နေပြည်တော်သိမ်းအောင် - ကိုယ်ဖော်တဲ့ဆေးကြောင့် ဒုက္ခပြန်ရောက်နေရတဲ့ ဈေးကွက်စီးပွားရှာတပ်
နေပြည်တော်သိမ်းအောင် - ကိုယ်ဖော်တဲ့ဆေးကြောင့် ဒုက္ခပြန်ရောက်နေရတဲ့ ဈေးကွက်စီးပွားရှာတပ်
(မိုးမခ) ဩဂုတ် ၆ ၊ ၂၀၂၄
တပြည်လုံးအနေနဲ့ တတိယ အခိုင်မာဆုံးလို့ ဆိုတဲ့ ရမခစစ်ဌာနချုပ်ကို လက်လွှတ်လိုက်ရခြင်းက စစ်ရေးစွမ်းရည် ဘယ်လောက် ညံ့ဖျင်းနေတယ်၊ တိုက်ခိုက်လိုစိတ် ဘယ်လောက်လျော့နည်းနေတယ်၊ စိတ်ဓာတ် ဘယ်လောက် ကျဆင်းနေကြတယ် ဆိုတာကို သက်သေပြလိုက်တယ်။
၁၀၂၇ စတင်ကတည်းက ခံစစ်ပြင်ဆင်ဖို့ အချိန်အတန်အသင့် ရခဲ့တဲ့ကြားက အခုလိုဖြစ်သွားတာဟာ အကြမ်းဖက်စစ်တပ်ရဲ့ ပကတိအနေအထားကို ပိုမြင်စေခဲ့တယ်။ ဒီ ၁၀၂၇ စစ်ဆင်ရေး ကာလတလျှောက် ဗိုလ်မှူးချုပ် ဆင့်နဲ့အထက် ပြုန်းတီးအင်အား(သေဆုံး/လက်နက်ချ/ဖမ်းမိ/အဆုံးစီရင်)စာရင်းတွေ့လိုက်ရတဲ့အခါ ဒီအချက် က ပိုထင်ရှားသွားတယ်။
ဒီစစ်ဆင်ရေးတွေနဲ့ ဆက်စပ်ပြီး ပြုတ်/ထောင်ကျ/ရာထူးချ/အရန်အင်အား အပို့ခံလိုက်ရတဲ့ ပိုရာထူးကြီးတဲ့အဆင့်တွေကိုပါ ထပ်ထည့်တွက်လိုက်ရရင် အကြမ်းဖက်စစ်တပ်သမိုင်းမှာ ဒီလိုအိပ်မက်ဆိုး မျိုး တခါမှ မက်ခဲ့ဖူးမယ် မထင်ပါဘူး။
စစ်သားလုပ်ပြီး မတိုက်ခိုက်ရဲ၊မတိုက်ခိုက်ချင် ရှေ့တန်းသွားရမှာ တွန့်ဆုတ်နေကြပြီ ဆိုကတည်းက တခုခု မှားယွင်းနေပြီလို့ ပြောနိုင်တယ်။ လက်တဆုပ်စာ ကျည်ဆန်ပဲ ရစေဦးတော့ ရှေ့တန်းထွက်ဖို့ဆိုရင်
တက်ကြွနေတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ စိတ်ဓာတ်တွေနဲ့ တခြားစီပဲ ဆိုတာကို မြင်နေရတယ်။
စစ်ဆင်ရေးဦးစီးကြတဲ့ တပ်မှူးကြီးငယ်တွေက စစ်သားစိတ် အပြည့်မရှိတော့ပဲ၊ ငွေရပေါက်တခုတည်းကိုသာ ဇောကပ်နေတဲ့ စီးပွားရေးသမားစိတ် ဝင်သွားကြတဲ့ နောက်ဆက်တွဲရလဒ်ကလည်း ကျရှုံးစေတဲ့ အချက်တွေထဲက တခုလို့ ဆိုရလိမ့်မယ်။
မတရားသဖြင့် ရယူထားတဲ့ စည်းစိမ်ငွေကြေးတွေနဲ့ ယစ်မူးသာယာရင်း၊ ကြွယ်ဝတဲ့ မိသားစုတွေ ဖြစ်လာကြတဲ့ စစ်အရာရှိကြီးတွေအဖို့ မဖြစ်လို့သာ စစ်တိုက်နေရတယ်၊ တိုက်ရဲ၊ သေရဲ၊ စွန့်စားရဲတဲ့စိတ်က တိုက်ပွဲဝင် စစ်သား တယောက်မှာ ရှိသင့်သလို မရှိတော့ပဲ အလွန်လျော့ကျသွားပြီ။
မတိုက်ရဲ၊ မသေရဲ၊ မစွန့်စားရဲတဲ့ တပ်မှူးတွေ ဦးဆောင်တဲ့ စစ်ပွဲ၊ အောင်နိုင်တယ်လို့ စစ်သမိုင်းမှာ ဘယ်တုန်းကများ ရှိခဲ့ဖူးလို့လဲ။ အပွင့်အခက် ပိုင်ရှင်တွေ ဘယ်လိုကဘယ်ပုံ စီးပွားရေးသမား စိတ်ပြောင်းသွားကြသလဲ။
ဒေါ်စိန်အေးကျောင်း ဆင်းလိုက်တာနဲ့ ဘူဇွာဓနရှင်လေးဘဝကနေ ခရိုနီ ခရိုပြာ ခရိုရောင်စုံတွေအထိ ဖြစ်သွားအောင် စစ်အာဏာရှင် အဆက်ဆက်ကပဲ ဇာတ်သွင်းခဲ့ကြတာပါ။ သူတို့ကို ပြန်မလှန်ရဲ၊ ဖော်ကောင်မလုပ်ရဲအောင် တတက်စားလည်း ကြက်သွန်၊နှစ်တက်စားလည်း ကြက်သွန် ဆိုပြီး အတူ အကျင့်ပျက် လာဘ်စားစေခဲ့တာက စပါတယ်။
ဒီလိုနဲ့ အပွင့်အခက် အနည်း အများပေါ် လိုက်ပြီး စီးပွားဖြစ်ထွန်းတဲ့ လူတန်းစားတရပ် ပေါ်လာတယ်။ မတော် မတရား ရထားတဲ့ ကိုယ့်ခံစားခွင့်တွေနဲ့ သာယာပြီး တယောက်အပြစ် တယောက်ပြောမနေကြတော့ဘူး။ အဲဒီရှုထောင့်ကကြည့်ရင်တော့ အကျင့်ပျက် လာဘ်စားတဲ့ အဝန်းအဝိုင်းထဲ ဆွဲသွင်းတဲ့ နည်းဗျူဟာက အောင်မြင် တယ်လို့ ဆိုရမယ်။ ဒါပေမဲ့ နောက်ဆက်တွဲ ပြဿနာ အကြီးကြီးရှိပါတယ်။
အကြမ်းဖက်စစ်ခေါင်းဆောင်နဲ့ သူ့မိသားစု၊ ရာထူးကြီး စစ်အုပ်စုဝင်များရဲ့ လောဘဇောတိုက် ငမ်းငမ်းတက်ငွေ နောက်လိုက်ကြတာက အားလုံးသိကြတဲ့အတိုင်း ဖုံးဖိမရတော့ပါဘူး။ ဒီနေရာမှာ သူတို့လိုပဲ ရှေ့ကနေ မြိုးမြိုး မျက်မျက် အိပ်ကပ်ထဲ ထည့်သွားခဲ့ကြပုံကို ပြန်သတိရအောင် ထည့်ရေးချင်ပါတယ်။ သိပြီးသူတွေ ရှိနိုင်ပေမယ့် ဒီ လို ပြည်သူ့ဘဏ္ဍာ ကိုယ့်ဟာမှတ်ပါလို့ဆိုတဲ့ စစ်အုပ်စုတွေ လက်ထဲ တနေ့ တရက်ပဲဖြစ်ဖြစ် ဆက်ရှိနေသရွေ့၊ တိုင်းပြည် ပိုနစ်မယ်ဆိုတာကို ခေါင်းထဲက မပျောက်စေချင်တဲ့အတွက်ပါ။
Earth Rights International (ERI)က ရရှိခဲ့တဲ့ အိုင်အမ်အက်ဖ် (IMF) ရဲ့ လျှို့ဝှက်ကန့်သတ် အချက်အလက် စာရင်းကို မူတည်ပြီး အစီရင်ခံစာတခု လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်က ထုတ်ဝေခဲ့ဖူးပါတယ်။
စစ်အစိုးရရဲ့ ၂၀၀၇/၀၈ ဘတ်ဂျက်မှာ သဘာဝဓာတ်ငွေ့ ရောင်းချငွေက ဘတ်ဂျက်ဝင်ငွေစုစုပေါင်းရဲ့ (၁)ရာခိုင်နှုန်းအောက်ပဲ ရှိခဲ့တယ် ဆို ပါတယ်။ ရှိခဲ့တယ်ဆိုတာထက် စာရင်းပြထားခဲ့တယ်ပဲ ပြောပါတော့။
အရေးကြီးတဲ့ မှတ်ချက်လာပါပြီ။ အမှန်တကယ်က (၅၇) ရာခိုင်နှုန်း ရှိရမှာပါတဲ့။ (၁) နဲ့ (၅၇) စာရိုက်လွဲတာတော့ မ ဖြစ်နိုင်ဘူး။ ဘယ်လို ဘယ်ပုံလွဲသွားရတာလဲဆိုတော့ အဲဒီအချိန်က တဒေါ်လာ ပေါက်စျေးက တစ်ထောင်ကျပ် ဝန်းကျင်မှာ ရှိပါတယ်။
အစိုးရသတ်မှတ်နှုန်းထားအရက ၆ ကျပ်လောက်ပဲ ရှိပါတယ်။ တကယ် အဝင်ပြရမှာက စုစုပေါင်း ဒေါ်လာ ၄.၈ ဘီလီယံလောက်ပါ၊ ၆ ကျပ်နှုန်းနဲ့ အလဲပြလိုက်တော့ ဒေါ်လာ ၂၉ သန်းပဲ ဘတ်ဂျက်ထဲ ဝင် သွားခဲ့ပါတယ်။ ကျန်တဲ့ ဘီလီယံချီတဲ့ ဒေါ်လာတွေ ဘယ်ရောက်သွားသလဲ စဉ်းစားသာ ကြည့်ကြပါတော့။ မီလီယံ မဟုတ်ဘူးနော်၊ ဒေါ်လာ ၅ဘီလီယံနီးပါး စာရင်းဖျောက်ခံခဲ့ရတာ။
ဒါက သဘာဝဓာတ်ငွေ့ တခုတည်းရဲ့ တနှစ်စာ ဘတ်ဂျက် ဥပမာပဲ ရှိပါသေးတယ်။ ဒီဖေါ်မြူလာသုံးပြီး ရှိသမျှ တွင်းထွက်သယံဇာတမျိုးစုံ ရောင်းချတဲ့အခါ အခုလိုပဲ တပတ်ရိုက်စားနေကြမှာကိုတော့ ဘယ်သူကမှ သံသယ ရှိကြမှာ မဟုတ်ပါဘူး။
ငပလီ ကြယ်ငါးပွင့်ဟိုတယ်ကြီးတွေရဲ့ ပိုင်ဆိုင်မှုစာရင်းတွေ ထွက်လာတော့လည်း ဒီစစ်အာဏာရှင် အဝန်းအဝိုင်းထဲကပဲ ဆိုတာတွေ့ရတယ်။ အခုဟာက ဥပမာအနည်းအကျဥ်းပဲ ရှိပါသေးတယ်။ နောက်ဆက်ခံသူ စစ်အာဏာရှင် အဆင့်ဆင့်ကလည်း သူတို့ရှေ့ကအဖွဲ့တွေလိုပဲ ကိုယ့်မိသားစု ပိုင်ဆိုင်မှုစာရင်း ဘယ်လိုတိုးပွါးလာအောင် လုပ် ရမလဲ ဆိုတာကိုသာ အားကြိုးမာန်တက် လုပ်ဆောင်ကြတယ်။
ရလဒ်ကတော့ စစ်သားလို စစ်တိုက်တာကလွဲရင်၊ ပိုက်ဆံရတဲ့လမ်းမှန်သမျှ လုပ်တတ်တဲ့ ‘စီးပွါးရှာ တိုက်မတော်’ကြီးအဖြစ် ကျန်ရစ်ခဲ့တာပါပဲ။ စီးပွားရေးသမားတပိုင်း စစ်ဗိုလ်တပိုင်း ဖြစ်ကုန်ကြပြီ။
ဒါဟာ ငွေကြေး ပိုင်ဆိုင်မှုတွေနဲ့ ချည်နှောင်ထိန်းချုပ်ထားမိခြင်းရဲ့ ဘေးထွက်ဆိုးကျိုးပဲ။ ဒါ့ကြောင့် သူဌေးသူကြွယ် စာရင်းဝင် ခေါင်းပေါင်းအဆင့်တွေဘက်က အသက်စွန့်ပြီး ရွပ်ရွပ်ချွံချွံ မတိုက်ချင်ကြတော့တာ မဆန်းတော့ပါဘူး။
အောက်ခြေစစ်သားအဆင့်တွေကျတော့လည်း ဘယ်လိုပဲ ပြင်ပသတင်းတွေ ဖြတ်တောက်ထားပါစေ၊ မိသားစု စားဝတ်နေရေး ဘယ်လိုကျပ်တည်းနေတယ်၊ စစ်သားမိသားစုမှန်း မသိအောင် လျှို့ဝှက်သွားလာနေရတယ် စ တာတွေကိုတော့ အနည်းဆုံးသိကြပါတယ်။ အထက်အောက် ခံစားခွင့် မိုးနဲ့မြေ ကွာပြီး၊ သူတို့အသက်ပေး ကာကွယ်နေရတာက နိုင်ငံနဲ့ ပြည်သူအတွက် မဟုတ်တာကိုလည်း တဖြည်းဖြည်း ပိုသိမြင်လာကြပါပြီ။
ဒီတော့ အောက်ခြေမှာ စစ်တိုက်လိုစိတ်နည်းပါး၊ စိတ်ဓါတ်ကျဆင်း လာသူတွေနဲ့ စစ်သားစိတ်လျော့ပြီး တိုက်လို ခိုက်လိုစိတ် နည်းပါးလာတဲ့ အကြမ်းဖက်တပ်မှူးတွေ ပေါင်းပြီးတိုက်တဲ့ဘက်က ရှုံးပွဲတွေ ဆက်တိုက် ကြုံလာရတာကို အံ့ဩစရာလို့ မဆိုနိုင်တော့ပါဘူး။
‘လည်သလို အကျင့်ပျက် လာဘ်စားကြ’လို့ တရားဝင်အမိန့်သာ မထုတ်ခဲ့ပေမယ့်၊ အခုတော့ ကိုယ်ဖော်တဲ့ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် စီးပွားရေးသမားတပိုင်း အပွင့်အခက်ပိုင်ရှင်တွေ ကြွယ်ဝမှုအပေါ် သာယာယစ်မူးရင်း စစ်တိုက်လိုစိတ်တွေ လျော့နည်း၊ စွန့်စားတိုက်ခိုက်လိုစိတ်တွေ ပျောက်ဆုံးလာခဲ့ပါပြီ။
ဒီလိုတပ်မှူးကြီးငယ်တွေ ကွပ်ကဲတဲ့ တပ်မှမပြိုရင် ဘယ်တပ်ပြိုပါ့မလဲ၊ ဒီလိုတပ်မှ မရှုံးရင် ဘယ်တပ် ရှုံးပါ့မလဲ လို့ပဲ ကမ္ဘာ့စီးပွားအရှာဆုံး၊ စိတ်ဓာတ်အညံ့ဖျင်းဆုံး၊ လူမဆန်ဆုံး၊ စွမ်းရည်အနိမ့်ကျဆုံး စစ်တပ်အပေါ် ကောက် ချက်ချ ကြရပါလိမ့်မယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar