Breaking News

လှကျော်ဇော - ကိုလိုနီစနစ်ရဲ့အမွေဆိုးများ ( ၁ )

လှကျော်ဇော - ကိုလိုနီစနစ်ရဲ့အမွေဆိုးများ ( ၁ )

(မိုးမခ) စက်တင်ဘာ ၂၄ ၊ ၂၀၂၄


ကမ္ဘာ့မြောက်ပိုင်း နိုင်ငံများနဲ့ ကမ္ဘာ့တောင်ပိုင်းနိုင်ငံများ

ဗမာပြည်ကြီး ၁၉၄၈ ခုနှစ် လွတ်လပ်ရေးကြီးရပြီးကတည်းက နိုင်ငံရေးလောကထဲမှာ မပြတ်နိုင်တဲ့ အငြင်းအခုံတရပ် ရှိပါတယ်။

"အဲဒါကတော့ ဗမာပြည်အနေနဲ့ နိုင်ငံရေးအရသာ လွတ်လပ်ရေးရရှိတာ ဖြစ်ပြီး စီးပွားရေးအရ မလွတ်လပ်ဘဲ ကိုလိုနီတပိုင်း စီးပွားရေးစနစ်သာ ဖြစ်တယ်"ဆိုတာပါပဲ။

တကယ်တော့ ကမ္ဘာကြီးကို စိုးမိုးအုပ်ချုပ်ခဲ့တဲ့ ကိုလိုနီသမားများ(ဝါ)နယ်ချဲ့သမားများဟာ မိမိတို့အတွက် အလွန်အကျိုးအမြတ်ရှိခဲ့တဲ့ ကိုလိုနီနယ်ပယ်များကို လက်လွှတ်ရတော့မယ် ဆိုတော့ စနစ်တကျ ဆုတ်ခွာတာပါ။ သူတို့ခြေလှမ်းတွေကို မြင်ပြီး နိုင်ငံအကျိုးများကို အပြတ်အသတ် လုပ်ကြမယ့် (အခရာကျတဲ့) ကိုလိုနီဆန့်ကျင်ရေးသမားများကို အပြတ်ရှင်းပါတယ်။

ဥပမာ- အာရှတိုက်က ဗိုလ်အောင်ဆန်း၊ အာဖရိက ကလူမွန်ဘား၊ ပြီးတော့မှ သူတို့ စိတ်ကြိုက် သူတို့ ကြိုးဆွဲရာကမယ့် အစိုးရတွေကို နိုင်ငံရေးအာဏာလွှဲပေးတာပါ။ ဒါ့အပြင် နိုင်ငံတကာအုပ်ချုပ်ရေးစနစ်တွေ၊ ဘဏ္ဍာရေးစနစ်တွေကိုလည်း မိမိရရ  ကိုင်တွယ်ထားနိုင်လေတော့ ကိုလိုနီအရှင်သခင်ဟောင်းများအနေနဲ့ ကိုလိုနီများကို လက်လွှတ်လိုက်ရပေမယ် အစစအရာရာပန်းပန်လျှက်ရှိပြီး အခုလို စီးပွားရေးစနစ်သစ် (globalization) ပေါ်ထွက်လာချိန်မှာတော့ ပိုပိုချမ်းသာလာနေပြီး၊ သူတို့ရဲ့အရင်ကိုလိုနီဟောင်းများနဲ့ ဆင်းရဲ ချမ်းသာ ကွာခြားမှုဟာ ပိုသိသာထင်ရှားလာပါတော့တယ်။

ဒီမှာတင် ကမ္ဘာကြီးဟာ နှစ်ခြမ်းကွဲသွားပါတယ်။ ပထ၀ီအနေအထားအရ မဟုတ်ဘဲ၊ ဖွံ့ဖြိုးတိုးတက်မှုနှုန်းနဲ့ သတ်မှတ်တာပါ။

၁။ ကမ္ဘာ့မြောက်ပိုင်းနိုင်ငံများ။ Global North ယခင် ကိုလိုနီနယ်ချဲ့နိုင်ငံများ သို့မဟုတ် ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများ။ (စုစုပေါင်း ၄၄ နိုင်ငံ)

မြောက်အမေရိကန်နဲ့ ဥရောပနိုင်ငံများ။ ဂျပန်၊ တောင်ကိုးရီးယား၊ အစ္စရေး၊ သြစတျေးလျ၊ နယူးဇီလန်။

၂။ ကမ္ဘာ့တောင်ပိုင်းနိုင်ငံများ။ Global South ကိုလိုနီဘ၀မှ လွတ်မြောက်လာတဲ့ နိုင်ငံများ။ ဖွံ့ဖြိုးဆဲနဲ့ ဖွံ့ဖြိုးမှုနိမ့် နိုင်ငံများ။ (နိုင်ငံပေါင်း ၁၅၀ ကျော်)

အာရှ၊ အာဖရိက၊ လက်တင်အမေရိက၊ ကရစ်ဘီယံ၊ ပစိဖိတ်ကျွန်းနိုင်ငံများ၊ ဒီတော့ ကုလသမဂ္ဂက တောင်ပိုင်းနိုင်ငံများကို အကူအညီပေးရေးတွေ အမျိုးမျိုး လုပ်ပေမယ့် ထင်သလောက် ခရီးမရောက်ပါဘူး။

ဘာကြောင့် ဖြစ်ရသလဲဆိုတာကို အာဖရိက (တူနီရှားဖွား) ပညာရှင် ဖဒဲလ်ကာဘူ (အမေရိကန် ဒန်နီစင်း တက္ကသိုလ်ပါမောက္ခနဲ့ လက်ရှိ မာလာဝီမှာ ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌအဖြစ် တာ၀န်ထမ်းဆောင်နေသူ) က ဒီလို ထောက်ပြပါတယ်။

"တို့တတွေ ကိုလိုနီစနစ်ကို တိုက်ရာမှာ (decolonization) ကုန်စင်အောင် မတိုက်ခဲ့လို့ပါ"တဲ့။ တို့ရဲ့ကိုလိုနီဆန့်ကျင်ရေးတိုက်ပွဲဟာ မပြီးဆုံးသေးပါဘူး။ ကိုလိုနီနယ်ချဲ့သမားများဟာ တို့အပေါ် အဆောက်အအုံဆိုင်ရာ ထောင်ချောက်တွေ ချထားခဲ့တာပါ။ ဒါတွေကို တို့တတွေ မပြုပြင်နိုင်ရင်တို့တတွေ ဆင်းရဲတွင်းက မလွတ်မြောက်နိုင်ပါဘူး"တဲ့။

ဖဒဲလ် က ဒီလို ဆက်ရှင်းပြပါတယ်။

"ကိုလိုနီစနစ် ဆိုတာ သွေးစုပ် အမြတ်ထုတ်တဲ့ စနစ်ပဲ။ တို့တတွေ အခု လွတ်လပ်ရေးတွေ ရထားတဲ့ နှစ်ပေါင်း ၈၀ ရှိတော့မယ်။ အခုထိ ဆင်းရဲတွင်းနက်နေရတာကို ကိုလိုနီစနစ်အပေါ်  ပုံချနေတာကို တချို့က သဘောမတူပါဘူး။ ဒါပေမဲ့ အခုလောလောဆယ်တို့-အာဖရိက က ဖွံ့ဖြိုးဆဲ နိုင်ငံများရဲ့ စီးပွားရေးအဆောက်အအုံကို ကြည့်ရအောင်ပါ။

အဲဒီမှာ ထူးခြားချက် ၃ ရပ်ရှိတယ်။

၁။ စက်မှုထွန်းကားပြီး နိုင်ငံများရဲ့ စက်မှုလက်မှုလုပ်ငန်းများအတွက် ဈေးပေါတဲ့ သယံဇာတပစ္စည်းများ ရနိုင်တဲ့ နေရာ။

၂။ စက်မှုထွန်းကားတဲ့ နိုင်ငံများက ထုတ်လုပ်တဲ့ အဖိုးတန်အဆင့်မြင့်ပစ္စည်းများကို ၀ယ်ယူသုံးစွဲနေရတဲ့ နိုင်ငံများ။

၃။ (အရေးအကြီးဆုံးအချက်) စက်မှုထွန်းကားတဲ့ နိုင်ငံများက ခေတ်မမီတော့တဲ့ (လုပ်အားစိုက်ထုတ်ရတဲ့) စက်ရုံလုပ်ငန်းများနဲ့ နည်းပညာများကို နည်းပညာအကူအညီများ၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ ဆင်းရဲမှုပပျောက်ရေး၊ အလုပ်အကိုင် ဖန်တီးရေး ဆိုတဲ့ ခေါင်းစဉ်အမျိုးမျိုးနဲ့ ပို့ဆောင်လာပါတယ်။ တကယ်တော့ ဒါတွေဟာ တို့တတွေကို အမြဲတစေ တန်ဖိုးအနိမ့်ဆုံးထုတ်လုပ်သူများ အဖြစ်ကျရောက်စေပါတယ်။

ယခင် ကိုလိုနီသခင်ဟောင်းများဖြစ်တဲ့ စက်မှုထွန်းကားပြီးနိုင်ငံများ သို့မဟုတ် ကမ္ဘာ့မြောက်ပိုင်းနိုင်ငံများကတော့ အညွန့်အဖူးများကို ဆက်လက်ရရှိနေပြီး တို့တတွေ(ကမ္ဘာ့တောင်ပိုင်းနိုင်ငံများ)မှာတော့ ဆင်းရဲမွဲတေမှု၊ အစားအသောက် ချို့တဲ့မှု၊ စီးပွားရေးအရ ခွဲခြားခံရမှုတွေ၊ စတာတွေတပြုံကြီး မပြီးနိုင်မစီးနိုင် ကြုံတွေ့နေရတာပါ။

ကဲဒီတော့ ကိုလိုနီစနစ်နဲ့ ဘာထူးသေးလဲ။ တကယ်တော့ ကိုလိုနီစနစ်ရဲ့အနှစ်သာရဟာ သွေးစုပ်အမြတ်ထုတ်ခြင်းသာဖြစ်တဲ့အတွက် ဒီ ကိုလိုနီစနစ်ရဲ့ အမွေဆိုးဖြစ်တဲ့ ဒီစီးပွားရေးဆိုင်ရာအဆောက်အအုံအဟောင်းများကို ကုန်စင်အောင် မဖယ်ရှားနိုင်ရင် တို့တတွေ ဘယ်လိုမှ ဆင်းရဲတွင်းက မလွတ်မြောက်နိုင်ပါဘူး။

"ဒါကြောင့် တို့ရဲ့မပြီးဆုံးသေးတဲ့ ကိုလိုနီစနစ် ဆန့်ကျင်ရေးတိုက်ပွဲကို ပြီးစီးအောင်မြင်ဖို့ (decolonization) ဆိုရင် ဒီကိုလိုနီ စီးပွားရေးအဆောက်အအုံ အဟန့်အတားတွေကို တိုက်ဖျက်ပစ်ရမယ်။ ဖယ်ရှားပစ်ရမယ်"တဲ့။

ဒါဖြင့်ရင် ဒီကိုလိုနီစီးပွားရေး အဆောက်အအုံတွေ ဆိုတာ ဘာတွေလဲ။ ဘယ်လိုတိုက်ကြမလဲ။

နောက်ဆောင်းပါးမှာ ဆက်ရေးပါ့မယ်။

လှကျော်ဇော

၁၇-၉-၂၀၂၄

ကိုးကား

https://news.cgtn.com/.../African-expert-A-new.../p.html

African expert: A new development vision is needed for Africa to African expert: A new development vision is needed for Africa to shake off colonial legacy 



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar