Breaking News

ကိုနီတွတ် - မျောက်လူ

ကိုနီတွတ် - မျောက်လူ

(မိုးမခ) စက်တင်ဘာ ၂၄ ၊ ၂၀၂၄


မြန်မာစာပေတွင် "မျောက် အုန်းသီး ရသလို"ဟူသော စကားပုံသည် အသုံးများသော စကားပုံတစ်ခုဖြစ်သည်။ 

မျောက်သည် လူနှင့် အသွင်သဏ္ဌာန် အနည်းငယ် တူညီမှုရှိသော်လည်း အသိဉာဏ်ပညာတွင် ကွဲပြားသည်။ လူသည် မျောက်မှ ဆင်းသက်လာသည်ဟု ချားလ်ဒါးဝင်က မည်မျှပင်ဆိုဆို၊ လူသည် လူဖြစ်ပြီး မျောက်သည် မျောက်သာ ဖြစ်သည်။ လူသည် မျောက်က ဆင်းသက်လာသည် ဆိုပါက အဘယ်ကြောင့် မျောက်များက မျောက်ဘဝမှာ ရှိနေရသနည်း။ တိရစ္ဆာန်ဘဝက မတက်သနည်း။ ဤသို့ လူနှင့် မျောက် မတူကွဲပြား၍ပင်  လူက အသိဉာဏ်ပညာဖြင့် လောကကြီးကို လိုသလို အသုံးချနိုင်သော်လည်း မျောက်ကမူ အုန်းသီးတစ်လုံး ရလျှင်ပင် ခွဲမစားတတ်သလို ရေသောက်နိုင်ရန်လည်း မဖောက်တတ်။ 

သို့ဖြစ်ရာ လူပင်ဖြစ်လင့်ကစား မိမိလက်ထဲတွင် အသုံးချစရာများ ရှိသော်လည်း ကောင်းမွန် တော်တည့် မှန်ကန်စွာ အသုံးမချနိုင်လျှင် အကြင်သူသည် မျောက်တစ်ကောင် အုန်းသီးရသလို မတူပါလော။ ထိုအခြင်းအရာများကိုကြည့်၍ ရှေးပညာရှိများက ထိုသူကို "မျောက်အုန်းသီး ရသလို" ဟုစကားပုံမှတ်တမ်းပြုခဲ့သည် မဟုတ်လော။ ထိုသူကိုလည်း "မျောက်လူ" ဟု အနွတ္တသညာပေးကြလျှင် မမှားစကောင်း။

 ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ မြန်မာပြည်တွင် မျောက်လူတစ်ကောင် ထွက်ပေါ်လာသည်။ ထိုသူသည် လူဟု ဆိုနိုင်သော်လည်း မျောက်တစ်ကောင်လောက်သာ အသိရှိသညိဟု ဆိုရလေမလား။ သူ၏လက်ထဲတွင် အာဏာ ၃ ရပ် ပိုင်ဆိုင်ထားသော်လည်း နိုင်ငံကို ဖွံ့ ဖြိုးတိုးတက်အောင် မဆောင်ရွက်တတ်သလို တည်ငြိမ်အေးချမ်းအောင်လည်း မလုပ်တတ်။ မျောက်လူသည် မျောက်မီးခဲ ကိုင်မိနေ၏။ မျောက်--- ီီီီး  သမန်းရှသလို ဖြစ်နေ၏။ ပြည်သူကို မကြည်ဖြူ၊ ပြည်သူကို သတ်။ ပြည်သူ့ရပ်ရွာ နေအိမ်များကို မီးရှို့၊ ပြည်သူ့ပိုင်ဆိုင်မှုများကို ခိုးယူ။ပြည်သူနေသော မြို့ပြရပ်ရွာများပေါ်  ဗုံးကြဲချ။ မိမိတို့ တင်မြှောက်မထားသော ထိုမျောက်လူကို အဘယ်ပြည်သူမှ အလိုမရှိတာကို အသိခေါက်ခက် အဝင်နက်နေသည်။ တပြည်လုံးအနှံ့ လမ်းမများပေါ်  ပြည်သူ့အာဏာ ပြည်သူကို ပြန်ပေးရန် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြသည်ကို အရှက်မရှိ မျက်နှာပြောင်တိုက် လူမိုက်ဇာတ်ခင်းနေပြန်သည်။ 

မည်သို့ပင် လူထုက ကန့်ကွက်ပါစေ၊ မည်သို့ပင် အရည်အချင်းမရှိပါစေ ကာချုပ်၊ နစက ဥက္ကဋ္ဌ၊ဝန်ကြီးချုပ်၊ နိုင်ငံတော်ယာယီသမ္မတ ဟူ၍ ရူးစရာမရှိ သွက်သွက်ခါအောင်ရူး ရာထူး ရူးတာတွေယူထားသည်။ မြန်မာပြည်ကြီး အဘက်ဘက်က ချွတ်ခြုံကျသွားအောင် စွမ်းဆောင်နိုင်ခဲ့သည်မှာ မြန်ပြည်သူအပေါင်း အနေဆင်းရဲ၊ အစားဆင်းရဲ၊ မျက်ရည်မစဲ တရွဲရွဲ။ ဥပစ္ဆေဒက ကံတွေကလည်း ယခုလား၊ ခဏနေလား၊ နေ့လယ်လား၊ ညနေလား၊ ညလား၊ မနက်ဖြန်လား။ အချိန်တိုင်းကိုစောင့်သေနေရသလို ဖြစ်နေသည်။ ထို့ကြောင့် ပြည်သူတွေကလည်း ပြတ်သားစွာ ဆန့်ကျင်တော်လှန်လာသည်မှာ ၄ နှစ်ထဲ ရောက်ရှိပါသော်လည်း စိတ်ဓာတ်မကျ၊ ပြည်တွင်း ပြည်ပ ညီညွတ်လိုက်သည်မှာ အချင်းချင်း အားပေးနေသလား အမှတ်။ တစ်ခါ တစ်ခါ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက် ပြီးလျှင် မျောက်လူကို တိုက်ပြန်သည်။ မျောက်သား စားချင်၍ မျောက်မျက်နှာ မကြည့်ကြသလို ထိုမျောက်ကို မြင်လျှင် အုတ်ခဲနှင့် ပစ်ပစ်နေသည်။

ထိုမျောက်လူကား ဘွဲ့ထူး ဂုဏ်ထူးများကိုလည်း မက်သည်။ စစ်သက်တမ်းကာလအတွင်း မည်သည့်တိုက်ပွဲကိုမျှ ဖြစ်ဖြစ်မြောက်မြောက် မရှိခဲ့သော်လည်း ရင်ဘတ်ပေါ်တွင် ဆွဲထားသည့် ဘွဲ့တံဆိပ်များကား များလှ၏။ ဘာအရည်အချင်း၊ ဘာလုပ်ရည်ကိုင်ရည် မရှိမှ မရှိ၍ မည်သည့်နိုင်ငံတော်ခေါင်းဆောင်ကမှ မပေးခဲ့သော ဘွဲ့တံဆိပ်များကို မျောက်လူက ပေး၍ မျောက်လူက ယူခဲ့သည်ပဲ ရှိသည်။ နိုင်ငံတော်အာဏာကို တရားဥပဒေမဲ့ သိမ်းခဲ့သည်ကို အမြင်ကောင်းစေရန်ရည်ရွယ်ပုံရသည်။ 

သာသနာပြုမင်းကြီး၊ သာသနာ့ဒါယကာမင်းကြီးဘဝကိုလည်း ခံယူချင်ပုံပေါက်သည်။ ဗုဒ္ဓဘာသာဝင်အများစု နေထိုင်သော မြန်မာပြည်တွင် ဘုရားပုထိုး စေတီပေါင်း လက်ညှိုးထိုးမလွဲ ရှိသည်။ သစ်လွင်သပ္ပာယ်သော ဘုရားပုထိုးများ ရှိသလို ပျက်စီးနေသောရှေးဟောင်းစေတီများလည်း ရှိသည်။ ရုပ်ပွားတော်၊ ဆင်းတုတော်များလည်း ထိုနည်းတူ။ ပြုပြင်၍ မကုန်နိုင်။ သို့သော် နေပြည်တော်တွင် ဆင်းတုတော်ကြီးတစ်ဆူကို နိုင်ငံတော်ကြီး ချွတ်ခြုံကျ၊ နိုင်ငံခြားကြွေးမြီရှိနေသည့်ကြားက၊ ပြည်သူပြည်သားများ ဆင်းရဲမွဲတေ ငတ်နေကြသည့်ကြားက မည်သို့ ရှာဖွေထားသည် မသိနိုင်သော ဘဏ္ဍာငွေများဖြင့် တည်၏။ (အမှန်တော့ ခိုးယူထားသောငွေများ ဖြစ်သည်။) တစ်ဖက်တွင် ဗုဒ္ဓဘာသာရေး အဆောက်အဦများ၊ ခရစ်ယာန် ချပ်ကျောင်းများအပေါ်ဗုံးကျဲချသည်။ 

အင်တာနက်ပေါ်တွင် ဗုံးဒဏ်ထိထားသော ဆင်းတုတော်များ၊ ကျောင်းများကို စိတ်မချမ်းမြေ့စွာတွေ့ရသည်။ အထင်ရှားဆုံးကား ရန်ကုန် လှိုင်သာယာတွင် ၂၄ ပေ ဉာဏ်တော်အမြင့်ရှိသော တည်လက်စ ဆင်းတုတော်ကြီးကို ဘက်ဟိုးဖြင့် ထိုးဖျက်ဆီးပုံမှာ မျောက်လူ၏ အလွန်ကြီးမားသော အကုသိုလ် ဣဿာမစ္ဆေရ။ သူ တည်သော ဆင်းတုတော်ကြီး ရေစက်ချပွဲတွင် ကျောက်မဲဆရာတော်ကြီး၏ အတိုချုပ်တရားတော်ကိုပင် သာဓုအနုမောဒနာ မခေါ်ဆိုနိုင်လောက်အောင် လောဘ မောဟ ဒေါသကြီးလွန်းလှသည်။ လူမျောက်သည် လူမျောက်ဖြစ်၍ပင် ဤနှယ် ဖြစ်ရသည်ဟု မြင်မိပါ၏။

မျောက်လူ အာဏာမသိမ်းထင်က မြန်မာနိုင်ငံ၏ စီးပွားရေးသည် အတက်ဘက် ဖြစ်နေသည်မှာ မေ့ကြမည်မထင်။ အာဏာလည်း လုပြီးရော မြန်မာ့စီးပွားရေးမှာ နိုင်ငံများအလိုက်ကြည့်လျှင် အောက်ဆုံးရောက်သွားသည်။ သူ့အောက်တွင် တားထားသည့် မျဥ်းကြောင်းသာ ရှိတော့သည်။ ရွှေ၊ ငွေ၊ ဒေါ်လာဈေး အားလုံးအမြင်။ မြန်မာကျပ်ငွေမှာလည်း ဂျပန်ခေတ်ငွေစက္ကူကဲ့သို့ ထောင်မလဲ သဲကော်၊ ငွေလိုတိုင်း ရိုက်ထုတ်နေမှတော့ မြန်မာကျပ်ငွေ တန်ဖိုးဖောင်းပွသည်မှာ မဆန်းတော့။ ရွှေဈေးတက်လျှင် ရွှေကုန်သည်၊ ဒေါ်လာဈေးတက်လျှင် ဒေါ်လာငွေ လဲလှယ်သူများ၊ဆန်စပါး ဈေးတက်လျှင်ဆန်ကုန်သည်များ၊ ဓာတ်ဆီ ဒီဇယ်ဈေးတက်လျှင် ထိုဆိုင်ပိုင်ရှင်များကို ဖမ်းသည်။ နောက်ဆုံး ပြည်သူ့ဈေးများတွင် အော်လံဖြင့် အော်၍ ခြိမ်းခြောက်၊ သတိပေးစာများကပ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို သေနတ်ပြောင်းဝအောက်မှာ ထားလိုက်သည်။ အားလုံးနီးပါး ရုပ်သိမ်းပြန်သွားကြသည်။ အသစ်လည်းမဝင်၊ အဟောင်းကလည်းပြန်၊ မျောက်လူ၏ နိုင်ငံတော်စီးပွား စွမ်းဆောင်မှုကား ဤသို့။

မျောက်လူက မခေ၊ နိုင်ငံရေး ကျွမ်းကျင်နှံ့စပ်ပုံမှာ လိုက်မမီ။ ကိုယ်မနိုင်နိုင်သော ပါတီများ ရှိနေ၍ သူ၏ သမ္မတရည်မှန်းချက် မရနိုင်တော့ကြောင်းလည်း သိရော၊ မဲမသမာမှုကို ဖြေရှင်းမပေး၍ အကြောင်းပြချက်ဖြင့် သူတို့ ၁၆ နှစ်ကြာအောင် ရေးဆွဲထားသော၊ ရေပက်မဝင်အောင် စီမံထားခဲ့သော စာအုပ်အစိမ်းကို ရေပုပ်မြောင်းထဲ ပစ်ချလိုက်သည်။ ပစ်ချပြီးမှ ဆင်ခြေမျိုးစုံ၊အကြောင်းပြချက်များစွာ၊လိမ်ညာမှုအပေါင်း အကာအရံများဖြင့် အဖတ်ဆယ်ရင်း မြွေပွေးခါးပိုက်ပိုက်၊ ကျားမြီးဆွဲနေပြန်သည်။ သူတို့ရေးထားသော စာအုပ်အစိမ်းတွင်းက အောင်ပွဲခံခဲ့သော ပြည်သူ့ပါတီများကို ဖျက်သိမ်းလိုက်သည်။ သက်တမ်းလွန် တရားမဝင်တော့သော ကာချုပ်ရာထူးကိုလည်း သူလောက် တော်သူမရှိ၍ ဆက်လက်တာဝန်ထမ်းရပါသည်ဟု ဗြောင်လိမ်ဗြောင်စား လုပ်လိုက်သည်။ သက်တမ်းကလည်းကုန်၊ သမ္မတလည်း လုပ်မရ၊ ပြည်သူကလည်း အလိုမရှိ၊ နိုင်ငံတကာကလည်း အသိအမှတ်မပြု။

တကယ့်ကို မျောက်လူ၏-------ကြမ်းကြား ညှပ်နေသည်။ ကလေးများစကားကဲ့သို့ စောက်ခွက်ပြောင်လွန်းလှသည်။ ကလေးအချင်းချင်းပင် ထိုသို့ အပြောခံရပါက ရှက်ကိုးရှက်ကန်းဖြစ်ကြသည်။ အသိတရားဖြင့် ပြင်ဆင်သွားနိုင်သေးသည်။ မျောက်လူကား သူမတူ၊ ဂရင်းနစ်စံချိန်ဝင်ခဲ့သော နိုင်ငံရေးမစွံသမိုင်းကား ဤနှယ်။

မျောက်လူသည် အမေရိကန်ဗိုလ်ချုပ်ကြီး မက်အာသာ၊ ဗြိတိသျှ ဗိုလ်ချုပ်ကြီးများ ဖြစ်သော မောင်ဂိုမာရီ၊ ဆာဝီလျှံစလင်း၊ ဂျာမန်ဗိုလ်ချုပ်ကြီးရွှမ်းမဲ၊ ရုရှားဗိုလ်ချုပ်ကြီး မာရှယ်ဇူးကော့၊ တရုတ်စစ်သူကြီးဆွန်ဇူး၊ မွန်ဂိုစစ်ဘုရင် ဂျင်ဂစ်ခန်း စသော ကမ္ဘာကျော်ဗိုလ်ချုပ်ကြီးများအကြောင်းကိုကြားဖူးရုံသာ ရှိသည် ထင်၏။ 

ထို့အပြင် မျောက်လူတွင် နှစ်ပေါင်း ၇၀ ကျော် တည်ဆောက်ထားသော စစ်သည် ၄ သိန်းကျော်ရှိသော စတန်းဒန့်အာမီကြီး၊ လက်နက်စက်ရုံ ၂၄ ရုံ၊ တပ်ပိုင်လုပ်ငန်းများ မြန်မာပြည်အနှံ့ ရှိသည်။ရေတပ်၊ လေတပ်များကိုလည်း တဖြည်းဖြည်း အဆင့်မြှင့်ထားသည်။ စစ်အသုံးစရိတ်ဘတ်ဂျက်ကလည်း အစစ်အဆေးမရှိ လိုသလောက် သုံးနိုင်သည်။ ကိုယ်ပိုင်တက္ကသိုလ်များ၊ တန်းမြင့်စစ်သင်တန်းကျောင်းများ၊ စစ်သားစုဆောင်းရေးသင်တန်းများဖြင့် ဟန်ထုတ် မာန်လုပ်စရာများ ပြည့်နေသည်။ 

သို့သော် မျောက်လူကြီး၏ တပ်ကြီးသည် ယခင်က တူမီးသေနတ်ပင် မရှိခဲ့သော အညာသားများ၏ မိုင်းထောင် ပစ်ပြေးအောက်တွင် စစ်ဦးအချိုးခံလိုက်ရသည်။ ယခုသော် အညာ PDF များကား စခန်းသိမ်း မြို့သိမ်းနိုင်နေပြီ။ EROsတပ်များနှင့်လည်း မယှဥ်နိုင်တော့။ ရှမ်းမြောက်ကားညီနောင်သုံးဖော်နှင့် တပ်ပေါင်းစုတို့ မြေပြင်ကြီးစိုးထားလေပြီ။ KIA ဘက်လှည့်မလား၊ စိန်လုံဗျူဟာကြီးကစလို့ စခန်းတစ်ခုပြီးတစ်ခု သိမ်းလာသည်မှာ တစ်ဖက်သက် အနိုင်ကျင့်သလို။ ရခိုင်တွင် ကျန်နေသည့် စခန်းမှာ တိုက်ချိန်မရောက်သေး၍သာ။ ကရင်နီနယ်သေးသေးလေးမှာပင် လက်ထွက်လျှင် လက်ပစ်၊ ခေါင်းထွက်လျှင် ခေါင်းဆော် အမဲလိုက်ခံနေရသည်မှာ ရေပင်ထွက်မခပ်ရဲတော့။ ဖထီးတို့နယ်တွင်လည်း မညီညာသေးသည့်ကြားက လက်ဖက်ခြောက်စိုးဝင်း ကြီးကြပ်လာသည့် အောင်ဇေယျစစ်ဆင်ရေး ဒေါနတောင်ခြေမှာ တောစောင့်နတ် တောင်စောင့်နတ်များကို စခများဖြင့် ယစ်ပူဇော်နေသည်ထင့်။ အောက်ချင်းတို့ကလည်း အချင်းအချင်း မတည့်သည့်တိုင် မြို့သိမ်းတိုက်ပွဲများကား မယုံလျှင် ပုံပြင်သာမှတ်ပါလေ။ 

လေလှိုင်းအစိုးရ NUG ၏ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး PDF များကလည်း ခြေသံလုံလှသည်။ ဆရာ EROs များထက် တပည့်လက်စောင်းထက်နေကြသည်မှာ မြေပြန့်ဒေသဖြစ်လေငြား အောင်မြင်မှုများက ထ်ငထင်ရှားရှား။ ကာကွယ်ရေးဝန်ကြီး၏လက်အောင်တွင် ရှိရမည့်သူက ဝန်ကြီးကို ဆရာလုပ်ထားသည့် အစိမ်းစာအုပ်အလဲကြီးစလို့ အောင်မြင်ဟူသည် မူး၍ ရှူစရာပင် မရှိသော မျောက်လူ၏ စစ်စွမ်းရည်က ဤပုံ။

ထို့ကြောင့် မျောက်လူကို တော်လှန်နေသူများရော၊ သူ့လက်အောက်ခံ ကျွန်ဝန်ထမ်းများပါ၊ ဘာသာပေါင်းစုံပါ မကျန် အားလုံးက တညီတညွတ်တည်း တခုတ်တရ ပြောနေကြသည်မှာ "မင်းအောင်လှိုင် ခေါ် မျောက်လူ အလွန်တော်သည်"ဟူသတတ်။

အကြောင်းမှာ အစစအရာရာ အရှိန်ယူ ဖွံ့ဖြိုးတိုးတက်စပြုနေသော နိုင်ငံကြီးကို ၃/၄ နှစ်အတွင်းနှစ် ၂၀ လောက် နောက်ပြန်ဆွဲနိုင်သောကြောင့်ပါဟူသတည်း။ ကမ္ဘာကြီးတစ်ဖက်က အဖြစ်အပျက်များကို အခြားတစ်ဖက်က စက္ကန့်ဝက်အတွင်း သိနေနိုင်သောခေတ်မှသည် မသိ မမြင် မကြားရသောခေတ်ကို ရောက်သွားသည့် နိုင်ငံ။ လွတ်လွတ်လပ်လပ် ပြောဆိုနေထိုင်စားသောက် လည်ပတ်ခွင့်ရသော ခေတ်မှသည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျူးဂတ်တိုစခန်းများကဲ့သို့ အကျဥ်းကျနေသော မြန်မာပြည်သူများ။ ပျော်ပွဲ ရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်နေသော ခေတ်မှသည် အိမ်ပစ် ယာပစ် ကိုယ်စိတ်နှစ်ပါး ဆင်းရဲတွင်းကျနေသည့် မြန်မာနိုင်ငံ။ မိမိတို့ နေထိုင်ရာမှပင် ဒစ်ဂျစ်တယ်ငွေကြေးစနစ်ဖြင့် ခရီးသွားလာမှုများမှသည် ဘာမျဥ်းစောင်း၊ ညာမျဥ်းစောင်းများခရီးသွားလာခွင့်မရသည့်နိုင်ငံ။ အိမ်တွင်းအသေးစားလုပ်ငန်းမှသည် စက်ရုံ၊ အလုပ်ရုံများ ပိတ်သိမ်းနေသည်။ ထမင်းငတ်သေတဲ့ မသာ မရှိပါဘူးဟု ကြွေးကြော်နိုင်သည့် စိုက်ပျိုးရေးနိုင်ငံမှသည် ဆန်ပြုတ် အနိုင်နိုင် သောက်နေရသည့်နိုင်ငံ။ နိုင်ငံပေါင်းစုံနှင့် သံတမန်ဆက်သွယ်ရေးကောင်းမွန်မှုမှသည် အဆင့်လျှော့ချခံလာရသော ရွှေနိုင်ငံကြီး။

ဒုတိယကမ္ဘာစစ်မီးကို မွှေးခဲ့သော နာဇီအာဏာရှင် အဒေါ့ဟစ်တလာ၏ မိန်းခွန်းများထဲမှ ကောက်နုတ်ချက်တစ်ခုကို သတိရမိသည်။ ၄င်းမှာ—

"လူတစ်ယောက်ဟာ သူ ကိုင်စွဲထားတဲ့ လက်နက်နဲ့ ရန်သူရဲ့ အသည်းနှလုံးကို တအားထိုးစိုက်နိုင်တဲ့အင်အား မရှိရင်  ဒီလူဟာ နိုင်ငံတစ်နိုင်ငံကို ဘယ်တော့မှ ခေါင်းဆောင်နိုင်မှာ မဟုတ်ဘူး" ဟူ၏။

(၁၉၂၉ ခုနှစ်၊ မတ် ၆ ရက်နေ့၊ မြူးနစ်မြို့မှာ ဟစ်တလာ ပြောခဲ့သောမိန့်ခွန်း)

မျောက်လူ၏ လက်ထဲတွင် အာဏာသုံးရပ် ခေါ် အုန်းသီးတစ်လုံး ရှိထားသည်။ ထိုအရာဖြင့် ပြည်သူများ၏ အသည်းနှလုံးကို မထိုးစိုက်နိုင်ခဲ့ပါ။ ရန်သူ သဘောထား၍ ပြည်သူများကိုအကြမ်းဖက်၊ သူခိုး၊ ကြမ်းပိုး၊ လူမိုက်ဆန်ဆန် လုပ်နေသမျှ ပြည်သူများ တွန်းလှန်နေမည် မဟုတ်လား။ ၄ နှစ်ထဲရောက်ရှိလာနေသော နွေဦးတော်လှန်ရေးသည် ရန်ပုံငွေနည်း ၊ အခက်အခဲပေါင်းများစွာ ရှိနေပါသော်လည်း မျောက်လူ ခေါ် အကြမ်းဖက် မအလ၏ တပ်ကြီးကို ပရုတ်လုံးတပ် ဖြစ်သွားအောင် လုပ်နိုင်ခဲ့သည်မှာ နည်းသည့်အစွမ်း မဟုတ်ပါလော။ မျောက်အုန်းသီး ရသလိုဖြစ်နေသော မင်းအောင်လှိုင်သည် အကြမ်းဖက်လူသတ်သမားခေါင်ချုပ်သာ ဖြစ်ပြီး ၊ နိုင်ငံတော်ကို အဓမ္မအာဏာသိမ်းထားသူ ဖြစ်ရာ၊ မည်သည့်အကြောင်းများကြောင့် နိုင်ငံတော်ခေါင်းဆောင်အဖြစ် လက်ခံရပါမည်နည်း။

မျောက်လူသည် မျောက်လူအဆင့်လောက်သာ ရှိသည်ကို ကလေးက အစ လူငယ် အလယ် လူကြီး အဆုံး ပြည်သူအားလုံး သိနေကြပါ၏။

ကိုနီတွတ်

(၉-၉-၂၀၂၄)



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar