Breaking News

နေသွင်ညိဏ်း - သင်္ဘောသီးထောင်းနိုင်ငံရေး (အဝေးမြင်)

Photo- Bangkok Post
သင်္ဘောသီးထောင်းနိုင်ငံရေး (အဝေးမြင်)
နေသွင်ညိဏ်း
(မိုးမခ) ဩဂုတ် ၁၇၊ ၂၀၂၄

အခု သက်ဆင် မိသားစုထဲကနေ တတိယမြောက် ဝန်ကြီးချုပ်ဖြစ်လာပြန်ပါပြီ။ အသက် ၃၇ နှစ်နဲ့ ထိုင်းရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ်၊ သူ့အဒေါ်ပြီးရင် ဒုတိယမြောက် အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာပါတယ်။ တကယ်တော့  ရွေးကောက်ပွဲကာလက သူဟာ လူငယ်မျက်နှာသစ်နိုင်ငံရေး သမားပီတာပြီးရင် လူအများဆုံးအာရုံစိုက်ခံရတဲ့သူတယောက်ပါပဲ။ 

နောက်သတိရမိတာက သူဟာ Hunger Game ပုံစံ လက်သုံးချောင်းထောင် အာဏာရှင်ဆန့်ကျင်ရေး သင်္ကေတကို ထိုင်းမှာ စတင်ခဲ့သူလို့ ကျနော် မှတ်မိနေပါတယ်။ မှားကောင်းမှားနိုင်ပါတယ်။ နောက်တော့ ထိုင်းရဲ့ လူထု လှုပ်ရှားမှုတွေမှာ လက်သုံးချောင်းသင်္ကေတခေတ်စားခဲ့ပြီး၊ ၂၀၂၁ နှစ်ဆန်းကျတော့ မြန်မာပြည်ရောက်လာပါတယ်။ 
+++++
ကမ္ဘာမှာ လူတယောက်တည်းဆီက စစ်တပ်က အာဏာ ၂ ခါသိမ်းတာ ထိုင်းနဲ့ မြန်မာပြည်မှာပဲ မြင်ဖူးတယ်။ ထိုင်းမှာတော့ အခု သက်ဆင် မိသားစုထဲက တတိယမြောက်ဝန်ကြီးချုပ် တက်လာပြန်ပြီ။ သက်ဆင်ဆီက အာဏာသိမ်းတာနဲ့ ယင်းလပ်ဆီက သိမ်းတုန်းက ထိုင်းမှာ ရောက်နေတော့ သူတို့ နိုင်ငံရေးကို အနည်းအပါး သိခွင့်ရခဲ့တယ်။ အထူးသဖြင့် ချင်းမိုင်နဲ့ မြောက်ပိုင်း ဒေသဟာ သက်ဆင်ရဲ့ အမာခံနယ်မြေတွေပေါ့လေ။ ညီမဖြစ်တဲ့ ယင်းလပ်က ချင်းမိုင် တက္ကသိုလ်ဆင်း၊ သူဟာ သက်ဆင်ရဲ့ ကိုယ်ပွားပါလို့ ပြောပြီး စည်းရုံးခဲ့တယ်။ သူနိုင်တယ်။ အခု ဒယ်ဒီကိုယ်ပွါးအလှည့်။ 
ကျနော် ၁၉၉၇ လောက်တကြိမ်၊ ၂၀၀၄ လောက်မှာ တကြိမ် ထိုင်းကို ရောက်ခဲ့ဖူးတယ်။ ၁၀ စု တခုအတွင်းမှာပဲ နိုင်ငံဟာ အတော်ပြောင်းလဲခဲ့တာ အသိသာကြီး။ 
မှတ်မိသလောက် ၁၉၉၇ ဟာ အာရှစီးပွားပျက်ကပ်ကာလဖြစ်တယ်။ ထိုင်းဘဏ်တွေကစတဲ့ စီး ပွားကပ်ပါပဲ။ စီးပွားဘက်တွေ အဓိက ထိကျပြီး အင်ဒိုနီးရှာမှာ ဆူဟာတို ပြုတ်ကျသွားတဲ့အထိဆိုပါတော့။ ၁၉၉၉ လောက်ရောက်တော့ အာရှစီးပွါးရေး ပြန်နာလံထနေပြီ။ ပြန်ကြည့်တော့ စီးပွား ရေးသမား သက်ဆင်ဟာ စီးပွားပျက်ကပ်ကာလမှာ ဒုဝန်ကြီးချုပ် ဖြစ်နေတယ်။
ထိုင်းစီးပွားရေးကို ကြည့်တဲ့အခါ အတက်တွေပဲ တွေ့တာများတယ်။ အာရှစီးပွားပျက်ကပ်ကာလ (၁၉၉၇-၉၈ )၊ ၂၀၀၉ နဲ့ ၂၀၂၀ ကိုဗစ်ကာလတို့မှာ မဆိုစလောက်လေး ကျခဲ့တယ်။ ကျန်အချိန်တွေ တဦးချင်းဝင်ငွေရော၊ တိုင်းပြည်စီးပွားရေးရော မှန်မှန်တက်ခဲ့တယ်။ 
၁၉၉၇ စီးပွားပျက်ကပ်မှာ အဓိကထိတဲ့ ထိုင်း၊ အင်ဒို၊ တောင်ကိုရီးယားတို့ကို နိုင်ငံတွေ၊ IMF တို့ ကမ္ဘာဘဏ်တို့လို နိုင်ငံတကာက ဝိုင်းကူကြလို့ စီးပွားရေးဟာ မြန်မြန်ဆန်ဆန်တက်လာတယ်။ 
သက်ဆင်ရဲ့ ခေတ်ဟာ ၂၀၀၁ မှာ စတယ်ဆိုရမယ်။ ထိုင်းစီးပွားရေး အတက်ကာလ။ စန်းထနေချိန် ပြောရမယ်။ ၂၀၀၄ မှာ ထိုင်းကို ကျနော်ရောက်တော့ စက်ရုံ အလုပ်သမားတွေတောင် ခေါက်ဖုန်းလေးတွေ၊ ဟန်းဖုန်းလေးတွေနဲ့။ ၁၉၉၈ လောက်ထိ ဒါမျိုးမတွေ့ခဲ့သေးဘူး။ မြန်မာပြည်မှာ သူဌေးတွေ ပွဲစားတွေပဲ ကိုင်နိုင်တဲ့အချိန်။
လူတွေပြောကြတာက ဝန်ကြီးချုပ်သက်ဆင်ဟာ ဆင်းရဲသားတွေကို ကြည့်တယ်ပေါ့။ ကျနော်တို့ နေခဲ့တဲ့အချိန် ချင်းမိုင်မှာ တားစီးရတဲ့ အနီရောင် တက္ကစီသမားတွေဟာ ဝန်ကြီးချုပ် သက်ဆင်ကို ကျေးဇူးရှင်လို သဘော ထားကြတာ တွေ့ရတယ်။ သက်ဆင်ဟာ ရွာတွေကို မီးလင်းအောင်လုပ်ပေးတာ၊ လယ်သမားတွေကို ငွေချေးပေးတာနဲ့လည်း လူကြိုက်များအောင် လုပ်ခဲ့တယ်။ 
ကျနော် မှတ်မိနေတဲ့ ဆောင်းပါးတပုဒ်မှာ ထိုင်းနိုင်ငံရေးသမားတွေဟာ ရေပေါ်စီဆန်ကြပြီး လူထုကို ကင်းကွာတာများလို သက်ဆင်လို လူထုနဲ့ လက်ပွန်းတတီး နိုင်ငံရေးသမား ပေါ်လာတော့ လူထုသည်းခြေကြိုက်ဖြစ်ကုန်တာလို ရေးထားတယ်။ 
ရဲအရာရှိဟောင်းသက်ဆင်ဟာ သူ့ရဲ့ မကောင်းအကြောင်းတွေ၊ အဂတိမှုတွေကို ဝေဖန် မီဒီယာတွေကိုတော့ အပြတ်ဆော်တယ်။  တရားစွဲခံရ၊ ဒေဝါလီ ခံရတဲ့ မီဒီတွေ မနည်းဘူး။ ကျနော်နဲ့ သိတဲ့ နာမည်ကြီး သတင်းစာ ဆရာကြီးဆိုရင် သက်ဆင်ကို အသေမုန်းပဲ။ ထေ့ငေါ့ချင်စရာက စီးပွား ရေးသမား သက်ဆင်ကို ဆင်းရဲသားတွေက ကြိုက်ကြပြီး ဘန်ကောက်နဲ့ မြို့ပေါ်က လူလတ်တန်းစားတွေက လူလည်နိုင်ငံရေးသမားလို့ မြင်ပြီး မကြိုက်ကြဘူး။ 
ဝန်ကြီးချုပ်ဟာ အဲအချိန်က ဟော့ရမ်းပြီး စရိုက်ဆန်တဲ့ ဘုရင့်သားကိုတောင် အိပ်ထောင်ထဲထည့်ထားတယ်လို့ အဆိုရှိတယ်။ တချို့ပွဲတွေမှာ သူက ဘုရင်စနစ်ကိုလည်း ဝေဖန်တယ်လို့ ဆိုတယ်။ ထိုင်းဘုရင်စနစ်ဟာ ဘယ်လိုပဲ ရှိပါစေ ဘုရင်ကြီး ဘူမိဘောကိုတော့ လူတွေက နတ်တပါးလို မင်းကောင်းမင်းမြတ်လို ချစ်ကြတာ။ ဒါပေမယ့် ဘုရင်ဟာ အိုနေပြီး အိမ်ရှေ့စံဟာလည်း ရာဇဣန္ဒြေမဲ့လွန်းတယ်။ သက်ဆင်ရဲ့ လူကြိုက်များမှုကို အစဉ်အလာ သမားတွေ၊ နန်းတွင်းအသိုင်းအဝိုင်းနဲ့ စစ်တပ်က စိုးရိမ်လာတယ်။ ကြောက်လာတယ်ထင်ပါတယ်။ နောက်ဆုံး မြို့ပေါ်လူတန်းစားနဲ့ ပညာတတ်တွေ၊ မီဒီယာတွေ၊ နန်းတွင်းနဲ့ စစ်တပ်ဟာ သက်ဆင်ကို မုန်းတဲ့နေရာမှာ ဆုံမိကြပြီး မြို့ပေါ်ဆန္ဒပြပွဲတွေနဲ့ စ၊ ၂၀၀၆ စက်တင်ဘာမှာ သက်ဆင် ထိုင်းမှာ မရှိတုန်း စစ်တပ်က အာဏာသိမ်းခဲ့တယ်။ ဒါက ကျနော် နားလည်တဲ့ ထိုင်းနိုင်ငံရေးပါ။ 
သက်ဆင် အလွန် နှစ်တွေဟာ ထိုင်းမှာ အနိီ၊ အဝါ နိုင်ငံရေးထိပ်တိုက်တွေမှုတွေနဲ့ မတည်ငြိမ်တဲ့ကာလတခုပါပဲ။ သက်ဆင်ကို လာဘ်စားမှုနဲ့တရားစွဲပေမယ့် သက်ဆင်ရဲ့မဲဆန္ဒရှင်တွေက လက်မခံပါဘူး။ စစ်တပ်က ဖွဲ့စည်းပုံကို ပြင်တယ်။ ဒါပေမယ့် ရွေးကောက်ပွဲလုပ်သမျှ သက်ဆင်ထောက်ခံခိုင်းတဲ့ လူတွေကိုပဲ ပြည်သူအများစုက မဲထည့်ကြတယ်။ 
မြန်မာပြည်မှာ နိုင်ငံရေး အပြောင်းအလဲကာလ ၂၀၁၁ မှာသက်ဆင်နဲ့ အသက် ၁၀ နှစ်ကွာတဲ့ ညီမငယ်ကလေး ယင်းလပ် တက်လာတယ်။ သက်ဆင်ဟာ သူအတွက်အကိုကြီး အဖရာ၊ သူ့ကိုယ်သူ သက်ဆင်ရဲ့ ကလုန်း ကိုယ်ပွားပါလို့ ပြောခဲ့တယ်။ အတွေ့အကြုံခပ်နည်းနည်း နိုင်ငံရေးဒဏ် သိပ်မခံနိုင်တဲ့ စမတ်ကျကျ ပညာတတ် ထိုင်းအမျိုးသမီး တယောက်ပါပဲ။ ထိုင်းမှာ ရေကြီးတော့ မိန့်ခွန်းပြောရင်း ငိုချခဲ့တယ်။ မဲရဖို့ အရေး ကမ္ဘာ့ဆန်စျေးကျချိန် လယ်သမားတွေဆီက စပါးတွေ စျေးမြှင့်ဝယ်ပြီး ဂိုဒေါင်ထဲ ထည့်ထားတာ စျေးကောင်းမရခင် အလေအလွင့်တွေများပြီး အာဏာအလွဲသုံးမှုနဲ့ တရားစွဲခံရပြန်တယ်။  မြန်မာပြည်မှာ အရပ်သားအစိုးရ မတက်ခင် ၂၀၁၄ မှာ ထိုင်းမှာ စစ်တပ်က နောက်တကြိမ် အာဏာသိမ်းပြန်တယ်။ 
နှစ်ကြိမ်စလုံးကို ကောင်းကောင်းမှတ်မိနေတယ်။ စစ်တပ်က ဝါဒဖြန့်ချိရေးကောင်းကောင်းနဲ့ သိမ်းတာ၊ မြို့ပေါ်မှာ လူတွေက စစ်သားတွေ တင့်ကားတွေနဲ့ ဓာတ်ပုံရိုက်ကြတဲ့ ကာလတွေ။ တောက လူတွေ ဘယ်လိုခံစားရသလဲဆိုတာတော့ mainstream မီဒီယာတွေမှာ (ကျနော်) မသိခဲ့ရပါဘူး။ 
ပြည်ပြေးသက်ဆင်ဘဝ၊ သူ့နှမ ဝန်ကြီးချုပ်ဘဝမှာ သက်ဆင်နဲ့ အင်တာ ဗျူးပြီး အတွင်းကျကျအကြောင်းတွေရေးတဲ့ စာအုပ်ထဲမှာ ထိုင်းနိုင်ငံရေးကို ပြေလည်စေဖို့ ဘုရင့် မိဘုရားကြီးသီရိခေတ်နဲ့ သက်ဆင်နှမ ယင်းလပ်တို့အပေါ် မူတည်နေတယ်လို့ စာရေးသူက ကောက်ချက်ဆွဲရေး ထားတာကို သတိရတယ်။ 
နောက်ပိုင်းနှစ်တွေကတော့ အများကြီးပြောင်းသွားပါပြီ။ ပီတာ ဆိုတဲ့ ပညာတတ်၊ မျက်နှာသစ်နိုင်ငံရေးသမားဟာ နိုင်ငံရေးသစ်ရဲ့ မျက်နှာဖြစ် လာတယ်။ ရွေးကောက်ပွဲမှာ မဲအများဆုံးရပေမယ့် ဘုရင်စနစ်နဲ့ ခြေပုန်းခုတ်တဲ့နိုင်ငံရေးကိုပြောင်ဝေဖန်တဲ့သူ့ကို အီလစ်တစုက ဝိုင်းညစ်ပြန်ပါတယ်။ ဝန်ကြီးချုပ်မဖြစ်အောင် အရင်အကြံဖန်လုပ်ကြ၊ နောက် သူ့ပါတီကိုဖျက်ပြီး နိုင်ငံရေးလုပ်ခွင့်ပါ ပိတ်လိုက်တယ်။ 
နိုင်ငံတကာ ပဋိပက္ခလေ့လာတဲ့ ICG ရဲ့ စာတမ်းထဲမှာ ထိုင်းမှာ military coup အပြင် judiciary coup လည်း ရှိနေတယ်လို့ ရေးထားတာ ဖတ်ဖူးတယ်။ ဆိုလိုတာက ဥပဒေကို လိုသလို လုပ်နေကြတဲ့ အုပ်စုရှိတယ်။ ထိုင်းရဲ့ ဘုရင်စနစ်ကို အကြည်ညို ပျက်စေမှုဟာလည်း ထင်ရှားပါတယ်။ 
အခုထိကြည့်ရတာ ထိုင်းနိုင်ငံရေးဟာ ဒီမိုကရေစီတပိုင်း၊ စစ်အာဏာရှင်တပိုင်း၊ ပဒေသရာဇ်တပိုင်းနဲ့ ခရီးဆက်နေတုန်းပါပဲ။ တခုပဲ ရှိတာက ထိုင်းမှာ နိုင်ငံရေးအပေါ်ပိုင်းအဆောက်အအုံ ဘယ် လိုရှိပါစေ၊ လူထုရဲ့ လူမှုစီးပွါးဘဝကို ထိခိုက်တာ နည်းပါတယ်။ ဒါကတော့ ထိုင်းဆီကနေ မြန်မာတွေ လေ့လာရမယ့်ကိစ္စတခုပါပဲ။ 
နိဂုံးမချုပ်ခင် ကျနော် သတိရတာက ‘only game in town’ ဆိုတဲ့ စကားပါ။ နိုင်ငံရေး ရင့်ကျက်ပြီး ဒီမိုကရေစီ အစိုးရတရပ်ကို အဓမ္မ ဖြုတ်ချမယ့် စစ်တပ်နဲ့ တခြားအစု အဖွဲ့တွေ မရှိတော့တဲ့ အခြေ အနေမျိုးကို သုံးတဲ့ အသုံးပါ။ တောခို လက်နက်ကိုင်တဲ့အခြေအနေမျိုး မရှိတော့ဘဲ နိုင်ငံရေးဟာ ‘ မြို့တွင်းကစားပွဲ’ ဖြစ်သွားတဲ့အခြေအနေ ဆိုပါတော့။ အခုထိုင်းတွေဟာ အချင်းချင်း သေနတ်နဲ့ မပစ်ကြတော့ပေမယ့် သူတို့နိုင်ငံရေးဟာရင့်ကျက်တဲ့ဒီမိုကရေစီဆိုတာနဲ့ အဝေးကြီးပါ။ ကမ္ဘာမှာ စစ်တပ် အာဏာသိမ်းမှုအများဆုံးထဲပါတယ်။ သက်ဆင်ဆီကနေ တတိယမြောက် အာဏာမသိမ်းလို့လည်း ပြောလို့မရသေးပါဘူး။
လူတိုင်းသိတဲ့ထိုင်းသင်္ဘောသီးထောင်းထဲမှာ ထိုင်းတွေက သူတို့ကြိုက်တဲ့ ချိုချဉ်ငံစပ် အကုန်ထည့်ထားပါတယ်။ ပင်လယ်စာတွေ၊ ဝက်အူချောင်းတွေထည့်တတ်ပါသေးတယ်။ အခုချိန် ထိုင်းနိုင်ငံ ရေးကိုလည်း ကျနော်က ထိုင်းသင်္ဘောသီးထောင်းလိုပဲ မြင်နေတယ်။ အကောင်းအဆိုးကိုတော့ တချိန်မှာ လူထုနဲ့ သမိုင်းကပဲ ဆုံးဖြတ်ရမယ့် ကိစ္စပါပဲ။  

နေသွင်ညိဏ်း
ဓာတ်ပုံ Bangkok Post
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar