Breaking News

သီအိုဇော် - ကုလသမဂ္ဂနှင့် မြန်မာပြည်သူတို့၏ အနီရောင်စည်း


သီအိုဇော် - ကုလသမဂ္ဂနှင့် မြန်မာပြည်သူတို့၏ အနီရောင်စည်း

(မိုးမခ) စက်တင်ဘာ ၂၆ ၊ ၂၀၂၄


ဆီးရီးယား၊ ယူကရိန်း၊ ဂါဇာ အစရှိတဲ့ အမည်တွေကို တခုချင်း ဆွဲထုတ်ပြောနေဖို့မလိုဘဲ ဒီကနေ့ ကုလသမဂ္ဂဟာ အလုပ်မဖြစ်ဘူး၊ မျှတမှုမရှိဘူး၊ လက်တွေ့မကျဘူး ဆိုပြီး ကောက်ချက်လွယ်လွယ်ချဖို့ ဖြစ်နိုင်ပါ့မလား။ ဒီမေးခွန်းကို ဖြေဖို့အတွက် ကိုးကားစရာ ၂ ချက်လောက်ပဲ လိုပါတယ်။

ပထမတခုက ‘ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီအချိန်မှာ မြန်မာပြည်သူတွေအနေနဲ့ ကုလသမဂ္ဂအပေါ်မှာ မျှော်လင့်ထားတဲ့ဥစ္စာ တော်တော့ကို နည်းတယ်လို့တော့ ဒါကျနော် ပြောလို့ရပါတယ်’ VOA နဲ့ အင်တာဗျူးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောခဲ့တဲ့စကားပါ။

ဒုတိယအနေနဲ့ကတော့ ဒီရက်ပိုင်းမှာပဲ ဖင်လန် သမ္မတ အလက်ဇန်းဒါး စတု(ဗ်)(Alexander Stubb)ရဲ့ တနိုင်ငံချင်း ဗီတိုအာဏာ ပိုင်ဆိုင်ထားမှုကို ဖျက်သိမ်းပြီး လုံခြုံရေးကောင်စီ အသွင်သဏ္ဌာန်ကို ပြောင်းလဲဖွဲ့စည်းသင့်တယ်ဆိုတဲ့ အဆိုပြုချက်ပါ။ ဒီ ၂ ချက်ကို ပေါင်းစပ်စဉ်းစားကြည့်ရုံနဲ့ မေးခွန်းအတွက် အဖြေကို သိရှိနိုင်ပါတယ်။ ဒါက ကုလသမဂ္ဂနဲ့ပတ်သက်တဲ့ ပကတိ အရှိတရားပါ။

ဒါပေမဲ့ ဗီတိုပိုင်ရှင်တွေရဲ့ ဗီတိုအလွဲသုံးစားလုပ်မှုနဲ့ အဖွဲ့အတွင်း လည်ပတ်နေတဲ့ ဗျူရိုကရေစီယန္တရားအပေါ် ဘယ်လိုပဲ အားမလိုအားမရမှုတွေ ရှိနေပါစေဦးတော့၊ ဦးကျော်မိုးထွန်းရဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး နေရာဟာ နွေဦးတော်လှန်ရေးကို ကျားကန်ပေးထားတဲ့ အရေးပါတဲ့ ဒေါက်တိုင်တခု ဖြစ်နေတာကိုလည်း အသိအမှတ်ပြုကြရပါလိမ့်မယ်။

အဖိနှိပ်ခံ မြန်မာပြည်သူများအတွက် နိုင်ငံတကာစင်မြင့်ထက်ဆီက အသံဖြစ်သလို၊ နိုင်ငံတကာကို လှည့်ဖြားဖို့ စစ်အာဏာရှင် အဆက်ဆက်က အသုံးချခဲ့တဲ့ နေရာကို တရားမဝင် စစ်ကောင်စီ အသုံးပြုခွင့် မရှိအောင် တားဆီးထားနိုင်တဲ့ အောင်မြင်မှုပြယုဂ်လည်း ဖြစ်ပါတယ်။ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ နေရာအစစ်အမှန်လို့ ဆို နိုင်ပါတယ်။

၂၀၂၁ ခုနှစ် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတဝိုက်တုန်းကတော့ စိစစ်ဆုံးဖြတ်ရေးကော်မတီ (Credentials Committee)နဲ့ ပတ်သက်ပြီး ဆောင်းပါးရှည်၊ ဆောင်းပါးတိုများကို နောက်ခံ အချက်အလက်တွေနဲ့ အသေးစိတ် ရေးသားခဲ့ဖူးပါတယ်။ နောက်ပိုင်းနှစ်တွေမှာတော့ ဒီကော်မတီဟာ ကြီးကြီးမားမား အငြင်းပွားကြစရာသာ မရှိခဲ့ရင်၊ ပိုနေမြဲ ကျားနေမြဲသာ ဆုံးဖြတ်တတ်လေ့ရှိတယ်လို့ ပိုနားလည်လာမိတဲ့အတွက် ထပ်မရေးဖြစ်တော့ပါဘူး။

အခုရက်ပိုင်း ဦးကျော်မိုးထွန်း ပြောကြားနေတာတွေကတဆင့် သဘောပေါက်မိတာကလည်း ယတိပြတ် မပြောဆိုနိုင်သေးပေမယ့်၊ ဒီနှစ်မှာလည်း အရင်နှစ်တွေလိုပဲ ဆက်ဆုံးဖြတ်ကြဖို့ ရှိတယ်လို့သာ ဖြစ်ပါတယ်။ တော်လှန်ပြည်သူတွေကလည်း ဒီလိုဆုံးဖြတ်ချက်ကိုပဲ မျှော်လင့်နေကြတာပါ။

ဒါပေမဲ့ လတ်တလော ဘယ်သူမှ မစွက်ဖက်ကြနဲ့ဆိုပြီး ကိုယ်တိုင်ကတော့ မသိမသာရော၊ ပေါ်ပေါ်ထင်ထင်ပါ ဝင်စွက်ဖက်ဖို့ ကြိုးစားလာတဲ့ တရုတ်နိုင်ငံရဲ့ ခြေလှမ်းတွေ မြင်ခဲ့ရပြီးတဲ့အပြင်၊ တချို့ရွေးချယ်ခံ Credentials Committee အဖွဲ့ဝင် အမည်များကို ကြည့်ပြီး အရင်နှစ်တွေကထက်တော့ ပိုသတိထား စောင့်ကြည့်သင့်တဲ့နှစ်လို့ မြင်မိပါတယ်။ ဖြစ်လာနိုင်စရာ နည်းပါလိမ့်မယ်။ ဒါပေမဲ့ ဖြစ်ခဲ့သည်ရှိသော်ဆိုတဲ့ မှန်းဆကြည့်ခြင်းမျိုးသာ ဖြစ်ပါတယ်။

ထုံးစံအတိုင်း အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ တရုတ်နိုင်ငံတို့ ဒီကော်မတီမှာ ပါဝင်ပါတယ်။ အာရှတိုက်က အဖွဲ့ဝင်က ‘လာအို’နိုင်ငံ ဖြစ်ပါတယ်။ MNDAA ကို ပါးစပ်အငှားသုံးခဲ့တဲ့ သက်သေရှိထားခဲ့တော့၊ ပါးနပ်စွာနဲ့ပဲ ကိုယ်တိုင်ကတော့ အတိအလင်း လော်ဘီမလုပ်ဘဲ၊ လာအိုကို အငှားလော်ဘီ လုပ်ခိုင်းလေမလား ဆိုတဲ့ အတွေး ဝင်လာခဲ့တဲ့အတွက်ပါ။ စစ်ကောင်စီဘက်က ဒီနေရာကို အသေအလဲ လိုချင်တဲ့အတွက် တရုတ်၊ ရုရှားကို ပုံစံမျိုးစုံနဲ့ ချဉ်းကပ်ထားမှာကို သံသယ မရှိပါဘူး။

ဒီနေရာမှာ Credentials Committee ရဲ့ လုပ်ထုံးလုပ်နည်းကို ထည့်ပြောချင်ပါတယ်။ Credentials Committee အနေနဲ့ အများစုလက်ခံနိုင်တဲ့ ရလဒ်ကို ကော်မတီတွင်း ရယူနိုင်ဖို့ အရင်ကြိုးစားကြပါတယ်။ အဲဒီလို သဘောတူ ဆုံးဖြတ်မှုတွေ မပြုလုပ်နိုင်ခဲ့ရင်တော့၊ အထွေထွေညီလာခံကြီးမှာ အဖွဲ့ဝင်နိုင်ငံများက မဲခွဲဆုံးဖြတ်ပေးကြရပါတယ်။

ရှင်းလင်းတဲ့ ဥပမာတခု ပြရမယ် ဆိုရင်တော့၊ ကမ္ဘောဒီးယားနိုင်ငံ အတိတ်သမိုင်းနဲ့ ဆိုင်ပါတယ်။ ၁၉၇၉ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ၃၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတုန်းက ပိုပေါ့ရဲ့ ခမာနီအစိုးရ (Democratic Kampuchea- DK) နဲ့ ဗီယက်နမ် ကျောထောက်နောက်ခံပြုတဲ့ (People Republic of Kampuchea- PRK) အစိုးရကြား ကုလသမဂ္ဂ ကိုယ်စားပြုနေရာ ဆုံးဖြတ်ခဲ့ကြစဥ်ကပါ။

Credentials Committee အနေနဲ့ ကော်မတီတွင်း အများလက်ခံနိုင်မယ့် အဖြေကို မရှာပေးနိုင်ခဲ့ပါဘူး။ ခမာနီတို့ရဲ့ DK အစိုးရကို လက်ခံဖို့ အဆိုကြမ်းက ၆ မဲ-၃ မဲ ရလဒ်ထွက်ခဲ့ပါတယ်။ ဒါ့ကြောင့် ကော်မတီဥက္ကဋ္ဌက ဆက်ပြီး ဒီအဆိုကြမ်းကို အထွေထွေညီလာခံမှာ အဖွဲ့ဝင်နိုင်ငံတွေ မဲခွဲ ဆုံးဖြတ်ဖို့ အဆိုပြုခဲ့ပြီး၊ နောက်ဆုံးမှာ ထောက်ခံ ၇၁၊ ကန့်ကွက် ၃၅၊ ကြားနေ ၃၄၊ မတက်ရောက် ၁၂ တို့နဲ့ အတည်ပြုပေးခဲ့လို့ ခမာနီအစိုးရ ကိုယ်စားပြုခွင့် ရခဲ့ပါတယ်။ အခုဆိုရင် Credentials Committee ရဲ့ လုပ်ထုံးလုပ်နည်း အဆင့်တွေ ပိုထင်သာမြင်သာ ရှိသွားလောက်ပြီလို့ ထင်ပါတယ်။ 

အထက်က ပြောခဲ့သလို ဖြစ်ဖို့ လမ်းနည်းပါးပေမယ့်၊ တကယ်လို့များ တရုတ်၊ ရုရှား၊ လာအိုတို့က ပိုနေမြဲ ကျားနေ မြဲ ဆုံးဖြတ်မှုကို အသာတကြည် လက်မခံဘဲ ကျန်အဖွဲ့ဝင်တွေကို လော်ဘီလုပ် စည်းရုံးခဲ့ရင်တော့ အထွေထွေညီလာခံရဲ့ မဲခွဲဆုံးဖြတ်မှုကို ခံယူကြရပါလိမ့်မယ်။

စစ်ကောင်စီရဲ့ လူမဆန် ရက်စက်ယုတ်မာမှုတွေကို နိုင်ငံတကာက သိပြီးဖြစ်လို့ မတော်တဆ အဲဒီလိုအခြေအနေ ရောက်ခဲ့ရရင်လည်း စိုးရိမ်စရာ မရှိဘူးလို့ပဲ မြင်မိပါတယ်။ ယေဘုယျအားဖြင့်လည်း အာဏာသိမ်းမှုတွေက ကုလသမဂ္ဂ အသိအမှတ်ပြုမှုကို မရရှိကြပါဘူး။ ဟေတီ (၁၉၉၁)၊ ဆီယာလီယွန်း (၁၉၉၇)၊ ဟွန်ဒူးရပ်စ် (၂၀၀၉) တို့ က ရှေ့ မှာ သက်သေပါ။

ဒီညီလာခံသက်တမ်းအတွက် ရွေးချယ်ခံထားရတဲ့ ကျန်နိုင်ငံတွေကတော့ ကာရီဘီယံနိုင်ငံများထဲက အင်တီဂါးနဲ့ ဘာဗြူဒါး (Antigua and Barbuda)၊ ဒိုမီနီကာ (Dominica)၊ အာဖရိကတိုက်က ကာဘိုဗာဒေ (Cabo Verde)၊ လိုင်ဘီးရီးယား (Liberia)၊ ဥရောပက မိုနာကို (Monaco)တို့ ဖြစ်ကြပါတယ်။ ဒီ ၅ နိုင်ငံထဲမှာ လိုင်ဘီးရီးယား တနိုင်ငံတည်း လူဦးရေ ၅သန်းကျော် ရှိတာပါ။ ကျန်နိုင်ငံတွေက သောင်းဂဏန်း၊ သိန်းဂဏန်းလောက်သာရှိတဲ့ နိုင်ငံလေးတွေ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့်ကတော့ နိုင်ငံငယ်များအနေနဲ့ သူတို့နဲ့ တိုက်ရိုက်မပတ်သက်ရင်၊ နိုင်ငံကြီးတွေက လော်ဘီဝင် မလုပ်ရင်  တွန်းတွန်းတိုက်တိုက် ငြင်းခုံပြောဆိုမနေကြတော့ဘဲ ပိုနေမြဲကျားနေမြဲ ဆက်ထောက်ခံ ပေးလိုက်ကြတာ သာ များပါတယ်။

ဒါပေမဲ့ ကာရီဘီယံတနိုင်ငံ ဖြစ်တဲ့ အင်တီဂါးနဲ့ ဘာဗြူဒါးကိုတော့ စောင့်ကြည့်လိုပါတယ်။ ကာရီဘီယံနိုင်ငံ ဆိုတာမျိုးက ထိုင်ဝမ်နဲ့ သံတမန် အဆက်အသွယ် လက်ကျန်နိုင်ငံ စုစုပေါင်းရဲ့  ၃ ပုံ ၁ ပုံလို့တောင် ပြောနိုင်ပါတယ်။ ဒီအတွက် တရုတ်နိုင်ငံနဲ့ နွေးထွေးတဲ့ ဆက်ဆံရေး မရှိတဲ့ ကာရီဘီယံ နိုင်ငံတွေလည်း ရှိပါတယ်။

အင်တီဂါးနဲ့ ဘာဗြူဒါးကတော့ အဲဒီလို မဟုတ်ပါဘူး။ ဒီနှစ် ဇန်နဝါရီလတုန်းက နိုင်ငံဝန်ကြီးချုပ်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်မှာ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတခုအဖြစ် အရင်ကရော၊ အခုရော၊ နောင်ရော ရှိနေမယ်လို့ ပြောကြားခဲ့လို့ တရုတ်နိုင်ငံအနေနဲ့ ထိုင်ဝမ်ကို ဘယ်တုန်းကမှ မအုပ်ချုပ်ခဲ့ကြောင်း၊ အခုလို ပြောဆိုမှုဟာ မှားယွင်းကြောင်း၊ ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာန၊လက်တင်အမေရိကနဲ့ ကာရီဘီယံဌာနခွဲက စာထုတ်ရှင်းလင်း ခဲ့ရပါတယ်။

လူဦးရေ ၁ သိန်းဝန်းကျင်လောက်သာရှိတဲ့ အင်တီဂါးနဲ့ ဘာဗြူဒါးဟာ တရုတ်နိုင်ငံအတွက် လော်ဘီလုပ် စည်းရုံးလို့လွယ်တဲ့ နိုင်ငံတခု ဖြစ်နေမလား ဆိုပြီးလည်း စဉ်းစားစရာပါ။ အာဖရိကနိုင်ငံတွေဘက် ကြည့်ပြန်ရင်လည်း ဒီစက်တင်ဘာလဆန်းမှာ ပီကင်းမှာပြုလုပ်ခဲ့တဲ့ FOCAC ဖိုရမ်မှာ အာဖရိကနိုင်ငံ ၅၃ နိုင်ငံက အကြီးအကဲများ၊ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး သမ္မတရှီကျင့်ဖျင်က နောက် ၃ နှစ်အတွင်း ဒေါ်လာဘီလီယံ ၅၀ ကျော် အသုံးပြုဖို့ ပြောကြားခဲ့တာကိုထောက်ရင်  တရုတ်နိုင်ငံအတွက် အာဖရိကတိုက်မှာ မိတ်ဆွေတိုးချဲ့နေတာ ထင်ရှားပါတယ်။ အခု Credentials Committeeထဲက ကာဘိုဗာဒေ၊ လိုင်ဘီးရီးယားတို့ကရော တရုတ်ဘက်က ချဥ်းကပ်လာရင် ဘယ်လို တုံ့ပြန်ကြလေမလဲ။

တကယ်တော့လည်း ဒီအချက်တွေက ခန့်မှန်းကြည့်ရုံသက်သက်ပါ။ ဦးကျော်မိုးထွန်း ပြောကြားနေသလို အရင် နှစ်တွေလိုပဲ သက်တမ်းဆက်တိုးဖို့ များပါလိမ့်မယ်။ ဒါပေမဲ့၊ တကယ်လို့သာ ရှောရှောရှူရှူ မဖြစ်ခဲ့ဘဲ ငြင်းကြ ခုံကြ မဲခွဲကြရပြီ ဆိုရင်တော့ နောက်ကွယ်က လက်မည်းကြီးလား၊ လက်ဝါကြီးလား၊ လက်ဖြူကြီးလား ဆိုတာက ဘယ်သူ့ စနက်လို့ သိမြင်နိုင်စေဖို့ စဉ်းစားကြည့်နေခြင်းသာ ဖြစ်ပါတယ်။

ရုရှားဟာ တရုတ်နိုင်ငံလို လော်ဘီလုပ်ပေးနိုင်တဲ့ အနေအထား မရှိပါဘူး။ တရုတ်ဘက်ကလည်း လာအိုကတဆင့် အငှားလော်ဘီ လုပ်မလုပ်၊ ကံသေကံမ ဘယ်သူကမှ မပြောနိုင်ပါဘူး။ တခုတော့ ရှိပါတယ်၊ တစထက်တစ သူ့အရောင်အသွေးမှန်ကို ပြသလာတဲ့ တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီနဲ့ စိတ်ကြိုက် အပေးအယူ လုပ်ထားပြီးခဲ့ရင်တော့၊ သူ့မျက်နှာဖုံးကို အပြီးခွါချပြီး၊ ဒီနေရာကို စကစအတွက် တွန်းတွန်းတိုက်တိုက် လော်ဘီလုပ်ပေးနိုင်ခြေ ရှိပါတယ်။ စကစဘက်ကို ပုံအော လောင်းကြေးထပ်လာနိုင်ပါတယ်။ ဒီအတွက် သတိကြီးကြီးနဲ့ ဆက်စောင့်ကြည့်ကြရပါလိမ့်မယ်။

အထက်က ပြောခဲ့သလိုပါပဲ၊ သံအမတ်ကြီးဦးကျော်မိုးထွန်းရဲ့ နေရာဟာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ နေရာဖြစ်ပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ကျူးကျော်မှ နိုင်ငံတခုရဲ့ အချုပ်အခြာကို ထိပါးတာလို့ မယူဆနိုင်ပါဘူး။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး နေရာဟာ မြန်မာပြည်သူများရဲ့ ပိုင်နက်၊ နယ်နိမိတ်လည်း ဖြစ်ပါတယ်။ ဒီနေရာကို ထိပါးကျော်ဖြတ်ဖို့ ကြိုးစားတဲ့ မည်သည့်နိုင်ငံ၊ အဖွဲ့အစည်း ကြီးငယ်မဆို၊ မြန်မာပြည်သူများကို စစ်ကြေညာလိုက်တာပဲလို့ သတ်မှတ်ရပါလိမ့်မယ်။ မြန်မာပြည်သူများက ‘ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး’ နေရာကို စည်းနီတားထားလိုက်ကြပြီလို့ပဲ ပြောကြရပါလိမ့်မယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar