Breaking News

ကိုအောင်မှိုင်း - ပိုင်ရှင်ရှိသေးရင် ဆက်သွယ်ပါ

ကိုအောင်မှိုင်း - ပိုင်ရှင်ရှိသေးရင် ဆက်သွယ်ပါ

(မိုးမခ) ဩဂုတ် ၂၇ ၊ ၂၀၂၄


လူတွေဟာ

အလွမ်းတွေ စားပြီး

တိမ်တွေပေါ်မှာ တေးဆိုကြ။


ကလေးတွေ

သိန်းချီဟာ ဆာရှာလွန်းလို့

လမ်းမထက်မှာ ငိုနေကြ။


စစ်ရှောင်တွေ

၂ သန်းခွဲဟာ အိမ်ကိုလွမ်းလို့

စစ်ရှောင်စခန်းမှာ ပူဆွေးနေကြ။


တိုင်းပြည်က

ရေတွေ ကြီးပြီး မီးတွေလောင်

ခေါင်းဆောင် ဆိုသူတွေ

ပေါ်ပင်တွေကို ပေါ်တင်လုပ်နေကြ။


ဧရာဝတီမြစ်ကြီး

တသွင်သွင်စီး

အတားအဆီးတွေ ကင်းပါစေ။


ရိုးမတောကြီး

ရှုဖွယ်မငြီး

စီးရီးသစ်နဲ့ ပျော်ပါစေ။


ပြာအိုးလေးတွေ

အိမ်ကိုမျှော်

အိမ်အိုတွေက

ပြာအိုးလေးတွေကို မျှော်

ပိုင်ရှင်ရှိသေးရင် ဆက်သွယ်ပါ။


မျိုးဆက်တွေ

မျိုးဆက်နိုင်ဖို့

တေးတပုဒ်တော့ ရေးကြစို့။


သမိုင်း ဆိုတာ

မင်းလဲ ရေး ငါလဲ ရေး

ဘယ်အတွေးနဲ့ ဘယ်လို ရေးကြ

ထင်သလို အတွေးနဲ့

ထင်သလို ရေးခဲ့ကြလို့

သန်းခေါင်ထက် ညနက်ခဲ့။


ပန်းသတင်း လေညင်းဆောင်

လူသတင်း လူချင်းဆောင်

ခက်ခဲလှ လူ့ဘောင်

မအောင်ခင်က တက်မထောင်

ဆယ်လီမောင်တွေ ပွေလီလှ

ဘဝစစ်တွေကို ဘေးဖယ်

လူတွင်ကျယ်လုပ်ဖို့ စိတ်ကူး

ဆယ်လီတုတ်ကို ကျောပိုး

မီဒီယာ ဆိုတာ အာသာဖြေစရာ

လုပ်တာက နည်းနည်း

လုပ်ဇာတ်က များများ


တကယ်စွန့်ချင်သူတွေ

တကယ်စွန့်ခဲ့သူတွေကို

တိုက်ရင်း ခိုက်ရင်း ဆုတောင်း

တော်လှန်ရေးကြီး အဓွန့်ရှည်စေကြောင်း။


ထောင်းခနဲ

ထွက်လာတဲ့ အပုပ်နံ့

ဖုံးလိုက် ဖိလိုက် ဖာလိုက်

ရှတတ အရသာမျိုး

ခေတ်ဆိုးကို မျှော်ကိုး

စားစရာမရှိတဲ့ မနက်ဖြန်

တိုက်နေရတဲ့ စစ်ရန်

ဆိုးနေကြတဲ့ ဘဝကံ

သဏ္ဌာန်တွေ ဟန်တွေလျှော့

မာန်အဟုန်တင်း တိုက်ပွဲခင်း။



t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar