ချမ်းငြိမ်း - မာယာ
ချမ်းငြိမ်း - မာယာ
(မိုးမခ) စက်တင်ဘာ ၂၆ ၊ ၂၀၂၄
တိမ်နားကွပ်နဲ့ နီညိုရောင်ညနေခင်း
အမှောင်ဟာ ညယောင်ဆောင်ရင်း
တဖြည်းဖြည်းချင်း ချဉ်းနင်းလာတဲ့အခါ
ညနေဟာ မာယာပဲ။
ငါတို့ရဲ့ အသက်ရှင်ခြင်းမှာ
အလင်းတဝက်ပဲ ရခဲ့ကြ
အဲဒီအလင်းတဝက်မှာ
အာဏာစက်အမှောင်နဲ့
ဘဝထောင်တသက်ကို စစ်ပွဲနဲ့ ထပ်ပေါင်းလို့
လောကဓံလည်း ကိုးပါးဖြစ်ခဲ့ပြီ
ချောက်ကမ်းပါးစွန်းက ကယ်တင်ရှင်နဲ့
အသက်ရှင်ခြင်းလည်း ဒုက္ခ
ဒန်တီရဲ့ ညတွေနဲ့ နိုင်ငံတော်။
ငြိမ်းချမ်းရေး ...
အမှောင်နက်နက်ထဲ
အိပ်မက်ဆိုးက လှုပ်နိုးလို့
ခြောက်ကပ်နေတဲ့ အာခေါင်က
ထွက်လာတဲ့ အသံတွေ
အဲဒါ မာယာပဲ။
မာယာလှောင်အိမ်နဲ့
အတုအယောင် ငြိမ်းချမ်းရေး
ဖြေတွေး တွေးစရာတောင် မရခဲ့ဘူး
သေနတ်ပြောင်းတွေရဲ့ နံရံအတွင်းက
နီရိုးဘုရင်ရဲ့ တယောအိုကြီးမှာ
သီချင်းသစ်တွေ မရှိတော့တဲ့အခါ
ငြိမ်းချမ်းရေးနဲ့ လောင်ကျွမ်းခဲ့ရတဲ့ လက်တွေ
ဆန့်မြောက်ရင်း ပြာမှုန်ဖြစ်ခဲ့ကြ။
အရိုးမပါလို့ တွန့်လိမ်နေတဲ့ လျှာနဲ့
ခေတ်တွေကို သိမ်းကျုံးရစ်ပတ်
အဖြေမထွက်တဲ့ ပုစ္ဆာနဲ့
ငြိမ်းချမ်းရေးရဲ့ မာယာ
အဲဒီ လှည့်ဖြားမှုထဲ
ပြိုလဲသွားတဲ့ လူတွေ
နေခဲ့ကြ။
ရေစီးမောင်းရင် မြစ်ကြောင်းပြောင်းရတယ်
မြစ်ကြောင်းက လက်မခံရင်
ဒိုက်ဆိုတာ ကမ်းမှာတင်မယ်
ဒီနေ့ ရေစီးကြောင်းကို
နွေဦးက မောင်းတယ်
နွေဦးက လက်မခံရင်
မာယာအသေတွေ ကမ်းတင်ကျန်ရစ်မယ်
ဒီနေ့
ငြိမ်းချမ်းရေး အစစ်အမှန်ကို
နွေဦးအလံနဲ့ ဆုံးဖြတ်မယ်
ကဲ.....
ခင်ဗျားတို့
မာယာအသေတွေနဲ့ နေခဲ့ကြမလား။