Breaking News

မြန်မာ့အရေးနဲ့ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ

မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၂၆ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၂၆၊ ၂၀၂၄


မြန်မာ့အရေးနဲ့ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ 

အခု လပိုင်းအတွင်း မြန်မာ့အရေး နဲ့ပတ်သက်လို့ တရုတ်နိုင်ငံက ဆက်တိုက်ဆိုသလို ခြေလှမ်းခပ်သွက်သွက် လှမ်းလာတာ အားလုံး သတိပြုမိကြလိမ့်မယ် ထင်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်လာပြီးနောက် မကြာခင်မှာပဲ တရုတ်နိုင်ငံရဲ့ အတွေ့အကြုံရှိ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သြဂုတ်လလယ်ထဲမှာ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် မဲခေါင်-လန်ချန်း အစည်းအဝေးမတိုင်ခင် မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီး တို့နဲ့ တွေ့ဆုံခဲ့ပြီး မူဝါဒနဲ့ သဘောထားဆိုင်ရာ ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး စစ်ကောင်စီနဲ့ တရုတ်နိုင်ငံ ၂ နိုင်ငံလုံးက အသီးသီး ခရီးစဥ်တွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်လို့ ထုတ်ပြန်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ ရောက်ရှိစဥ် လက်ရှိ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တွေ့ဆုံရုံသာမက ၂၀၁၀ ခုနှစ်မတိုင်မီ ဆယ်စုနှစ် ၂ ခုနီးပါး မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရခေါင်းဆောင် ဦးသန်းရွှေကိုလည်း တကူးတကသွားရောက် တွေ့ဆုံခဲ့ခြင်းက ထူးခြားတဲ့ လက္ခဏာလို့ဆိုနိုင်ပါတယ်။ ခရီးစဥ်အပြီး တရုတ်သံရုံးနဲ့ မြန်မာစစ်ကောင်စီတို့ဘက်က အသီးသီး ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်တွေက တခုနဲ့ တခုဆန့်ကျင်နေတာ မဟုတ်သော်လည်း စစ်ကောင်စီဘက်က ဖေါ်ပြတဲ့ အချက်အလက်အချို့ကို တရုတ်နိုင်ငံဘက်က ထုတ်ပြန်ချက်မှာ မပါရှိတာမျိုး ရှိခဲ့လို့ မေးခွန်းထုတ်စရာ၊ ငြင်းခုံစရာ အနေအထားမျိုး ရောက်ခဲ့တာလည်း တွေ့ရပါတယ်။ 

မြန်မာစစ်ကောင်စီဘက်က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးက  ရှမ်းမြောက်က လက်နက်ကိုင် တိုက်ခိုက်မှု၊ စတဲ့တိုက်ပွဲတွေကို ဆန့်ကျင်တယ်လို့ မြန်မာစစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပေမယ့်လည်း တရုတ်နိုင်ငံဘက်က ထုတ်ပြန်ချက်မှာတော့ အဲဒီ စကားလုံးနဲ့ စာသားကို သုံးပြီး ပြောဆိုခဲ့တဲ့ သဘောမပါရှိတာ တွေ့ရမှာဖြစ်ပါတယ်။ မြန်မာစစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဘက်က ပြန်ရှင်းလင်း ထုတ်ပြန်တာတွေ မလုပ်ခဲ့တာကို ထောက်ရင် ဆိုလိုရင်း မှားယွင်းတဲ့ အနေအထားမျိုးတော့ မဟုတ်ဘူးလို့ ကောက်ချက်ချနိုင်ပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့ ၄င်းတို့ရဲ့ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းတွေကို အကာအကွယ်ပေးဖို့ စစ်ကောင်စီ အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို သိရှိစေတာ၊ စစ်ကောင်စီက ကမကထလုပ်မယ့် ရွေးကောက်ပွဲ လမ်းကြောင်းကို ထောက်ခံတဲ့ အကြောင်းလည်း တွေ့ဆုံမှုအပြီး ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်မှာ ပါရှိပြီး လက်နက်ကိုင် ပဋိပက္ခတွေဖြစ်ပေါ်နေတာ၊ ပြည်တွင်းမတည်မငြိမ် ဖြစ်နေတာတွေကို ကျော်လွန်မရတဲ့ စည်းတခုအဖြစ်လည်း မြန်မာခရီးစဥ် အပြီး ချင်းမိုင်မြို့မှာ မြန်မာ၊ ထိုင်း၊ လာအို နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံမှုမှာ ထပ်မံပြောဆိုခဲ့တယ်လို့ သတင်းတွေမှာ ပါရှိတာဖြစ်ပါတယ်။ ချင်းမိုင် မြို့မှာတွေ့ဆုံစဥ် ပြောဆိုတဲ့ ကျော်လွန်မရတဲ့ စည်း ၃ ခုဆိုတဲ့ အချက်က မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ အခြေခံမူ သဖွယ် ရည်ညွှန်းပြောဆိုရတဲ့ တရုတ်ရဲ့ ရပ်တည်ချက်၊ လမ်းညွှန်မူဘောင် လို့လည်းဆိုနိုင်ပါတယ်။ နောက် စည်း ၂ ခုကတော့ မြန်မာနိုင်ငံကို အာဆီယံ မိသားစု အသိုင်းအဝိုင်းကနေ ဝေးကွာလို့မရဘူးဆိုတဲ့ အချက် နဲ့ မြန်မာ့အရေးမှာ ပြင်ပအင်အားစုတွေ စိမ့်ဝင်မှု၊ စွက်ဖက်မှုတွေကို ခွင့်ပြုလို့မရခြင်း တို့ ဖြစ်ပါတယ်။ ကျော်လွန်လို့ မရဘူးဆိုတဲ့ စည်း ၃ ခုအနက် ပြင်ပအင်အားစုတွေ စိမ့်ဝင်မှု၊ စွက်ဖက်မှုက ဘယ်နိုင်ငံတွေ၊ ဘယ်လိုနိုင်ငံ အုပ်စုတွေကို ရည်ရွယ် ပြောဆိုသလဲဆိုတာ တိတိပပ ပြောဖို့ခက်ပေမယ့် တရုတ်နိုင်ငံအနေနဲ့ အနောက်နိုင်ငံတွေ ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုနဲ့ အနောက်ဥရောပ နိုင်ငံတွေကို ရည်ညွှန်းပြောဆိုတာ ဖြစ်နိုင်သလို မြန်မာနဲ့ အိမ်နီးချင်းဖြစ်နေတဲ့ အိန္ဒိယနဲ့ မြန်မာစစ်ကောင်စီက စစ်လက်နက် ပစ္စည်းတွေ ဝယ်ယူသလို စစ်ရေးကျွမ်းကျင်မှု အတတ်ပညာပိုင်းမှာ အားကိုးအားထားပြုတဲ့ ရုရှားနိုင်ငံလိုမျိုးကိုလည်း ရည်ညွှန်းတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

အဲဒီလို ရည်ရွယ်ပြောဆိုတာက တရုတ်နိုင်ငံ အနေနဲ့ ၄င်းကိုယ်တိုင် မြန်မာ့အရေးမှာ စွက်ဖက်မှုတွေ ရှိနေသလားဆိုတဲ့ မေးခွန်းကလည်း မြန်မာနိုင်ငံတွင်းက နိုင်ငံရေး၊ စစ်ရေး အုပ်စုတွေ၊ အဖွဲ့တွေအကြားမှာ ရှိနှင့်နေပြီး ဖြစ်ပါတယ်။ စစ်ကောင်စီကိုယ်တိုင်က ၁၀၂၇ စစ်ဆင်ရေးမှာ တရုတ်ရဲ့ နောက်ကွယ်က နည်းပညာ သို့မဟုတ် လက်နက် အကူအညီ ပါနိုင်တယ်ဆိုတဲ့ သဘောသက်ရောက်တဲ့ ပြောဆိုတာကို သြဂုတ်လဆန်းမှာ စစ်ကောင်စီခေါင်းဆောင် က မိန့်ခွန်းထဲ ထည့်ပြောခဲ့သလို စစ်တပ်ကို ထောက်ခံတဲ့ အမျိုးသားရေး ဝါဒီတွေ၊ အချို့သော ကြံခိုင်ရေး ပါတီဝင်တွေနဲ့ စစ်မှုထမ်းဟောင်းတွေက အဆိုပါမိန့်ခွန်းအပြီး တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ လုပ်ဆောင်ခဲ့ကြတာ တွေ့ရပါတယ်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးရဲ့ ခရီးစဥ် အပြီးမှာတော့ စစ်ကောင်စီ အနေနဲ့ ၄င်းကို ထောက်ခံတဲ့ သူတွေရဲ့ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို ဇက်သတ်စေခဲ့တာ သတိပြုမိပါတယ်။ 

တရုတ်နိုင်ငံခြားရေး ဝန်ကြီးခရီးစဥ်အပြီး သီတင်း တပတ်ကျော်အကြာမှာတော့ တရုတ်နိုင်ငံက ဝ နယ် နဲ့ ကိုးကန့် နယ်တို့က နယ်စပ်ဝင်ပေါက်တွေကို ပိတ်ပင်လိုက်ပြီး မူဆယ်ကနေ ကိုးကန့်ဒေသအထိ တရုတ်နိုင်ငံဘက်မှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်မယ့် အကြောင်းလည်း အဲဒီဒေသက ဒေသခံတွေကို အသိပေးလာခဲ့ပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ တရုတ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံထဲက တိုင်းရင်းသားလက်နက်ကိုင်တွေကို ဖိအားပေးတဲ့ အနေနဲ့ နယ်စပ်တွေ ပိတ်တာ၊ စစ်ရေးလေ့ကျင့်တာတွေကို လုပ်ဆောင်လာတာလားလို့ အလွယ် ကောက်ချက်ချနိုင်ပေမယ့် တိတိပပတော့ ပြောဖို့ စောသေးတဲ့ အနေအထား၊ ဒီကောက်ချက်ကို အထောက်အကူပြုတဲ့ အခြား လက္ခဏာတွေ ဘာမှ မတွေ့ရသေးတဲ့ အနေအထားလို့ ဆိုရမှာ ဖြစ်ပါတယ်။ 

ပြင်ပနိုင်ငံတွေအနက် တရုတ်နိုင်ငံဟာ မြန်မာ့အရေးကို အတိုင်းအတာတခုအထိ ကြိုးဆွဲနိုင် တနည်းအားဖြင့် အပြောင်းအလဲဖြစ်အောင် မောင်းနှင်နိုင်တဲ့ တခုထည်းသော နိုင်ငံဖြစ်ပြီး တရုတ်ရဲ့ မူဝါဒ၊ သဘောထား၊ ကူညီပံ့ပိုးမှုတွေက မြန်မာနိုင်ငံမှာ နိုင်ငံရေး စစ်ရေးအပေါ် သက်ရောက်မှုတွေ ရှိနေတယ် ဆိုတာ ငြင်းမရတဲ့ ပကတိ တရားတခုဖြစ်ပြီး တရုတ်အစိုးရနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ရှိအောင် လုပ်သင့်/မလုပ်သင့် ဆိုတာက NUG အစိုးရ အဖို့ ဝေခွဲရခက်တဲ့  ဆုံးဖြတ်ချက် တခုလည်း ဖြစ်နေဆဲ ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေနဲ့ နီးစပ်တဲ့ NUG အနေနဲ့ ပကတိ နိုင်ငံရေး အခြေအနေတွေကနေ လက်တွေ့ကျတဲ့ ဆုပ်ကိုင်မှုတခု ဆုံးဖြတ်ချက်တခု ချမှတ်ဖို့ အခြေအနေတွေက နှိုးဆော်နေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar