Breaking News

သီအိုဇော် - နှလုံးသားကို ဖွင့်ထားစေလိုသည့် ဂီတဖြင့် ချိန်ရွယ်ပစ်ခတ်ကြသူများ



သီအိုဇော် - နှလုံးသားကို ဖွင့်ထားစေလိုသည့် ဂီတဖြင့် ချိန်ရွယ်ပစ်ခတ်ကြသူများ

(မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၂၄

ဂီတလောကမှာ အချစ်သီချင်းနဲ့ကင်းတဲ့၊ အချစ်သီချင်းမဆိုတဲ့ အဆိုတော်ဆိုတာ ခပ်ရှားရှားလို့ပဲ ဆိုနိုင်မယ် ထင် ပါတယ်။ သီချင်းတွေလည်းဆိုနေ၊အသံလည်း ဆက်သွင်းနေတဲ့ ကြားထဲကမှ၊ ဒီကာလမှာ အချစ်သီချင်း သွင်းတာ မျိုးကို ရှောင်တယ်လို့ ပြောထားတဲ့ ပိုစ့်တခုက စိတ်ဝင်စားစရာ ဖြစ်မိစေပါတယ်။ အဆိုတော် ‘ခရစ္စတိုဖာ’က သူ လေးစားရတဲ့ ဦးကျော်သက်လင်း ရှာဖွေနေတဲ့ သူ့ရဲ့ သီချင်းဟောင်းတပုဒ်ကို တင်ပေးလိုက်တဲ့အကြောင်း ပြော ပြတဲ့ ပိုစ့်ထဲမှာ သတိပြုမိလိုက်တာပါ။

စစ်ရာဇဝတ်မှု၊လူသားမျိုးနွယ် အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုများစွာကို နေ့စဥ်နဲ့အမျှ လူမဆန်စွာ လုပ်ဆောင်နေ တဲ့ စစ်မိစ္ဆာကောင်တွေဟာ၊ အပြစ်မဲ့ပြည်သူ ကလေး၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်မရှောင် ဗုံး ကြဲ သတ်ဖြတ်ဖို့လည်း ဝန်မလေးကြသူတွေပါ။ နှလုံးသားကို ကျဥ်စက်နဲ့ အတို့ခံလိုက်ရသလို မြင်ကွင်းတွေက အနုပညာ စစ်မျက်နှာဖွင့် တိုက်ပွဲဝင်နေကြ သူများအတွက် ခံစားဖန်တီးစရာများ ဖြစ်လာစေခဲ့ပါတယ်။

ဒီရက်ပိုင်းမှာပဲ Radio NUG အတွက် ‘အန်ဒီစိုး’(Andy Soe)ရေးသားပြီး ‘ခရစ္စတိုဖာ’ (Christopher)နဲ့ ‘ဒက်ဘရာ တင်’(Deborah Tin)‌တို့ ခံစားသီဆိုထားတဲ့ ‘နှလုံးသားကို ဖွင့်ကာကြည့်ပါ’ ဆိုတဲ့ သီချင်းတပုဒ် ထွက်ရှိလာပါတယ်။ ကိုယ်ချင်းစာတရား လှုပ်နှိုးပေးနိုင်ဖို့၊ စိတ်ဓါတ်ခွန်အား တက်ကြွစေဖို့၊ ယုံကြည်ချက် ခိုင်မြဲကြစေဖို့၊ တော်လှန် ရေးသီချင်း‌တွေကို တစိုက်မတ်မတ် ရေးစပ်သီဆိုနေကြသူ ဒီလိုဂီတပညာရှင်များဆီက၊ ပွင့်အံကျလာမယ့် စကား လုံးတွေကို အခုလိုအချိန်အခါမျိုးမှာ ကြားချင်မိပါတယ်။

YouTube ချန်နယ်တွေပေါ်မှာ သာမက၊ တော်လှန်ရေးပွဲ ပုံသဏ္ဍာန်မျိုးစုံမှာ ကိုယ်တိုင်ကိုယ်ကျ၊ ဒါမှမဟုတ် Zoom ကတဆင့် လူရှေ့ထွက် ရုပ်လုံးပြ ပါဝင်ဖျော်ဖြေတတ်သူတွေ ဖြစ်ကြပေမယ့်၊ အဓိပ္ပါယ်ကောက် မလွဲစေလိုတဲ့ အ တွက် မီဒီယာပေါ်မှာ အင်တာဗျူး ပြုလုပ်ဖို့ကိုတော့ ဝန်လေးကြတဲ့သူတွေပါ။ ဒါပေမယ့် တော်လှန်ရေး မက်ဆေ့ချ် ပိုမိုပျံ့နှံ့စေဖို့နဲ့၊ သူတို့ရဲ့ အနုပညာလှုပ်ရှားမှုများကနေ ခွန်အားယူနိုင်ကြစေဖို့လို့ ရှင်းပြခဲ့တဲ့အခါမှာတော့၊ အခုလို အွန်လိုင်း အမေးအဖြေလေးတခု ပြုလုပ်နိုင်ခဲ့ပါတယ်။

မေး။ ။ ပထမဦးဆုံး အခုလို အချိန်ပေးကြတာကို ကျေးဇူးတင်တဲ့အကြောင်း ပြောလိုပါတယ်။ ‘ကိုအန်ဒီ’အနေ နဲ့ ဒီ‘နှလုံးသားကို ဖွင့်ကာကြည့်ပါ’ ဆိုတဲ့ သီချင်း ဘယ်လိုသန္ဓေတည်ခဲ့တယ် ဆိုတာကို အရင်ဆုံး ဖြေဆိုပေးပါလား။

‌ဖြေ။ ။ ‘နှလုံးသားကို ဖွင့်ကာကြည့်ပါ’ သီချင်းက ကျနော်တို့ ဆိုရှယ်မီဒီယာထဲမှာ မြန်မာပြည်သတင်း၊တော်လှန် ရေးသတင်းတွေ ဖတ်မိတဲ့အခါ FaceBookပေါ်က လေယာဥ်လာဗုံးကြဲလို့ ပုန်းနေကြရတဲ့ သတင်းဓါတ်ပုံတွေ၊ပြီး တော့ ကျောင်းတွေပေါ် ကြဲချလို့ အပျက်အစီးတွေထဲက စာသင်ခုံလေးရယ်၊မစားရသေးတဲ့ ထမင်းချိုင့်လေးတွေ ရယ်၊သက်မဲ့ခန္ဓာ၊ ပြတ်တောက်သွားတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း၊ အဲဒီလိုဓါတ်ပုံ‌မျိုးတွေကပဲ ဒီသီချင်းဖြစ်ဖို့ စ တင်ခဲ့တာပါ။ ဒီလိုမြင်ကွင်းမျိုးတွေကို ကြည့်ပြီး ကြေကွဲခံစားခဲ့ကြရတဲ့၊ နှလုံးသားကို ဗုံးစထိမှန် ခံလိုက်ရသူတွေ ထဲမှာ ကျနော်လည်း တယောက်အပါအဝင်လို့ပဲ ဆိုပါတော့။

မေး။ ။ ‘ကိုအန်ဒီ’က တော်လှန်ရေးသီချင်း ဘယ်နှစ်ပုဒ်လောက် ရေးသား ထုတ်လွှင့်ပြီးသွားပါပြီလဲ။တော်လှန်ရေး သီချင်းဆိုတဲ့ ခေါင်းစဥ်အောက်က သီချင်းရေးရတဲ့အခါ အံဝင်ခွင်ကျဖြစ်စေမယ့် စကားလုံးတွေ ရှာဖွေဖို့ ဘောင် ကျဥ်းသွား၊မသွား သိချင်သလို၊ ရင်ထဲလည်းရောက်သွားစေမယ့် သံစဥ်စာသား ဖြစ်စေဖို့ ဘယ်လို အချိန်ယူ အား ထုတ်လေ့ ရှိပါသလဲ။

ဖြေ။ ။ ကျနော်‌ရေးတာ တော်လှန်ရေးသီချင်း ၁၀ပုဒ်လောက် ရှိပြီထင်တယ်ဗျ၊ တော်လှန်ရေး သီချင်းဆိုတဲ့ ခေါင်း စဥ်အောက်က သီချင်းရေးတဲ့အခါ စကားလုံးတွေ ရှာဖို့ ကျနော့်အတွက်တော့ အခက်အခဲ ရှိပါတယ်။ ဘောင်တော့ မကျဥ်းပါဘူး။ ကျနော့်အတွက် သီချင်းလေးတပုဒ်ရဖို့ အချိန်ယူရတဲ့ သီချင်းရှိသလို၊ အချိန်ခဏအတွင်း သီချင်းတ ပုဒ် ရနိုင်ပါတယ်။ အဓိကက Moodပေါ့၊စိတ်အခြေအနေ ခံစားချက်တွေနဲ့လည်း သက်ဆိုင်မယ်လို့ ထင်မိပါတယ်။ ရင်ထဲရောက်စေတဲ့ သံစဥ်စာသား ဆိုတာကျ ကျနော့်အယူအဆက နားထောင်သူက ဆုံးဖြတ်ပေးတယ် ထင်မိပါ တယ်။ သီချင်းရေးသူ၊ဆိုသူတိုင်းကတော့ သူတို့ရဲ့ အကောင်းဆုံးတွေကို ပေးတယ်လို့ ခံယူထားမယ် ထင်ပါတယ်။ ဒါကျနော့်အမြင်ပါ။

မေး။ ။ ‘မဒက်ဘရာ’ အနေနဲ့ကရော တော်လှန်ရေးသီချင်း‌တွေ သီဆိုတဲ့အခါ ဘယ်လို သီချင်းစတိုင်မျိုးကို ဆို ရတာ ပိုပြီးအားရသလဲ။

ဖြေ။ ။ အဓိကက တော်လှန်ရေးနဲ့ ပတ်သက်တဲ့ မက်ဆေ့ချ်ပေးလိုတဲ့ စာသားနဲ့ လိုက်ဖက်တဲ့ သံစဥ်နဲ့ စည်းချက် ရှိနေရင် ဘယ်လိုသီချင်းမျိုးကိုမဆို ကျမဆိုရတာ သဘောကျပြီးသားပါ။ အခု ဒီသီချင်းဆိုရင် တော်လှန်ရေးမှာ ကြုံတွေ့နေရတဲ့ ဝမ်းနည်းကြေကွဲစရာ အဖြစ်အပျက်နဲ့ လိုက်ဖက်တဲ့ သံစဥ်ရယ်၊ ခပ်နှေးနှေးငြိမ်ငြိမ် သီချင်း လေးဖြစ်လို့ ဆိုရတာကို နှစ်သက်သလို၊ ပြီးခဲ့တဲ့လက ထွက်ခဲ့တဲ့သီချင်း ‘အလံဖြူထောင်ပြီး အညံ့ခံမလား’ ဆိုရင် တော်လှန်ရေးရေချိန်နဲ့လည်း ကိုက်နေတဲ့စာသားကို Blues Rock style နဲ့ ဆိုရတာလည်း နှစ်သက်အားရခြင်း တမျိုး ဖြစ်စေပါတယ်။

မေး။ ။ နွေဦးတော်လှန်ရေးမှာ ဂီတကို ရင်ခုန်ကြတဲ့သူတွေ ပါဝင်နေကြတာကို သတိထားမိမှာပါ။ ကိုယ်တိုင် လည်း နိုင်ငံတကာအဆင့် ဂီတပညာရပ်တွေ သင်ကြားဆည်းပူးခဲ့သလို၊ ပြန်လည်ဝေမျှပေးနေသူ တဦးအနေနဲ့ သူ တို့တွေအတွက် ဘာအကြံဥာဏ်များ ပေးချင်ပါသလဲ။

ဖြေ။ ။ ရှိသင့်တဲ့ ဂီတပါရမီရှိဖို့ အရေးကြီးပြီး၊ ဂီတကို ခုံမင်သူတွေထဲက အခွင့်အရေးရှိသူတွေ အနေနဲ့ အဆို၊အ တီးကို စနစ်တကျ သင်ယူထားသင့်ပါတယ်။ တစိုက်မတ်မတ် လေ့ကျင့်မှုလည်း ရှိကြရမယ်။ အဲဒီလိုပြောလိုက်ပေ မယ့်လည်း နွေဦးတော်လှန်ရေးတလျှောက် သင်ယူဖို့ အခွင့်အရေးမပြောနဲ့၊ အခက်အခဲ အတားအဆီးတွေ ကြား ထဲက တော်လှန်ရေးသီချင်းကောင်း မြောက်မြားစွာကို၊ ရှိတဲ့ပစ္စည်း အရင်းအမြစ်တွေနဲ့ အကောင်းဆုံးဖန်တီး နေ ခဲ့ကြသူတွေကိုတော့ တကယ့်ကိုလေးစားဂုဏ်ယူ ကျေးဇူးတင်မိပါတယ်။ ဒါ့ကြောင့် အခက်အခဲ အတားအဆီး တွေ ဘယ်လိုပဲ ကြုံရပါစေ ဆက်ပြီးကြိုးစား လုပ်ဆောင်နေချင်စိတ်ရှိရမယ်။ ပြီးတော့ ကိုယ်တတ်ထားတဲ့ အနုပ ညာကို ဘယ်လိုချပြပြီး ကိုယ့်တိုင်းပြည်ကို ဘယ်လိုအကျိုးဖြစ်စေချင်သလဲ ဆိုတာကိုလည်း တွေးကြစေချင်ပါ တယ်။

မေး။ ။ ‘ကိုခရစ္စတိုဖာ’လို စောဘွဲ့မှူး၊သော်ဒီဝေ၊ကေအေတီတို့ရဲ့ အချစ်သီချင်းတွေ သီဆိုအောင်မြင်ခဲ့တဲ့သူ တ ဦးက အခုတော်လှန်ရေးကာလမှာ၊ တော်လှန်ရေးသီချင်းတွေကိုပဲ ဆက်တိုက်သီဆိုနေတာ သတိပြုမိပါတယ်။ ဒီ လို စိတ်ပိုင်းဖြတ်ထားတာနဲ့ ပတ်သက်လို့၊ ကိုယ့်ရဲ့ခံစားချက်၊ခံယူချက်ကို ပြောပြပေးပါလား။

ဖြေ။ ။ အန်တီစုနဲ့ NLD အစိုးရလက်ထက် အဘက်ဘက်က တိုးတက်လာတဲ့ မြန်မာပြည်ကိုကြည့်ရင်း၊ ပြည် သူတွေ ပြန်ခံစားရတော့မယ့် အခြေခံလူ့အခွင့်အရေး၊ပြန်ပိုင်ဆိုင်နိုင်တော့မယ့် နိုင်ငံ့ဂုဏ်သိက္ခာတွေကို မြင်ယောင် နေမိတဲ့ မြန်မာပြည်ကို ချစ်ရက်နဲ့ စွန့်ခွာခဲ့ရသူတယောက် အနေနဲ့၊ မတရား အာဏာသိမ်းတာကို ကြုံလိုက်ရတဲ့ အ ခါမှာတော့ ဘယ်လိုမှ ကျနော်လက်မခံနိုင်ဘူး။ ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းပြသဖို့ ကျနော်တတ်မြောက် တဲ့ ဂီတပညာဟာ အထိရောက်ဆုံး၊အမြန်အပျံ့နှံ့နိုင်ဆုံးလို့ မြင်မိတာကြောင့် သီချင်းနဲ့ တော်လှန်မယ်လို့ စိတ်ဆုံး ဖြတ်လိုက်တယ်။ အာဏာသိမ်းပြီး ၂ပတ်အတွင်းမှာပဲ ‘ညီစေ’ဆိုတဲ့ သီချင်းတပုဒ်ကို စအသံသွင်းပြီး၊ ကျနော့်ရဲ့ Facebookနဲ့ YouTube ပေါ်တင်ပြီး နွေဦးတော်လှန်ရေးထဲမှာ စတင်ပါဝင်ခဲ့ပါတယ်။

ဒီနွေဦးတော်လှန်ရေး ၃နှစ်တာ ကာလအတွင်းမှာ၊တေးရေး Andy Soe, Deborah Tin, MP44တို့နဲ့အတူ အခြားကူ ညီ တီးခတ်ပေးသူ များစွာနဲ့ပူးပေါင်းပြီး၊ တော်လှန်ရေးသီချင်း‌ပေါင်း ၁၆ပုဒ် ဝန်းကျင်လောက် သီဆိုထုတ်လွှင့်ခဲ့ ပြီးပါပြီ။ သွင်းလက်စသီချင်းတွေလည်း ရှိပါတယ်။ အချစ်သီချင်းသွင်းတာမျိုးကို ရှောင်ပြီး၊ဒီတော်လှန်ရေး မပြီး မချင်း သီချင်းတွေနဲ့ ဆက်လက်တော်လှန်မယ်လို့လည်း ခံယူထားပါတယ်။

မေး။ ။ ဂီတလောကထဲက လုပ်ဖေါ်ကိုင်ဖက် မိတ်ဆွေတွေထဲမှာ ဒီသီချင်းထဲပါသလို နှလုံးသားကိုလည်း ဖွင့်မ ထား၊ မြင်အောင်လည်း မကြည့်ကြသူတွေ ရှိရင်ရှိနိုင်ပါတယ်။ ‘ခရစ္စတိုဖာ’အနေနဲ့ သူတို့ကို ဘာများပြောချင်ပါသ လဲ။

ဖြေ။ ။ နိုင်ရာဝန်ကို အထင်အရှားရော၊မထင်မရှားရော ထမ်းနေကြသူတွေနဲ့ ဝင်ငွေမရှိ၊အလုပ်အကိုင်မရှိလို့ ဘာမှ မကူပေးနိုင်ပေမယ့် တိတ်တိတ်လေး ကြိတ်ထောက်ခံရင်း၊ ဆိတ်ဆိတ်နေကြသူတွေကို ကျေးဇူးတင်ပါတယ်။ မိ သားစု အခက်အခဲကြောင့် လိုအပ်သလောက်လေးပဲ အလုပ်လုပ်ကြသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။

ကြားနေသူတွေအတွက်ကတော့ ဒီလိုဖြတ်သန်းနေရတဲ့ အခြေအနေမျိုးမှာ အများအတွက် ရည်ရွယ်ပြီး ဓမ္မဘက် မှာ ရပ်တည်မလား၊ ဒါမှမဟုတ် ကိုယ့်တကိုယ်ရည်၊တမိသားစု၊ကိုယ့်ဆွေမျိုး၊ကိုယ့်ခြံထဲကသိုးတွေပဲကြည့်ပြီး ကျန်တာကို လစ်လျူရှုရင်း အဓမ္မဘက်မှာ ရပ်တည်မလားဆိုတာ ရွေးချယ်ဖို့ လိုပါတယ်။

အဓမ္မဘက်မှာ ရပ်တည်ပြီး စနစ်ဆိုးကို ပြိုင်တူမတွန်းလှန်ကြပဲ၊ ခေတ်ပျက်မှာ ငွေရှာလို့ကောင်းလို့ တပွဲပြီးတပွဲ ဆိုနေ၊တီးနေသူတွေ၊ဘယ်သူတက်တက် ငါလုပ်မှ ငါစားရမှာ ဆိုတဲ့သူတွေ၊ နိုင်ငံရေးဆိုတာ ငါတို့နဲ့မဆိုင်လို့ ဝင်ပါ စရာမလိုဘူး ဆိုတဲ့သူတွေ အတွက်ကတော့ ၁၈နှစ်ကနေ ၃၅နှစ်အောက် စစ်မှုမထမ်းမနေရ၊ ၃၅နှစ်ကနေ ၆၅နှစ် အထိ စစ်သင်တန်းတက် လုံခြုံရေးစောင့်ကြ ဆိုတာတွေကြောင့် ဒုက္ခက အိမ်ရှေ့တံခါးဝကို ရောက်လာခဲ့ပြီမို့၊ စစ် ကောင်စီရှိနေသမျှ ဘယ်သူမှ ဘယ်နေရာမှာမှ မလုံခြုံဘူးဆိုတာ သိသင့်ပါပြီ။ ဒီတော်လှန်ရေးကာလမှာ ကိုယ် လုပ်ခဲ့သမျှဟာ ကိုယ့်သမိုင်းပါပဲ။ ကိုယ့်လိပ်ပြာကိုယ်သန့်ဖို့ အရေးကြီးပါတယ်။

မေး။ ။‌ နောက်ဆုံးမေးခွန်းကတော့ ၃ယောက်လုံးက ဝိုင်းဖြေပေးဖို့ပါ။ အခက်အခဲတွေ၊စိန်ခေါ်မှုတွေကြားက မ ဆုတ်မနစ် တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ပြည်သူတွေကို ဘယ်လိုသတင်းစကား ပေးချင်ပါသလဲ။

ဖြေ။ ။ နွေဦးတော်လှန်ရေးကြီးဟာ အားလုံးရဲ့ ကြိုးစားမှုကြောင့် နေရာဒေသပေါင်းစုံ၊လူမျိုးဘာသာပေါင်းစုံနဲ့ အနေအထားပေါင်းစုံကနေ တိုက်ပွဲဝင်လာတာမှာ ၃နှစ်ဆိုတဲ့ ခရီးကိုလည်းရောက်ရော သေရဲတဲ့ကောင်ထွက်ခဲ့ ဟေ့လို့ စစ်ခွေးတွေကို ပြန်ပြီး စိန်ခေါ်နိုင်နေကြပြီ။ တောထဲမှာ စစ်တိုက်နေတာကနေ မြို့သိမ်းတိုက်ပွဲတွေတိုက် ရင်းနဲ့ မြို့တွေ သိမ်းနိုင်နေကြပြီ။ ပြည်သူတွေရဲ့ နှလုံးသားတွေကို ပိုင်ဆိုင်ထားကြသူတွေမို့၊ ပြည်သူတွေကလည်း အောင်သပြေတွေနဲ့ ကြိုဆိုနေကြပြီ။

ဓမ္မနဲ့အဓမ္မ အားပြိုင်တဲ့ ဒီပွဲမှာ တရားတဲ့သူတွေသာ နိုင်ကိုနိုင်ရမှာမို့လို့ မဝေးတော့တဲ့ တနေ့မှာ ကိုယ့်ရဲ့အသက်၊ သွေး၊ချွေး၊ကိုယ်၊စိတ်၊ခန္ဓာနဲ့ဘဝတွေကို ပေးပြီး ထုဆစ်ထားတဲ့ မြန်မာနိုင်ငံတော်သစ်ကြီးမှာ အတူတူပြန်ဆုံရင်း အောင်ပွဲခံကြရဖို့ သေချာနေပြီလို့ သတင်းစကား ပါးချင်ပါတယ်။ အဲဒီအချိန်မတိုင်ခင် အခုလို တော်လှန်ရေးကြီး အရှိန်အဟုန်မြင့်မားလာပြီး အောင်မြင်မှု လက်တကမ်းအလိုမှာ၊ စုစည်းညီညွတ်စွာနဲ့ ဆက်လက်တိုက်ပွဲဝင် သွား ကြပေးစေလိုပါတယ်။ အဆုံးသတ်အနေနဲ့ မမေ့မလျော့ အလေးအနက် ထပ်ပြောချင်တာကတော့ နွေဦးတော်လှန် ရေးအတွက်၊ ကိုယ်ကျိုးစွန့်၊အသက်စွန့်ပြီး တိုက်ပွဲဝင်ပေးနေသူတွေ အားလုံးကို လေးစားဂုဏ်ယူ ကျေးဇူးတင် လျက်ပါ ဆိုတဲ့အကြောင်းကိုပါ။


ရည်ညွှန်း

‘နှလုံးသားကို ဖွင့်ကာကြည့်ပါ’: YouTube link



https://youtu.be/C38TdzcOwgM




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar