ချင်းမိုင်က ပဉ္စမအကြိမ်မြောက် မြန်မာ့အရေး နိုင်ငံတကာလေ့လာရေးညီလာခံနဲ့ မြန်မာ့နိုင်ငံရဲ့ ပြည်တွင်းစစ်

မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၁၆ မြင်ကွင်း
(မိုးမခ) ၊ ဩဂုတ် ၁၇ ၊ ၂၀၂၆
ချင်းမိုင်က ပဉ္မအကြိမ်မြောက် မြန်မာ့အရေး နိုင်ငံတကာလေ့လာရေးညီလာခံနဲ့ မြန်မာ့နိုင်ငံရဲ့ ပြည်တွင်းစစ်
ထိုင်း-မြန်မာနိုင်ငံနယ်စပ်နဲ့ ၄/၅ နာရီ ကားမောင်းသည့် အကွာအဝေးတွင် တည်ရှိသည့် ချင်းမိုင်မြို့တွင် မြန်မာ့အရေးနိုင်ငံတကာ လေ့လာရေးညီလာခံကို ပြီးခဲ့သည့် သြဂုတ်လ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့ထိ ၃ ရက်တာ ကျင်းပခဲ့ပါတယ်။
ညီလာခံရဲ့ ဥက္ကဋ္ဌက ချင်းမိုင်တက္ကသိုလ်က ပါမောက္ခ တဦးဖြစ်ပြီး ပဥ္စမအကြိမ်မြောက်အဖြစ် ကျင်းပတဲ့ ယခုညီလာခံရဲ့ ခေါင်းစဥ်က “အကျပ်အတည်းနဲ့ ဖြစ်တန်ခြေအကြားက မြန်မာ့အသွင်ကူးပြောင်းရေးရဲ့ အသံများ” မြန်မာ့အရေးကို စိတ်ဝင်စားတဲ့ နိုင်ငံတကာ ပညာရှင်တွေနဲ့ မြန်မာပညာရှင်၊ မြန်မာတက်ကြွလှုပ်ရှားသူတွေ ပါဝင်ဆွေးနွေးကြတာပါ။ ဒီညီလာခံကို ချင်းမိုင်တက္ကသိုလ်နဲ့ နိုင်ငံတကာ အကူအညီပေးတဲ့အဖွဲ့အချို့ရဲ့ ပံ့ပိုးမှုနဲ့ ကျင်းပခဲ့တာလို့ သိရပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာ့နိုင်ငံရဲ့ နိုင်ငံရေး အကြပ်အတည်း၊ အဲဒီနောက် လပိုင်းအကြာမှာ ပြည်တွင်းစစ်အတွင်း သက်ဆင်းခဲ့တာ အခုဆို ၅ နှစ်ကြာရှိပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကြပ်အတည်းနဲ့ ပတ်သက်လို့ နိုင်ငံတကာက မြန်မာ့အရေးလေ့လာသူတွေ တွေ့ဆုံဆွေးနွေးကြတာလို့ ဆိုရင်လည်း မမှားပါဘူး။ မြန်မာ အတိုက်အခံ လက်နက်ကိုင် အဖွဲ့အစည်းတွေ နိုင်ငံရေးအဖွဲ့အစည်းတွေကသူတွေတော့ တက်ရောက်တာ မတွေ့ရပေမယ့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူအချို့ သတင်းမီဒီယာ ဦးဆောင်သူအချို့တော့ တက်ရောက်ကြတာတွေ့ရပါတယ်။
ဒီဆွေးနွေးပွဲကို ကမကထပြု နေရာပေးပြီးကျင်းပတာက ထိုင်းနိုင်ငံချင်းမိုင် တက္ကသိုလ်ဖြစ်တော့ ထိုင်းအစိုးရရဲ့ သဘောထားက ဘယ်လို သဘောထားရှိမလဲ။ ဘာကြောင့် ဘန်ကောက်မှာ ကျင်းပခြင်း မပြုဘဲ ချင်းမိုင်တက္ကသိုလ်မှာ ကျင်းပရတာလဲ ဆိုတဲ့ မေးခွန်းတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။
ဘန်ကောက်က တက္ကသိုလ်တွေနဲ့ စာရင် ချင်းမိုင်တက္ကသိုလ်က ထိုင်းနိုင်ငံရောက် မြန်မာတက်ကြွလှုပ်ရှားသူ၊ မြန်မာသုတေသီ၊ မြန်မာစစ်အစိုးရနဲ့ စစ်အာဏာရှင် ဆန့်ကျင်ကြတဲ့ မြန်မာလူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ ပိုမိုနီးစပ်တဲ့ ဆက်ဆံရေး ရှိတာ၊ ချင်းမိုင်မှာ ပြည်ပရောက် မြန်မာအသိုင်းအဝိုင်းက မဲဆောက်ပြီးရင် အတော်လေး အရေအတွက်များပြားတာတွေကြောင့် ချင်းမိုင်မှာ ကျင်းပတာလို့ ယူဆရပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်းမှာက ချင်းမိုင်မြို့ဟာ ဘန်ကောက်ပြီးနောက် ဒုတိယအကြီးဆုံးမြို့ဖြစ်ကာ ပဒေသရာဇ်ခေတ် သမိုင်းတွေမှာလည်း မြန်မာတွေနဲ့ ရှည်လျားတဲ့ ဆက်ဆံရေး စစ်မက်ဖြစ်ပွားတာ၊ သိမ်းပိုက်တဲ့ သမိုင်းတွေ ရှိခဲ့ပေမဲ့ မြန်မာတွေ အပေါ် အတိတ်ရဲ့ ရန်ငြိုးလိုမျိုး မရှိတဲ့အပြင် မြန်မာနိုင်ငံတွင်း နိုင်ငံရေး ပြဿနာဖြစ်ပွားတိုင်း အစိုးရနဲ့ သဘောထားကွဲလွဲတဲ့ မြန်မာတွေ နှစ်နဲ့ချီ လာရောက်နေထိုင်ကြတဲ့ မြို့တမြို့လည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားတဲ့ ပြည်တွင်းပဋိပက္ခက အရင့်အရင် ဖြစ်ခဲ့တာတွေထက် ပိုမိုပြင်းထန်ပြီး အုပ်ချုပ်သူတွေနဲ့ သဘောထားကွဲလွဲတဲ့ ပြည်ပရောက်မြန်မာ အရေအတွက်ဟာ ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ကာလတွေနဲ့ တောင်မတူပဲ အခုတကြိမ်ပိုမိုများပြားတယ်လို့ ဆိုနိုင်ပါတယ်။
ထိုင်းစစ်တပ်ဟာ မြန်မာနိုင်ငံက အာဏာသိမ်းစစ်တပ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိသည့်တိုင် ထိုင်းအစိုးရကတော့ နိုင်ငံရေး သဘောထားကွဲလွဲသူ မြန်မာတွေကို ဖမ်းဆီးပြီး မြန်မာစစ်အစိုးရလက်ထဲ အပ်နှံတာတွေ မရှိသလောက် နည်းပါးပါတယ်။ နယ်စပ်မျဥ်းကို ကျော်ဖြတ်ကာ တရားမဝင် ဝင်ရောက်လာပြီး အလုပ်လုပ်ကိုင်နေတဲ့သူတွေနဲ့ ထိုင်းနိုင်ငံမှာ ရာဇဝတ်ပြစ်မှု ကျူးလွန်လို့ဖမ်းဆီးသူတွေကိုသာ မြန်မာနိုင်ငံပြန်ပို့တာမျိုး လုပ်လေ့ရှိတာပါ။
ဒီလို နောက်ခံအနေအထားတွေနဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို ချင်းမိုင်တက္ကသိုလ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အခု ကျင်းပတဲ့ ဆွေးနွေးပွဲက နိုင်ငံတကာ ပညာရှင်တွေ၊ မြန်မာပြည်ဖွားပညာရှင်တွေ တက်ကြွလှုပ်ရှားသူတွေနဲ့ အိမ်ရှင် ထိုင်းနိုင်ငံက ပညာရှင်တွေ ဆွေးနွေးကြတာဖြစ်လို့ ဒီဆွေးနွေးပွဲရဲ့ ရလဒ်တွေ အမြင်တွေ၊ အကြံပြုချက်တွေကို လက်ရှိ မြန်မာ့နိုင်ငံရေးမှာ အဓိကကစားသူတွေက နားထောင်ကြရဲ့လားဆိုတဲ့ မေးခွန်းလည်း ရှိလာပါတယ်။ အဓိက ကစားသူတွေက ဘယ်သူတွေလဲလို့မေးရင် အမျိုးသားညီညွတ်ရေး အစိုးရ၊ အာဏာသိမ်းခဲ့တဲ့ စစ်တပ်နဲ့ မင်းအောင်လှိုင် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေး ကစားကွင်းမှာ အဓိကကစားသမားတွေ ဖြစ်တဲ့ လက်နက်ကိုင်တပ်တွေ နိုင်ငံရေးသမားတွေအနေနဲ့ အခုလို မြန်မာ့အရေး ဆွေးနွေးမှုရလဒ်တွေကို ဂရုပြုမိကြပါရဲ့လား။ အလေးအနက်ရောထားကြပါရဲ့လားဆိုတဲ့ မေးခွန်းလည်း ရှိနေတာဖြစ်ပါတယ်။
အခုလို ပြည်တွင်းစစ်ကာလမှာ ပြည်သူလူထု အနေနဲ့ အများပြည်သူ့အမြင် (Public Opinion)တွေကို ထုတ်ဖေါ်ပြောဆိုနိုင်တဲ့ အနေအထားမျိုး ရှိပါရဲ့လား။ အများပြည်သူ့အမြင်ကို နားထောင်ပြီး မြန်မာနိုင်ငံရဲ့ ကံကြမ္မာကို ဆုံးဖြတ်နေကြတဲ့ အဖွဲ့အစည်းတွေကို သိအောင်ပြောပြပေးဖို့ အသံထုတ်ပေးဖို့ တာဝန်ရှိတဲ့ သတင်းမီဒီယာတွေ အနေနဲ့ရော အများပြည်သူ့အမြင်တွေကို မေးမြန်းဖေါ်ပြဖို့ လုပ်ဆောင်ကြပါရဲ့လား စတဲ့မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။
အာဏာသိမ်းစစ်တပ်ကို စာရင်းထဲမထည့်ဘဲ တော်လှန်ရေးအင်အားစုတွေဘက်က အဖွဲ့တွေကို ဆန်းစစ်ကြည့်ရင် အများစုသော လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း ပညာရှင်အမြင်နဲ့ အများပြည်သူ့အမြင်တွေကို အလေးအနက်ထားကြပုံ မရတာ ဝမ်းနည်းဖွယ်တွေ့ကြရမှာ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စ၊ စစ်မှုထမ်းစုဆောင်းမှုနဲ့ လူ့အခွင့်အရေး၊ ပြည်သူလူထုရဲ့ ထမ်းပိုးထားရတဲ့ အမျိုးမျိုးသော အခွန်အကောက်တွေနဲ့ ဂျန်ဒါအခြေပြု အကြမ်းဖက်မှုလို စတဲ့ ခေါင်းစဥ်တွေနဲ့ ပတ်သက်ပြီး ပညာရှင်အမြင်၊ အများပြည်သူ့အမြင်တွေကို အလေးအနက်မထားကြတာ တွေ့ကြရမှာ ဖြစ်ပါတယ်။
လက်နက်ကိုင် အဖွဲ့တွေဟာ စစ်အောင်နိုင်ရေးအတွက် ဘာလုပ်လုပ် တရားတယ်၊ လုပ်သင့်တယ်ဆိုတဲ့ အမြင်တွေ အယူအဆတွေ တဖြည်းဖြည်း မြင့်တက်လာနေတာလည်း ဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးရဲ့ ဦးတည်ချက် ပန်းတိုင်က ပြည်သူလူထု အကျိုးအတွက် လုပ်ဆောင်တယ်ဆိုတဲ့ ဦးတည်ချက်ကနေ မိမိတို့လက်နက်ကိုင်အဖွဲ့ရဲ့ စစ်အောင်မြင်ရေး ဆိုတဲ့ဘက်ကို တဖြည်းဖြည်း ရွေ့လျောသွားတာမျိုး မြင်တွေ့နေကြရတာ ဖြစ်ပါတယ်။
ပြောချင်တဲ့အကြောင်းက ချင်းမိုင်တက္ကသိုလ်က မြန်မာ့အရေး လေ့လာသူတွေရဲ့ဆွေးနွေးပွဲတွေရဲ့ ရလဒ်တွေ မြေပြင်ကို ဘယ်လောက် သက်ရောက်သလဲ၊ မြေပြင်က အဖြစ်အပျက်တွေကို ဘယ်လောက် ထင်ဟပ်သလဲဆိုတဲ့ စံနှုန်း ၂ ချက်နဲ့ တိုင်းတာကြည့်ကြဖို့ အရေးကြီးတယ်လို့ ဆိုလိုချင်တာဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar