အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၂၁ )
ဒီရက်ပိုင်းအတွင်း တိုက်ပွဲသတင်းတွေထက် ရေဘေးသတင်းတွေက ပိုများနေပါတယ်။ အိမ်တွေပြိုတယ်။ ဆည်တွေကျိုးတယ်။ ဆည်တွေ ဖောက်ချတယ်။ တံတားတွေ ကျိုးတယ်။ အိမ်တွေ၊ ရွာတွေ ရေအောက်ရောက်ကုန်တယ်။
စစ်ကောင်စီရဲ့ ကြိုတင် စီမံမှု ညံ့ဖျင်းတဲ့အကြောင်းတွေ လူမှုကွန်ယက်ပေါ်တင်ထားကြတယ်။ ရေတွေကြီးလို့ အခြေအနေ အတော်ဆိုးတာ လေး ငါးရက်ကြာမှ မင်းအောင်လှိုင်က နိုင်ငံတကာအကူအညီတောင်းဖို့ လူမှုရေးအသင်းအဖွဲ့တွေက ကူညီဖို့ အမိန့်ထုတ်တယ်။ အစိုးရအမှုထမ်းတွေရယ် အစိုးရနဲ့ ပတ်သက်သူ အသင်းအဖွဲ့တွေကလည်း အဲဒီတော့မှ ပြာပြာသလဲ ကူညီနေပုံတွေ fb မှာ တက်လာတာတွေ့ရတယ်။ ဒါတောင် မြဝတီပြန်ကြားရေးက ရေကြီးတာ လူ ဆယ်ဂဏန်းလောက်ပဲ သေတယ်လို့ သတင်းထုတ်ပြန်တယ်။ ကျနော်မိတ်ဆွေ ရမည်းသင်း မိုးထိမိုးမိဒေသက လူ ၇၀၀ ကျော် သေတယ်။ ရွာလုံးကျွတ် ပျောက်တယ်။ အစိုးရက ဆည်ရေကို သတိမပေးဘဲ ဖောက်ချလို့ ရွာတွေ ပျက်တယ်။ ပျောက်တယ်လို့ ပြောပါတယ်။
မြေပြင်သတင်းနဲ့ အစိုးရပြန်ကြားရေးက ထုတ်တဲ့သတင်းက အလွန်ကွာခြားနေတယ်။ အစိုးရမီဒီယာကို လူထုက ယုံကြည်မှုမရှိသလောက်ပါပဲ။ စစ်ကောင်စီ ဘာပဲလုပ်လုပ်၊ ဘာပဲပြောပြော လူထုက မယုံကြည်တော့။ အဲဒီတော့ စစ်ကောင်စီဟာ လူထုမယုံကြည်တဲ့ အစိုးရဖြစ် အောင် မိမိကိုယ်မိမိ ဖန်တီးနေတယ်လို့ နိုင်ငံရေးသုံးသပ်သူတွေက ပြောကြတယ်။
ရပ်ကွက်ထဲမှာ ကလေးတွေ ကျောင်းမသွားကြဘူး။ သူတို့ဆရာမတွေ သန်းခေါင်စာရင်းကောက်ဖို့ သင်တန်းတက်နေကြလို့ ကျောင်းမှာ ဆရာ မရှိလို့ ကျောင်းမသွားကြတာလို့ ပြောတယ်။
စစ်ပြေးနေရလို့ ကျောင်းမတက်နိုင်၊ ရေဘေးကြုံလို့ ကျောင်းမသွားနိုင်၊ ဆရာမတွေ သန်းခေါင်စာရင်းသင်တန်း တက်နေလို့ ကျောင်းပျက်နေကြတဲ့ ကလေးတွေရဲ့ ရှေ့ရေးဟာ ရေစုန်မျောနေပြီ ထင်ပါတယ်။
စစ်ကောင်စီလေတပ်ဟာ လူထုကယ်ဆယ်ရေးမလုပ်ဘဲ မြို့ရွာတွေကို အဆက်မပြတ် ဗုံးကြဲနေလို့ လူထုရဲ့ ဝေဖန်အပြစ်တင်တာကို ခံနေရတယ်။
MNDAA က ကြေညာချက်ထုတ်တယ်။ တရုတ် အကြံပြုချက်ကို လက်ခံတယ်။ NUG နဲ့ မပူးပေါင်း၊ မန္တလေးကို ဆက်လက်ထိုးစစ်ဆင်မှာ မဟုတ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက်ဆက်လက်တိုက်ပွဲဝင်မယ် တဲ့။
ဝေဖန်သုံးသပ်သူတွေက ပြင်းပြင်းထန်ထန် ဝေဖန်အပြစ်တင်တာ မလုပ်ကြဘူး။ ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်မယ်ဆိုရင် စစ်ကောင်စီကို အပြုတ်တိုက်နိုင်မှ ရမယ်ဆိုတာကို လူတိုင်း လက်ခံထားကြတယ်။ ဒါကို MNDAA လည်း ဒါလောက်တော့ သိမှာပါ။ ဒီအကျပ်အတည်းက သူ ဘယ်လို ထွက်မယ်ဆိုတာ စိတ်ဝင်စားစရာပါ။ လေ့လာသုံးသပ်သူတွေကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေဟာ ဒီအကျပ်အတည်းကို ပါးပါးနပ်နပ် ကျော်လွှားနိုင်မယ်လို့ ယုံကြည်နေကြတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ လားရှိုးကို သိမ်းပိုက်လိုက်တဲ့ ဗျူဟာကိုကြည့်ပြီး သူတို့ အခုလို ယုံကြည်နေပုံရတယ်။
နိုင်ငံတကာသတင်းတွေမှာတော့ ဒေါ်နယ်ထရမ့်နဲ့ ကမ်မလာတို့ စကားစစ်ထိုးပွဲအကြောင်း ထိပ်တန်းရောက်နေတယ်။ ABC သတင်းဌာနက ကြီးမှူးကျင်းပတာပါ။ ဒီ စကားစစ်ထိုးပွဲမှာ ကမ်မလာကို လူကြိုက်ပိုများတယ်လို့ သိရပါတယ်။ ဒီပွဲမှာ တယောက် စကားပြောနေစဉ် ပြိုင်ဘက်တစ်ယောက်ရဲ့ စကားပြောခွက်ကို ပိတ်ထားတဲ့ စနစ်ကို အသုံးပြုကြပါတယ်။ ကမ်မလာ စကားပြောနေစဉ်မှာ ထရမ့်ဟာ ကမ်မလာ ကိုလည်း မကြည့်၊ ပရိသတ်ကိုလည်း မကြည့်။ ကမ်မလာက ထရမ့်မျက်နှာကို စေ့စေ့ကြည့်ပြီး သူ့ခံစားချက်ကို မျက်နှာအမူအရာနဲ့ ဖော်ပြသွားတယ်လို့ ဆိုပါတယ်။ ဆိုလိုချင်တာက ထရမ်ဟာ ကမ်မလာ စကားပြောနေစဉ် ဘာမှမတုံ့ပြန်ပေမယ့် ကမ်မလာကတော့ ထရမ်စကားပြောနေစဉ် စကားပြောခွင့်မရပေမယ့် မျက်နှာအမူအရာနဲ့ စကားတွေ အများကြီး တုံ့ပြန်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပွဲကြည့်သူတွေရဲ့ မျက်လုံးတွေက စူးရှလှပါတယ်။ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ မျက်နှာအမူအရာတွေရဲ့ ဘာသာစကားတွေကိုပါ နားလည် အသုံးပြုလာကြတာပါ။ ဒီနေ့ လူထုဟာ ခေတ်မီနည်းပညာတွေကို စားသုံးနိုင်သူတွေဖြစ်နေကြပါပြီ။ အတွေ့အကြုံနည်းသေးတဲ့ ကမ်မလာကို အတွေ့အကြုံများတဲ့ ထရမ့်နဲ့ ယှဉ်နိုင်ဖို့ ပွဲမဝင်ခင် ပြင်ဆင်လေ့ကျင့်ခဲ့ပုံတွေကလည်း လေ့လာမှတ်သားစရာပါ။
ဒီနေ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တော်လှန်ရေးတပ်တွေဟာ နှစ် ၇၀ အတွေ့အကြုံရှိတဲ့ စစ်ကောင်စီတပ်တွေကို ဆက်တိုက်အနိုင်ရနေတာဟာ တော်လှန်ရေးစိတ်ဓာတ်အင်အားအပြည့်နဲ့ ပြင်ဆင်လေ့ကျင့်ခဲ့လို့၊ အခါအခွင့်ကို သိလို့၊ လိမ္မာပါးနပ်လို့၊ ဖြစ်မှာပါ။
မြို့သိမ်းတိုက်ပွဲတွေ ဆက်လက်ဆင်နွှဲရင်း အုပ်ချုပ်ရေး၊ ပြန်လည်ထူထောင်ရေးတို့ကိုလည်း ပြင်ဆင်လေ့ကျင့်နေလိမ့်မယ် ထင်ပါတယ်။
တော်လှန်ရေးက ခရီးရှည်ကြီး ဖြစ်ပါတယ်။ တနည်းအားဖြင့် သားစဉ်မြေးဆက် တိုက်ရမည့် လက်ဆင့်ကမ်း ရေရှည်တိုက်ပွဲကြီးပါ။
ပြင်ဆင်ရင်းတိုက်၊ တိုက်ရင်း ပြင်ဆင်။
အန်ကယ် တူမီး
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar