Breaking News

ဆလိုင်းဇုန် - စိတ်ကြိုက်

ဆလိုင်းဇုန် - စိတ်ကြိုက်

(မိုးမခ) အောက်တိုဘာ ၂၅ ၊ ၂၀၂၄


နာဖျားနေတဲ့ ကစဉ့်ကလျားနေ့တွေမှာ

ကောင်းကင်ကြီးဆိုတာ ဟာလာဟင်းလင်းကြီး

ကိန်းဂဏန်း ရေတွက်မှုတွေနဲ့ 

ကြယ်တွေကို ပြသထား


ဆူညံနေတဲ့ အတိတ်ဆီကနေ

လက်မလည်နိုင်တဲ့ ဝေဒနာတွေအထိ လူးလာခေါက်ပြန်

တချို့တံတိုင်းတွေဟာ ဖြိုဖျက်ဖို့မလွယ်

မဟာလူမျိုးကြီးဝါဒီနဲ့ တွင်းထွက်ချဉ်ဖတ်တွေ

ဒီပြဿနာ ရှင်းမယ်ဆိုမှ ဇာစ်မြစ်က ငါ မဟုတ်ခဲ့

သနားစဖွယ် လူ့သတ္တဝါဟာ

လည်တိုင်မှာ ချည်တိုင်ကိုယ်စီနဲ့ …..


ဒီငရဲထဲ

ဆီပူဒယ်အိုးတွေ မရှိဘူး

ဝမ်းရေးပဲ ပူကြ

ဒီငရဲထဲ

တံစို့ထိုး ကင်ခံရတာ မရှိဘူး

ဗုံးဆန်နဲ့ တစစီ ကင်ခံကြရ

ဒီငရဲထဲ….

ဒီငရဲထဲ …..

ရှင်သန်ကြရ……


စိတ်ကြိုက် …..

ဆွဲဖြုတ်လိုက်တဲ့ သေနတ်မောင်းခလုတ်မှာ

တရှိန်ထိုး ထွက်ပြေးသွားတဲ့

သရုပ်မှန်ဇာတ်လမ်းတွေများစွာ …. 


မျက်ရည်မရှိတော့သည်အထိ

ပင်လယ်ဟာ မင်ရည်လိုပဲ

သမိုင်းရဲ့ အရုပ်တွေ ထင်ဟပ်နေမှာ ……

အောင်နိုင်သူ ရေးတဲ့သမိုင်းနိဂုံးဟာ

ခေတ်သစ်အဘိဓမ္မာ

ကမ္ဘာဟာ သူ့ကိုယ်သူ ကုစားဖို့ ဆေးနည်းပါပဲ …..


ဆလိုင်းဇုန်

၀၆၁၀၂၀၂၄

လင်ကွန်း၊ ခရိုက်ချက်




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar