ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ငွေငတ်တဲ့ ကွန်မြူနစ်
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ငွေငတ်တဲ့ ကွန်မြူနစ်
(မိုးမခ) အောက်တိုဘာ ၇ ၊ ၂၀၂၄
မြန်မာ့အရေး ဖြေရှင်းဖို့က တော်လှန်ရေးအင်အားစုတွေ မပါဘဲနဲ့ မရဘူးဆိုတာ ခု အာဆီယံ ယူအန်၊ အီးယူတို့ လုပ်တဲ့ ဆွေးနွေးပွဲက သက်သေပါပဲ။
ပြည်သူက တစက်ချည်းမှ မထောက်ခံ ကိုယ့်ပြည်သူကို ပြန်သတ် ကိုယ့်တပ်ကို ဖျက်နေတဲ့ရာဇဝတ်သားတွေနဲ့ တိုင်းရေးပြည်ရေး နိုင်ငံ့အရေး ဆွေးနွေးလို့မရဘူးဆိုတာ လူတိုင်း သိပါတယ်။ တကယ်တော့ စစ်ကောင်စီ ဆိုတာ ရပ်ရေးရွာရေး ရေဘေးတောင် ဆွေးနွေးနိုင်စွမ်း မရှိကြဘူးလေ။
ပရဟိတသမားတွေ ပြည်သူအချင်း ချင်းကူညီဖေးမသူတွေသာ ရှိမနေရင် ဒီရေဘေးမှာ မသေသင့်ဘဲ သေရမယ့်သူတွေဆိုတာ နည်းမှတ်လို့။ ဒါတောင် စစ်တပ်က တားလား ဆီးလား ခိုးလား ဝှက်လားနဲ့ မဟုတ်လား။ အဲလိုတွေ သိရက်နဲ့ စစ်အုပ်စုနဲ့ ဆွေးနွေးနေတယ်ဆိုရင် တခုခု လိုချင်လို့ပါပဲ။ လိုချင်တာကလည်း အချိုအချောင်ပေါ့လေ။ အမှန်အကန် ဘယ်ဟုတ်မလဲ။ ရာဇဝတ်ဂိုဏ်းချုပ်က ငြိမ်းချမ်းရေးလုပ်မယ် ပြောတာတော့ ပိုဆိုးပြီ။
အလွန်ကောင်းတဲ့ စကားဟောင်းအတိုင်း ပြောရရင် ဖာခေါင်းကလုပ်တဲ့ ပြည့်တန်ဆာ ပပျောက်ရေး ဆိုသာလိုပေါ့။ အဆိုးဆုံးကတော့ စစ်ရာဇဝတ်ဂိုဏ်းချုပ်က ငြိမ်းချမ်းရေးလုပ်မယ် ပြောတာကို လက်ခံသူပါပဲ။ ငြိမ်းချမ်းရေး ပြောတာပဲ လက်ခံရမှာပေါ့ ဆိုရအောင်ကလည်း အင်္ဂုလိမာလက သူ့မိခင်ကို ပြန်သတ်မယ့်အထိ ဖြစ်လာတဲ့ သူ့လူသတ်လုပ်ငန်းဟာ အတော့်ကို မှားနေပါလားလို့သိရှိနားလည်ပြီး လက်နက်ချ၊ ရပ်ရွာက ပေးတဲ့ ပြစ်ဒဏ်ခံပစ်လိုက်တဲ့ ငြိမ်းချမ်းရေးမျိုး မဟုတ်ဘူးလေ။ လူလိုက်သတ်နေတဲ့ မင်းအောင်လှိုင်က ခုခံကာကွယ်သူကို လက်နက်ချခိုင်းတဲ့ ဘုရားစူးငြိမ်းချမ်းရေး၊ တကယ်တော့ ငြိမ်းချမ်းရေးစာလုံးနဲ့တောင် မတန်၊ သူ့ဘက်က ဝိုင်းလုပ်ပေးမယ့်သူရှိလို့ လူလည်ကျ ဖင်ခေါင်းကျယ်မှုသက်သက်။ သူ့ဖင်က ထွက်တဲ့ ငြိမ်းချမ်းရေးစကား၊ ပါးစပ်ကထွက်တဲ့ဟာ မဟုတ်ဘူး။ ဘာစော်နံနေမယ်ဆိုတာ သိကြပါတယ်။ အဲဒါကို အရေးတယူ လုပ်ပြီး လက်နက်ချ ပါတီထောင် ရွေးကောက်ပွဲဝင်ဆိုပြီး လမ်းကြောင်းချပေးတဲ့ ကြားဝင်ဖျန်ဖြေသူဆိုတာ ရာဇဝတ်သားထက် ဆိုးတဲ့ ရာဇဝတ်မှု ရေသောက်မြစ်ပဲ။
တရုတ်ဟာ ကျားဖြန့်နှိမ်နင်းပေးဖို့ သူ ဘယ်လိုမှ ပြောမရတဲ့ စစ်အုပ်စုကို ညီနောင်သုံးဖော်က ကျားဖြန့်နှိပ်ကွပ်ရေးနဲ့ စစ်အာဏာရှင် အမြစ်ဖြတ်ရေး တွဲလုပ်ပေးပါတယ်။ ကျားဖြန့်ကို သူလိုသလောက် နှိမ်နင်းပြီးချိန်မှာ စစ်အာဏာရှင်အမြစ်ဖြတ်ရေးကို ဆက်အလုပ်မခံဘဲ ညီနောင်သုံးဖော်ကို ဖိအားပေး ရပ်ခိုင်းပြီး သူ ကြိုးဆွဲရာကမယ့် အခြေအနေ ရောက်လာတဲ့ စစ်အုပ်စုနဲ့ သူ့မဟာဗျူဟာ ခါးပတ်လမ်းစီမံကိန်းကို လုပ်ဖို့ ကြိုးပမ်းလာပါတယ်။ ဒါဟာ မြန်မာ့တော်လှန်ရေးအပေါ် ကျားဖြန့်လုပ်တာပါပဲ။ နောက်တခါ အမေရိကန်ကို တရုတ်တွေနဲ့ ကျားဖြန့်လုပ်ဖို့ ကျားဖြန့်လုပ်ငန်းတွေကို အမြစ်မဖြတ်ဘဲ ချန်ထားချင်တာပါပဲ။ ခုလည်း တိန့်ရှီကျွင်းကနေ ကိုးကန့် တအာင်းတင်မက ဝကိုပါ ဖြဲတဲ့၊ ဝကတဆင့် တော်လှန်ရေးတခုလုံးကို ဖြဲတဲ့ဟာတွေ ထွက်လာပါတယ်။
မဟုတ်တရုတ် ဆိုတဲ့ စကားအတိုင်းပါပဲ။ နယ်စပ်ကုန်သွယ်ရေးနဲ့ အကျပ်ကိုင်မယ်ပေါ့လေ။ တရုတ်စကားပြော၊ တရုတ်ဖုံးနဲ့ တရုတ်ငွေသုံး၊ တရုတ်လျှပ်စစ်နဲ့ နေနေကြရတာ ဆိုတော့ တရုတ်ကျစ်သမျှ ခံကြရတာပ။ ဒီကနေလည်း တရုတ်ကျစ်တာ ရှောင်နိုင်တဲ့ ထွက်ပေါက်တွေ့လာမှာပါပဲ။ ဒါသည်ပင်လျှင် တော်လှန်ရေးရဲ့ သဘာဝဓမ္မတခုပဲ မဟုတ်လား။
တရုတ်ဟာ မြန်မာပြည်သူရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ဘက်ဆီကို သွားတာကတော့ ၉၀ ရွေးကောက်ပွဲပြီးကတည်းကဆိုတော့ အချိန်ကြာလာရင် အားလုံးဟာ တဖြည်းဖြည်းနဲ့ စစ်ဖိနပ်အောက် ပြားပြားမှောက်သွားမယ်လို့ တွက်တာပါဘဲ။ ပြည်သူ့တော်လှန်ရေးကို ဆင်နွှဲခဲ့တဲ့ ကွန်မြူနစ်ပါတီ ဖြစ်ပေမယ့် ပြည်သူ့တော်လှန်ရေးကို မယုံတော့တဲ့ နားမလည်တော့တဲ့လူတွေလက် ထက်ရောက်နေပြီလို့မှတ်ရမှာပါဘဲ။ ဒါမှမဟုတ် ကြောင်ဖြူနဲ့ရရ၊ ကြောင်နက်နဲ့ရရ ကြွက်ရဖို့သာ အဓိကဆိုတာက ကွန်မြူနစ်ပါတီရဲ့သဘောထားဖြစ်လာပြီလို့ဆိုရမှာပေါ့။
ကိုယ်တို့ငယ်ငယ်က မြို့မှာ ကွန်မြူနစ်တွေ စုတဲ့နေရာလေး ရှိတယ်။ အဲဒီမှာ စာဖတ်ဝါသနာပါသူတွေ စကားပြောကြ၊ ဆွေးနွေးကြ၊ စားကြ သောက်ကြပေါ့။ အပျင်းပြေဖဲဝိုင်းလည်း ရှိတယ်။ အဲဒီမှာ မနစ်တဲ့ ဘော်ဒါတယောက်လည်း ဖဲလာလာရိုက်တယ်။ သူကလည်း အချင်းချင်း ဖိကြိတ်ပြောနေကြ၊ စကားပြောကြွယ်တဲ့သူတယောက်ပေါ့။ တရက်တော့ သူ့ကို ဖဲလိမ်ရိုက်ကြတယ်။ သူဖဲရှုံးပြီး ထပြန်တော့မှ လိမ်ရိုက်ခံရတာ သိသွားတယ်။ အဲဒီမှာ လမ်းလယ်ကောင်ကနေ ကလော်တုတ်တော့တာ၊ ဘယ်သူမှ မလှုပ်ရဲတဲ့ စကားလုံးနဲ့ တုတ်တာ။ အဲဒီစကားလုံးကို ကနေ့ထိ ဘယ်သူမှ မမေ့ကြဘူး။ အကြောင်းဆုံရင် ကိုးကားရတုန်း။
သူ အကျယ်ကြီး အော်ဆဲ့တဲ့ စကားက "ငွေငတ်တဲ့ ကွန်မြူနစ်တွေ" တဲ့။
အင်း ကွန်မြူနစ်တွေလည်း ငွေငတ်ကြတယ် ဆိုပါစို့။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar