွေလည်း ရှိတယ်။ လူငယ်လေးတွေဟာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ဖို့လာရင်း ဟာ စာကြည့်တိုက်တဲ့ဟ၊ ဝင်ကြည့်ဦးမှပဲဆိုပြီး ဝင်မွှေကြ၊ ကြိုက်တာတွေ့ရင် ငှားသွားကြနဲ့ တော်တော်အဆင်ပြေနေကြတယ်။ လစဥ်ထုတ်မဂ္ဂဇင်းတွေ အစုံတော့မရှိပေမယ့် တချို့တလေ ထားပေးထားတော့ သူတို့အတွက် အံကိုက်ပါပဲ။ စာအုပ်ငှားဖတ်ဖို့တော့ ဟုတ်ပါပြီ။ စာအုပ်ဝယ်ချင်ရင်တော့ အွန်လိုင်းကနေ မှာနေရဆဲ။ ရှားရှားပါးပါး လူကြုံတွေရှိရင် မှာနေရဆဲ။ စာတိုက်ကနေ မှာနေရဆဲ။ 

ကိုယ့်သဘောကတော့ ကိုယ့်မြို့မှာပဲ ကိုယ်တိုင်ကိုယ်ကျ စာအုပ်လေးတွေကို လက်နဲ့သေချာကိုင်ပြီး ရွေးဝယ်ချင်ပါသေးတယ်။ စာမျက်နှာ၊ စာရွက်အသား၊ စာအုပ်အရွယ်အစား၊ စာလုံးအရွယ်အစားလေးတွေကို ကိုယ့်မျက်စိနဲ့ကြည့်ပြီး ရွေးချင်မိပါသေးတယ်။ အားလပ်ချိန်လေးတွေမှာ မုန့်ဆိုင် အအေးဆိုင်မဟုတ်ဘဲ စာအုပ်ဆိုင်မှာ စာအုပ်ရွေးရင်း ၊ စာ အမြည်းလေးလည်းဖတ်ရင်း အချိန်ဖြုန်းလိုက်ချင်ပါသေးတယ်။ ။ 

မြဇင်ယော်