ပြင်ပဝင်ရောက် စွက်ဖက်မှုနဲ့ နိုင်ငံရေး ရေချိန်
မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၁၀ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၂၄
ပြင်ပဝင်ရောက် စွက်ဖက်မှုနဲ့ နိုင်ငံရေး ရေချိန်
ခေတ်သစ်မြန်မာ့နိုင်ငံရေး သမိုင်းတလျှောက်မှာ ဖိနှိပ်တဲ့ အာဏာရှင် စစ်အစိုးရတွေကို ပြုတ်ကျစေချင်တဲ့အခါ လူထုနဲ့ အချို့သော နိုင်ငံရေးသမားတွေက ပြင်ပနိုင်ငံ တခုခုကို ဝင်ရောက်စွက်ဖက်ဖို့ မျှော်လင့်ကြတာ ကြားခဲ့ကြဖူးပါလိမ့်မယ်။ ၈၈ လူထုအုံကြွမှုကို နှိမ်နှင်းချိန်မှာလည်း စစ်တပ်ရဲ့ ရက်စက်တဲ့ ပစ်ခတ်ဖြိုခွဲမှုတွေကို မခံစားနိုင်ကြတာကြောင့် နိုင်ငံကြီးနိုင်ငံတနိုင်ငံက ဝင်ရောက်ဖို့ မျှော်လင့်ကြတဲ့ ပြောဆိုမှုတွေ ကိုယ်တိုင်ကြုံခဲ့ကြဖူးမယ်လို့ ထင်ပါတယ်။
အဲဒီကာလတုန်းက တချို့သော နိုင်ငံရေး၊ စစ်ရေး အင်အားစုတွေက ဝါဒဖြန့်မှု တခုအနေနဲ့ ပြည်ပဝင်ရောက်စွက်ဖက်မှုတွေကို ကောလဟလ သတင်းလွှင့်တာမျိုးလည်း ရှိခဲ့ကြတာ ဖြစ်ပါတယ်။ နယ်စပ်မှာ လက်နက်တွေ ရောက်နေပြီဆိုတာမျိုး စတဲ့ ကောလာဟလတွေ ကို ဆက်သွယ်ရေး နည်းပညာတွေ၊ ပြည်ပ သတင်းမီဒီယာတွေ မြန်မြန်ဆန်ဆန် လက်လှမ်းမမီသေးတဲ့ ကာလမှာ ဖြန့်ချိခဲ့ကြပြီး အမှန်တကယ်လို့ ယုံကြည်ခဲ့ကြတဲ့ သာဓကတွေလည်း အဲဒီကာလတွေက ရှိခဲ့တယ်လို့ ဆိုကြပါတယ်။
၁၉၆၀ ကနေ ၁၉၈၀ ဝန်းကျင်အထိ ကာလတွေကလည်း ကမ္ဘာမှာစစ်အေး တိုက်ပွဲ အရှိန်မြင့်ဆုံးကာလတွေ ဖြစ်ပြီး အနောက်အုပ်စု အထူးသဖြင့် အမေရိကန်ပြည်ထောင်စုက ဗီယက်နမ်စစ်ပွဲမှာ ဝင်ရောက်တိုက်ခိုက်နေသလို အရှေ့အာရှ ၊ လက်တင်အမေရိက နဲ့ ကမ္ဘာ့အခြားနေရာတွေမှာ ကွန်မြူနစ် နိုင်ငံ မဖြစ်ရေးအတွက်ဆို စစ်အာဏာသိမ်းမှုတွေ၊ စစ်အာဏာရှင်တွေကို နောက်ကွယ်က တမျိုး၊ ပေါ်ပေါ်ထင်ထင် တဖုံ အားပေးခဲ့ကြတဲ့ ကာလလည်း ဖြစ်တာကြောင့် ပြည်ပစွက်ဖက်မှု အင်အားကြီးနိုင်ငံတနိုင်ငံက အစိုးရတရပ်ကို ပြုတ်ကျအောင် လုပ်ခဲ့တဲ့ ဖြစ်ရပ်တွေကိုကြည့်ပြီး မျှော်လင့်ကြတာ မဆန်းဘူးလို့ဆိုရမှာ ဖြစ်ပါတယ်။
ဗြိတိသျှရဲ့ ကိုလိုနီ နယ်ပယ်အဖြစ် နှစ်၁၀၀ ကျော် နေခဲ့ရသလို ဂျပန်ရဲ့ ဖက်ဆစ်စစ်တပ်အောက်မှာလည်း နှစ်အနည်းငယ် နေခဲ့ရတဲ့ မြန်မာ့နိုင်ငံအဖို့ကတော့ နိုင်ငံရေး ခေါင်းဆောင်တွေက ပြည်ပစွက်ဖက်မှုကို ရဲရဲတင်းတင်းကြီး လက်ခံရဲတဲ့ အနေအထားတော့ မဟုတ်တာတွေ့ရမှာပါ။ လွတ်လပ်ရေး ရအပြီးမှာ ဖဆပလ အဖွဲ့ကြီးအနေနဲ့ ဆွေးနွေးပြီး လွတ်လပ်ရေးရယူတာကို စစ်မှန်တဲ့ လွတ်လပ်ရေး မဟုတ်ဘူးလို့ လက်ဝဲအစွန်းရောက်တဲ့ အင်အားစုတွေက စွပ်စွဲခဲ့ကြတာကြောင့်လည်း ဖဆပလ အစိုးရ ခေါင်းဆောင်တွေက အနောက်နိုင်ငံ၊ အရင်းရှင်နိုင်ငံတွေနဲ့ သိပ်ပြီး နီးနီးစပ်စပ်နဲ့ မနေခဲ့ကြပါဘူး။ အရင်းရှင်နိုင်ငံတွေက ဖွဲ့တဲ့ စစ်အုပ်စု၊ နိုင်ငံရေး အုပ်စုတွေနဲ့ ခပ်ဝေးဝေး နေခဲ့သလို ဆိုရှယ်လစ် ကွန်မြူနစ်နိုင်ငံတွေရဲ့ အုပ်စုတွေထဲလည်း မပါဝင်ခဲ့ဘဲ ဘက်မလိုက်ရေး မူလိုမျိုးကိုတောင် ဦးစီးဦးဆောင် အဆိုပြုခဲ့တဲ့ အနေအထားမျိုး ဖြစ်ခဲ့တာတွေ့ရမှာပါ။ ဦးနု ပါဝင်ကမကထ လုပ်ခဲ့တဲ့ အင်ဒိုနီးရှား နိုင်ငံ ဘန်ဒေါင်းမြို့မှာ အတည်ပြုခဲ့ကြတဲ့ ဘန်ဒေါင်းမူ ၅ ချက်က ဆယ်စုနှစ်အတန်ကြာ စစ်အေးတိုက်ပွဲမှာ ဝင်မပါလိုကြတဲ့ နိုင်ငံတွေနဲ့ ကိုလိုနီလက်အောက်က လွတ်မြောက်ပြီး နိုင်ငံတွေအကြား ထောက်ခံမှုရတဲ့ လှုပ်ရှားမှုတခု ဖြစ်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် ဆိုဗီယက်ရုရှားနိုင်ငံ ပြိုကွဲပြီးနောက် အရှေ့ဥရောပနိုင်ငံတွေ လွတ်လပ်လာကြတဲ့ကာလတွေ ကျမှသာ ဘက်မလိုက်လှုပ်ရှားမှုက မလိုအပ်တော့သလို ဖြစ်ခဲ့တဲ့ ကာလအထိ ဘန်ဒေါင်းမူက ရေပန်းစားခဲ့တာ ဖြစ်ပါတယ်။
ဒီကာလတွေရဲ့ မြန်မာနိုင်ငံရေးအဆင့်အတန်းက ဒေသတွင်း နိုင်ငံတွေအကြား အတိုင်းအတာတခုထိ လေးစား အသိအမှတ်ပြုခံခဲ့ကြရတာ ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုပြီးနောက် ဆယ်စုနှစ် တခုကျော် ကြာလာပြီးနောက် ဆိုရှယ်လစ် အမည်ခံထားတဲ့ စစ်တပ်ကအုပ်ချုပ်တဲ့ မဆလ ခေတ်မှာ မြန်မာနိုင်ငံကို တံခါးပိတ်ထားခဲ့သလို ဒေသတွင်း ကိစ္စရပ်တွေမှာလည်း သြဇာ၊ လေးစားမှု မခံရသလို အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ လည်း ကွန်မြူနစ်ပါတီ (ဗမာပြည်) ကို လက်နက်၊ ကျွမ်းကျင်မှု စတဲ့အကူအညီတွေ ပေးအပ်တဲ့ အပေါ်မူတည်ပြီး ဆက်ဆံရေး မကောင်းခဲ့တာတွေ့ရမှာပါ။ ဒီဆယ်စုနှစ် ကာလတွေ မတိုင်ခင် မြန်မာနိုင်ငံရှမ်းပြည်နယ် မြောက်ပိုင်း အရှေ့ပိုင်းတွေမှာ တရုတ်ပြည်မကြီးက စစ်ရှုံးလာတဲ့ တရုတ်ဖြူတပ်ရဲ့ ဝင်ရောက် ကျူးကျော်မှုကို ခံခဲ့ရသလို အဲဒီတပ်တွေကို နောက်ကွယ်က အကူအညီပေးနေတဲ့ အမေရိကန် နဲ့ ဆက်ဆံရေးကျဆင်းခဲ့တဲ့ ဖြစ်ရပ်လည်း ရှိခဲ့တာဖြစ်ပါတယ်။ စစ်အေးတိုက်ပွဲရဲ့ မဟာဗျူဟာထဲက အဖြစ်အပျက်တခုဖြစ်တဲ့ တရုတ်ပြည် ကွန်မြူနစ်ပါတီနဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အောင်ပွဲရတာကို မလိုလားတဲ့ အမေရိကန်ပြည်ထောင်စု ရဲ့ အားပေးထောက်ခံတဲ့ တရုတ်ဖြူ တပ်ရဲ့ ကျူးကျော်မှုကို ခံခဲ့ရသလို၊ ၁၉၆၀၊ ၇၀ ခုနှစ်တွေမှာတော့ တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ ဗမာစစ်တပ်ကို တိုက်ခိုက်နေတဲ့ “ဗကပ” နဲ့ စစ်ဆင်ရေးပေါင်းများစွာ ဆင်နွှဲခဲ့ပြီး မော်စီတုန်း ကွယ်လွန်ပြီး တရုတ်ပြည်မူဝါဒ ပြောင်းလဲလာချိန်ထိ တရုတ်နဲ့ မဆလ အစိုးရ ဆက်ဆံရေးက မကောင်းခဲ့ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
ဒါတွေက အတိတ်မြန်မာ့ နိုင်ငံရေးမှာ ပြည်ပနိုင်ငံတွေရဲ့ ပါဝင်စွက်ဖက်မှုတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ လူထုရဲ့ စုစည်းညီညွတ်မှုတွေက လွတ်လပ်ရေးရပြီးစကာလ လူထုထောက်ခံမှု အရဆုံး ဖဆပလအဖွဲ့ကြီးက ဦးဆောင်တဲ့ အစိုးရခေတ်မှာတောင် အတိုင်းအတာ တခုထိသာရှိခဲ့ပြီး တိုင်းရင်းသား လူမျိုးစုအခွင့်အရေး၊ လက်ဝဲဝါဒနဲ့ တိုင်းရင်းသားဓနရှင်ဝါဒတို့ရဲ့ အားပြိုင်မှုတွေနဲ့ စစ်တပ်က နိုင်ငံရေးနယ်ပယ်ထဲကို ဝင်ရောက် နေရာယူပြီး အာဏာသိမ်းခဲ့တဲ့ အထိရောက်ခဲ့တာဖြစ်ပါတယ်။
၈၈ လူထုအုံကြွမှုအပြီး စစ်အာဏာသိမ်းခံရချိန်၊ ၂၀၂၁ ခုနှစ် ရွေးချယ်ခံ NLD ပါတီက အစိုးရဖွဲ့ခါနီး စစ်အာဏာသိမ်းခံရချိန်တွေမှာ လူထုရဲ့ မကျေနပ်မှုက ပြည်ပက ဝင်ရောက်စွက်ဖက်မှုတွေကို လက်ခံလိုတဲ့ အထိ အာဏာရှင်တွေအပေါ် နာကျည်းခဲ့ကြတာ ဖြစ်ပါတယ်။ အမှန်တကယ်ရော ပြည်ပဝင်ရောက် စွက်ဖက်မှုတွေကို လက်ခံနိုင်ကြပါသလား။ ပြည်ပစွက်ဖက်မှုတွေက အကျိုးစီးပွားတွေနဲ့ ဆက်နွယ်နေမယ့် အနေအထားဖြစ်တာကြောင့် မြန်မာပြည်သူ လူထုလိုလားသလို လူဆိုးကို အင်အားသုံးဖမ်းဆီးပြီး လူကြိုက်များတဲ့ ဇတ်လိုက်ရဲ့ လက်ထဲ အာဏာအပ်နှင်းမယ့် ဖြစ်စဥ်မျိုး ဖြစ်နိုင်ခြေ အင်မတန်နည်းတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ပြည်ပနိုင်ငံတွေ အနေနဲ့ ၄င်းတို့ အကျိုးစီးပွားမပါဘဲ နိုင်ငံတနိုင်ငံရဲ့ ပြဿနာတွေထဲ ဝင်ရောက်ဖို့၊ ငွေကြေးသုံးစွဲဖို့ စဥ်းစားကြမှာ မဟုတ်ပါဘူး။
နိုင်ငံရေး ခေါင်းဆောင်တွေ အနေနဲ့ မြန်မာနိုင်ငံ ပြဿနာကို မြန်မာပြည်တွင်းက အင်အားစုတွေ အကြားမှာသာ ဖြေရှင်းနိုင်ဖို့ နိုင်ငံရေး အမြော်အမြင် လိုအပ်မှာဖြစ်ပါတယ်။ စစ်မက်ဖြစ်ပွားနေချိန် တဖက်က နိုင်ငံရဲ့ အစိုးရလို နေရာကိုရယူထားတဲ့ အင်အားစုက ရက်စက်တဲ့ ကျူးလွန်မှုတွေကြောင့် ပြည်ပဝင်ရောက် စွက်ဖက်မှုမျိုးကို လူထုအနေနဲ့ လိုလားကြတဲ့ သဘောမျိုးရှိကောင်းရှိနိုင်ပေမယ့် နိုင်ငံရေး ခေါင်းဆောင်တွေ အနေနဲ့တော့ ဒီလိုလမ်းကြောင်းမျိုး မရောက်စေဖို့ နည်းလမ်း ရှာဖွေနိုင်ဖို့ ဦးဆောင်နိုင်ဖို့ အရေးကြီးတာ ဖြစ်ပါတယ်။ တနည်းပြောရရင် ပြည်တွင်းက နိုင်ငံရေး အင်အားစုတွေ အနေနဲ့ နိုင်ငံရေး ရေချိန်မြင့်မားဖို့ လိုအပ်တယ်လို့ ဆိုလိုရင်းဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar