လားရှိုး၊ နောင်ချိုမြို့တွေကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲ
မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၂၂ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၂၄
လားရှိုး၊ နောင်ချိုမြို့တွေကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲ
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ ပစ်မှတ်ဖြစ်လာခဲ့တဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို သီတင်းပတ်နဲ့ချီ တိုက်ခိုက်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ သြဂုတ်လဆန်းမှာ ကိုးကန့် လက်နက်ကိုင် အဖွဲ့ MNDAA က သိမ်းယူခဲ့ပြီး အုပ်ချုပ်ရေး၊ ဆေးရုံ၊ လျှပ်စစ်မီး အစရှိတဲ့ ပုံမှန်အနေအထား အခြေအနေ ရောက်အောင် MNDAA လက်နက်ကိုင် အဖွဲ့က လုပ်ဆောင်မှုတွေ တွေ့မြင်နေရပြီး စစ်ကောင်စီဘက်ကတော့ ၁ လ ကျော်ကြာကာလအတွင်း လေကြောင်းကနေ တိုက်ခိုက်မှုတွေ ၄ ကြိမ် လုပ်ဆောင်ခဲ့ပြီး ယမန်နေ့ (စက်တင်ဘာ ၂၁ ရက်) နေ့ညက ဗုံးကြဲခဲ့ပြန်ပါတယ်။ ပြည်တွင်း သတင်းဌာနတခုက သတင်းဖေါ်ပြထားရာမှာတော့ မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က သိမ်းယူထားတဲ့ မြို့တွေအထဲက လားရှိုးနဲ့ နောင်ချိုကို စစ်ကောင်စီဘက်က ပြန်လည်သိမ်းယူဖို့ ရည်ရွယ်ပြီး ပြန်လည်တိုက်ခိုက်နေပြီလို့ ဖေါ်ပြထားပါတယ်။ သို့ပေမယ့် မြေပြင် တပ်ဖွဲ့တွေစတင်တိုက်ခိုက်နေတယ်ဆိုတဲ့ အထောက်အထား အချက်အလက်တွေတော့ ဖေါ်ပြထားတာ မတွေ့ရသေးပါဘူး။
နောင်ချိုမြို့ကို ဇူလိုင်လအတွင်း TNLA က သိမ်းယူခဲ့ပြီး လားရှိုးကိုတော့ MNDAA က သြဂုတ်လဆန်းမှာ သိမ်းယူခဲ့တာ ဖြစ်ပါတယ်။
မြောက်ပိုင်း ညီနောင် မဟာမိတ်အဖွဲ့တွေနဲ့ စစ်ကောင်စီအကြား ဇွန်လနောက်ဆုံးပတ်ကနေ ပြန်လည် ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် တိုက်ပွဲတွေမှာ နောင်ချို၊ ကျောက်မဲ၊ လားရှိုးမြို့တို့ကို မဟာမိတ် တပ်ဖွဲ့တွေက သိမ်းယူနိုင်ခဲ့ပြီး နဲ့ သီပေါမြို့ ကို သိမ်းယူနိုင်ဖို့ တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ လက်လွှတ်ဆုံးရှုံးထားတဲ့ မြို့တွေမှာ အုပ်ချုပ်ရေး ကောင်းစွာ မဖော်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး လက်နက်ကိုင် အဖွဲ့တွေရဲ့ တည်နေရာ၊ မြို့အုပ်ချုပ်ရေးအတွက် အသုံးပြုတဲ့ ရုံး အစရှိတဲ့ ပစ်မှတ်နေရာတွေကို သတင်းအချက်အလက် စုဆောင်းကာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်တဲ့ ဗျူဟာမျိုး လက်ရှိ ချမှတ်လုပ်ဆောင် နေတယ်လို့ ယူဆရပါတယ်။ မြို့တွေကို သိမ်းယူနိုင်ခဲ့တဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေ အနေနဲ့ သိမ်းယူထားတဲ့ မြို့ကို စစ်ရေးအရ ရရှိတဲ့ နယ်မြေဆိုတာထက် ဒေသခံတွေ ပြန်လည်နေထိုင်နိုင်တဲ့ မြို့၊ ရောင်းဝယ်ဖောက်ကားမှုတွေ ရှိပြီး အခွန်အကောက်၊ ရေ မီး ဆက်သွယ်ရေး ဝန်ဆောင်မှု ပြန်လည် လုပ်ဆောင်နိုင်တဲ့ မြို့၊ မြို့ခံလူထုအနေနဲ့ မိမိတို့ နေအိမ်တွေမှာ ပြန်လည်နေထိုင် လုပ်ကိုင်စားသောက်နိုင်တဲ့ အနေအထားမျိုးအထိ ရောက်ရှိဖို့ ကြိုးစားနေကြတာကို လားရှိုး၊ နမ့်ခမ်း၊ ကျောက်မဲ၊ နောင်ချိုမြို့တွေမှာ တွေ့ရှိကြရမှာ ဖြစ်ပါတယ်။
သို့ပေမဲ့ တဖက်မှာ လေကြောင်းတိုက်ခိုက်မှုတွေက မြို့ခံတွေအနေနဲ့ မိမိတို့မြို့၊ မိမိတို့နေအိမ်မှာ နေထိုင်ရတာ မလုံခြုံဘူးဆိုတဲ့ အသိကို ရစေပြီး တဖက်မှာ နေအိမ်ပိုင်ဆိုင်မှု ပစ္စည်းတွေ ပျောက်ဆုံးပျက်စီးမယ့် အန္တရာယ် စိုးရိမ်ရသလို တဖက်မှာလည်း အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ အနေအထား ရှိနေတာ ဖြစ်ပါတယ်။ အချို့မြို့ခံတွေက စစ်ကောင်စီ အနေနဲ့ ပြန်သိမ်းဖို့ အစီအစဥ်ရှိခဲ့ရင်လည်း မြန်မြန်ဆန်ဆန် တိုက်တာက အကြိမ်ကြိမ် ပြန်လည်ထူထောင်ရတဲ့ အဖြစ်မျိုးကနေ ရှောင်ရှားနိုင်မယ်ဆိုတဲ့ အမြင်ရှိကြပြီး “တိုက်မယ်ဆို ပြန်လည်ထူထောင်တာတွေ မလုပ်ခင်မှာ တိုက်၊ မဟုတ်ရင်တော့ နောက်မှ ပြန်တိုက်တာတွေ မဖြစ်သင့်ဘူး” ဆိုတဲ့ အမြင်တွေလည်း ပေါ်ထွက်နေတာ တွေ့ရပါတယ်။ စစ်ကောင်စီ အနေနဲ့တော့ ဟိုင်ဂင်ဆွေးနွေးပွဲတုန်းက စကစ ဘက်က ဒု-ဗိုလ်ချုပ်ကြီး မင်းနိုင်ပြောသလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ မြို့တွေကို သိမ်းယူနိုင်ပေမယ့် စကစဘက်က လေကြောင်းကနေ လက်နက်ဆန်းတွေနဲ့ တိုက်ခိုက်နေမှာ ဖြစ်လို့ ဘယ်တော့မှ တည်ငြိမ်အေးချမ်းမှု မရနိုင်ဘူးဆိုတဲ့ သဘော ခြိမ်းခြောက်ပြောဆိုဖူးတဲ့ သာဓကလည်း ရှိခဲ့တာပါ။
မြို့နေလူထုတွေ အဖို့ ကိုယ့်မြို့ ကိုယ့်ဒေသမှာ ပြန်လည်နေထိုင်မလား ကာလတခုထိ အခြားမြို့တမြို့မှာ စစ်ဘေးရှောင်အဖြစ် နေထိုင်မလားဆိုတာ ဆုံးဖြတ်ရခက်ခဲတဲ့ အနေအထားဖြစ်ပါတယ်။ ဆယ်စုနှစ်များစွာ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသ ကျေးရွာတွေမှာ နေထိုင်တဲ့ ဒေသခံတွေ အဖို့တော့ အခုလို ပိုင်ဆိုင်မှု၊ နေအိမ်၊ အသက်မွေးဝမ်းကျောင်း ပစ္စည်းပစ္စယတွေ တကြိမ်မက ဆုံးရှုံးကြရတဲ့ အခြေအနေမျိုးကို အရင့်အရင် ဆယ်စုနှစ်တွေမှာကတည်းက ကြုံခဲ့ဖူးတာ ဖြစ်ပါတယ်။
ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် အစရှိတဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေရဲ့ ဒုက္ခတွေကို မျိုးဆက်နဲ့ချီခံစားကြရတဲ့ အရာမျိုးလို့ နားလည်ကြပါတယ်။ မိဘလက်ထက်တွေကတည်းက ကြုံခဲ့ကြရတဲ့ ပြည်တွင်းစစ်ရဲ့ လက္ခဏတွေဖြစ်တဲ့ ထွက်ပြေး တိမ်းရှောင်ရခြင်း၊ ရိက္ခာဆုံးရှုံးခြင်း၊ မိသားစုဝင်တွေ သေဆုံးဒဏ်ရာရခြင်း၊ ဖမ်းဆီးနှိပ်စက်ခံရခြင်းနဲ့ သတ်ဖြတ်ခံရခြင်းတွေက မျိုးဆက်တခုတင် ပြီးဆုံးသွားတဲ့အရာမျိုး မဟုတ်တဲ့ အဖြစ်ကို ကိုယ်တွေ့ကြုံခဲ့ကြရတာ ဖြစ်ပါတယ်။
အဆိုပါ ဒေသက ဒေသခံတွေ အနေနဲ့ စစ်ဘေးဒုက္ခသည်၊ စစ်ဘေးရှောင်၊ တိုက်ပွဲရှောင် အစရှိတဲ့အမည် အမျိုးမျိုးနဲ့ ပြည်တွင်းမှာလည်း တိမ်းရှောင်ကြဖူးသလို အိမ်နီးချင်းနိုင်ငံ နယ်စပ်ဒေသတွေ အထိလည်း တိမ်းရှောင်ခဲ့ဖူး၊ ပျက်စီးဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရဖူးတာ ဖြစ်ပါတယ်။ အခုအခါမှာတော့ အလားတူ အတွေ့အကြုံမျိုးကို မြို့တွေမှာ နေထိုင်ကြတဲ့ မြို့သူမြို့သားတွေ ကြုံတွေ့ကြရတဲ့ သဘောလည်း ဖြစ်ပါတယ်။
လားရှိုးမြို့လို၊ ကျောက်မဲ၊ သီပေါ အစရှိတဲ့ လက်နက်ကိုင် တိုက်ပွဲတွေရဲ့ စစ်မြေပြင် မဖြစ်ခဲ့တဲ့ မြို့တွေမှာ အခုအခါ စစ်မြေပြင်၊ လေကြောင်းတိုက်ခိုက်မှု၊ ပျက်စီးဆုံးရှုံးမှုတွေကို ကြုံတွေ့လာကြရတာ ဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုဟာ မြေပြင်စိုးမိုးထိန်းချုပ်ရေးအတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ အရာ မဟုတ်ပေမယ့် တဖက် လက်နက်ကိုင် ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို အတည်တကျ မဖြစ်အောင် စိုးရိမ်မှုအောက်မှာ နေထိုင်နေကြရအောင် လုပ်ဆောင်နိုင်တဲ့ သဘောလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar