သီအိုဇော် - ဘေရွတ်၊ ဂါဇာ၊ ပြုံယမ်း၊ နေပြည်တော် မြေအောက်ဥမင်ပဟေဠိ (၃)
သီအိုဇော် - ဘေရွတ်၊ ဂါဇာ၊ ပြုံယမ်း၊ နေပြည်တော် မြေအောက်ဥမင်ပဟေဠိ (၃)
(မိုးမခ) အောက်တိုဘာ ၇ ၊ ၂၀၂၄
မြောက်ကိုရီးယားတို့က သူတို့ တည်ဆောက်ထားတဲ့ အရေးကြီးတဲ့ လိုဏ်ဂူတွေကို လက်နက်ကြီး၊ အမြောက်အမြား တပ်ဆင်ထားကြပါတယ်။ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေလည်း ထားရှိတတ်ပါတယ်။ ၁၇၀ မမ အမြောက်၊ ၂၄၀ မမ အတွဲလိုက်ဒုံးကျည်စနစ်တို့လိုမျိုးကို ထားရှိတဲ့ မှတ်တမ်းတွေ ရှိပါတယ်။ ဓာတ်လှေကားနဲ့ တွဲပြီး ရေဒါဖမ်းကရိယာကို ရေငုပ်သင်္ဘောတွေမှာ သုံးတဲ့ ပယ်ရီစကုပ်လို အထုတ် အသွင်း ပြုလုပ်တပ်ဆင်ထားတယ်လို့လည်း ယူဆကြတာမျိုးတွေ ရှိပါတယ်။
‘ကင်အီဆွန်း’လက်ထက် တူးဖော်ခဲ့တဲ့ လိုဏ်ခေါင်းတွေ ရှာဖွေတွေ့ရှိတဲ့အခါမှာ သတိထားမိကြတာက ထွက်ပေါက်တခုတည်း ထားတာမျိုမဟုတ်ဘဲ ထွက်ပေါက် လေး၊ ငါးခု ထားရှိတာမျိုးကိုပါ။
မြောက်ကိုရီးယား ကျွမ်းကျင်သူတွေ ကြီးကြပ်ဖောက်လုပ်ခဲ့တယ်လို့ သတင်းထွက်ခဲ့တဲ့ နေပြည်တော် ဥမင်တွေမှာလည်း ဒီလိုပဲ ထားရှိနိုင်ပါတယ်။
နေပြည်တော် ဥမင်လိုဏ်ခေါင်းများအကြောင်းကို စစ်အစိုးရ အဆက်ဆက် တရားဝင် အတည်ပြုပြောဆိုထားတာမျိုး မရှိပေမယ့် သတင်းမီဒီယာများရဲ့ အားထုတ်တင်ဆက်ထားမှုတွေ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော် ကာလတွေက ရှိခဲ့ဖူးပါတယ်။
အဲဒီအချိန်က ‘ဘာတေးလ်လစ်တနာ’(Bertil Lintner) ရေးသားဖော်ပြခဲ့တဲ့ YaleGlobal Onlineက ဆောင်းပါးများရဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး Institute for Science and International Security က ဂြိုဟ်တုဓာတ်ပုံ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာကို ၂၀၀၉ ခုနှစ် ဩဂုတ် ၃ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီမှာ နေရာအတိအကျ ဖော်ပြမထားတဲ့ နေပြည်တော်က ဥမင်ဝတခုကို တွေ့ရှိရပါတယ်။
ဓာတ်ပုံရက်စွဲက ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်ဖြစ်တဲ့အတွက် မြေအောက်ဥမင်ပရောဂျက်က နေပြည်တော်ကို အစိုးရအဖွဲ့ ရုံးတွေ အလုံးစုံ မပြောင်းရွှေ့ကြသေးစဉ်၊ ခပ်စောစောပိုင်းကတည်းက လျှို့ဝှက်လုပ်ဆောင်နေကြတာကို သက်သေပြနေပါတယ်။
ဒါဟာ ‘ဘာတေးလ်လစ်တနာ’ ဆောင်းပါးတွေထဲပါတဲ့ ၂၀၀၃-၂၀၀၆ အတွင်းက သတင်းဓာတ်ပုံတွေ ဆိုတာနဲ့လည်း အချိန်ကာလ အပိုင်းအခြား ကိုက်ညီမှုတွေ ရှိပါတယ်။
နေပြည်တော်ဥမင်အကြောင်းနဲ့ ပတ်သက်ရင် ချန်ထားလို့မဖြစ်တဲ့ DVB အစီအစဉ်နဲ့ အယ်လ်ဂျာဇီးယား သတင်း ရုပ်သံမှတ်တမ်းထဲမှာ၊ အရင်စစ်ခေါင်းဆောင်ဟောင်းရဲ့ A1 ခြံအောက်ကနေ ဥမင်လိုဏ်ခေါင်းတခု ဖြတ်သွားတယ်ဆိုတာ ပါပါတယ်။ A1-A6 ခြံအားလုံးက မဟုတ်ခဲ့ရင်တောင် A1ခြံကနေ အဲဒီရုပ်သံသတင်းမှာ ပြောခဲ့တဲ့ PP216 (မြေအောက်စစ်ဌာနချုပ်ဥမင်နေရာ)ကို ရောက်သွားနိုင်မယ့် အနေအထား(သို့) မြေအောက်ဥမင်ဖြတ်လမ်းတခု ရှိနေနိုင်မလားလို့လည်း တွက်ဆကြည့်ရမလိုပါ။ အဲဒီအချိန်က သတင်းမီဒီယာတွေမှာ ပါခဲ့တာများအရ ဆိုရင် ဒီဥမင်တွေဟာ ထရပ်ကားတစီး (သို့) နှစ်စီးစာ သွားလို့ရအောင် ကျယ်ဝန်းတယ်လို့လည်း မှတ်သားခဲ့ဖူးပါတယ်။
ရာဇသင်္ဂဟ အဝိုင်းနားက တော်ဝင်ရတနာလမ်းနဲ့ ရာဇသင်္ဂဟလမ်းကြားမှာတည်ရှိတဲ့ A1-A6 ခြောက်လုံးတန်း အိမ်ရာနားမှာ စစ်ကောင်စီခေါင်းဆောင်ကလည်း ခုနစ်လုံးမြောက် အိမ်ကို သူ့အတွက် ဆောက်နေတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး ဆက်စပ်စဉ်းစားမိတာ တခုရှိပါတယ်။
ဒီအချက်က ခြောက်လုံးတန်းအိမ်ရာ အနေအထားဟာ လုံခြုံရေးအမြင်နဲ့ ကြံစည်ဆောက်လုပ်ထားတာ ဖြစ်မယ်ဆိုတဲ့ မှန်းဆချက်တွေကို ထပ်မံအတည်ပြုလိုက်သလိုလည်း ဖြစ်သွားပါတယ်။ နေပြည်တော်မှာ ဒီနေရာထက် ပိုပြီး လုံခြုံရေး စိတ်ချရတဲ့နေရာ မရှိတော့ဘူးလို့ စစ်ခေါင်းဆောင် အဆက်ဆက်က ခံယူထားတဲ့ အမြင်ရှိတယ်လို့ ယူဆရပါလိမ့်မယ်။
တည်နေရာကို လုံခြုံရေး အပြည့်အဝပေးထားလို့ လုံခြုံစိတ်ချရတာမျိုးထက်၊ လုံခြုံရေးစည်း ကျိုးပေါက်သွားခဲ့ရင်၊ ခြောက်လုံးတန်း အိမ်ရာကနေ နေပြည်တော်ရဲ့ အလုံခြုံဆုံး အခိုင်မာဆုံး မြေအောက် ဥမင်ဘန်ကာဆီကို အရောက်သွားနိုင်တဲ့ ထွက်ပြေးပေါက်တခု ရှိနေနိုင်တယ်လို့လည်း တွက်ဆနိုင်ပါတယ်။
မကြာသေးမီက Breaking Brainwashed ရဲ့ စစ်မြေပြင်အင်ဂျင်နီယာတပ်နဲ့ အထူးဆောက်လုပ်ရေးတပ်တို့က CDM များနဲ့ အင်တာဗျူးမှာ သတိထားမိတဲ့ အချက်တခု ရှိပါတယ်။ နေပြည်တော်ရဲ့ အရှေ့ဘက်က ‘ရေပြောင်း ပြန်’ရွာဘက်မှာ ဥမင်အဝ တခု ရှိတယ် ဆိုတာကိုပါ။
၂၀၁၁ ခုနှစ် ဇွန်လက RFA သတင်းတပုဒ်မှာတော့ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရွှေပန်းတော ကျေးရွာကနေ နေ ပြည်တော်အထိ ဖောက်လုပ်နေတဲ့ မြေအောက်လျှို့ဝှက် ဥမင်လိုဏ်ခေါင်း စီမံကိန်းအတွက် အလုပ်လုပ်နေတဲ့ ဒေသခံတွေနဲ့ မေးမြန်းချက်တွေ တွေ့ရပါတယ်။
ဒီတော့ ရွှေပန်းတောကျေးရွာနားမှာ ဥမင်အဝ တခုရှိတယ်လို့ ယူဆနိုင်ပြီး၊ အဲဒီကနေ ‘ရေပြောင်းပြန်’အဝအထိ အကွာအဝေး တွက်ချက်ကြည့်တော့ မိုင် ၁၀၀ စွန်းစွန်း ရှိပါတယ်။
တိုက်ရိုက်ပေါက်တဲ့ ဥမင်ဝ နှစ်ခုလို့ အတိအကျ ပြောဖို့ ခက်ပေမယ့်၊ နိုင်ငံကြီးတွေမှာ တွေ့ကြရတဲ့ အဝေးပြေး မြေအောက်အမြန်လမ်းမကြီးတွေနဲ့ ဆင်တူတဲ့ လမ်းအစိတ်အပိုင်းတွေလို့ ယူဆနိုင်မယ် ထင်ပါတယ်။ နေပြည်တော် မြေအောက် အဝင်အထွက် ဥမင်လမ်းတွေနဲ့လည်း ချိတ်ဆက်ထားပါလိမ့်မယ်။ နေပြည်တော်ရဲ့ မြေအောက်မှာ ရှုပ်ထွေးတဲ့ ကွန်ရက်လမ်းကြောင်း တွေ ရှိနေနိုင်တယ်လို့ မှန်းဆနိုင်ပါတယ်။
အထက်ကပြောခဲ့တဲ့ ဥမင်အဝ နှစ်နေရာ အနီးတဝိုက်မှာ တင်းကျပ်တဲ့ လုံခြုံရေးတွေ ရှိနေရင်တော့ အရေးပါတဲ့ ဝင်ပေါက်၊ ထွက်ပေါက်များ ဖြစ်တယ်ဆိုတာ သေချာနေပါပြီ။ တပေါက်က မကွေးတိုင်းမှာ ရှိပြီး နောက်တပေါက်က ပြီးခဲ့တဲ့ နှစ်ကာလအထိ ခြိမ်းခြောက်ခံရမှု ကင်းလွတ်လိမ့်မယ်လို့ စစ်ခေါင်းဆောင်တွေ မျှော်လင့်ထားကြတဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ ရှမ်းပြည်နယ်နဲ့ တော်တော်နီးကပ်နေတာကို တွေ့ရပါတယ်။
မြင်သာအောင်ပြောရရင် ‘ရေပြောင်းပြန်’ရွာနဲ့ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ် ‘တောင်ကျရွာ’ အနီးက ပင်လယ် ရေမျက်နှာပြင်အထက် အမြင့်ပေ ၁,၅၀၀ လောက်မှာ ရှိတဲ့ ‘နေပြည်တော် ရေပူစမ်း’ အပန်းဖြေစခန်းက ၁၇ မိုင်လောက်ပဲ ကွာဝေးပါတော့တယ်။
တကယ်လို့သာ နေပြည်တော် မြေအောက်ဥမင်များကို ရည်ရွယ်ခဲ့သလို ပြီးမြောက်အောင် တည်ဆောက်ထားနိုင်ခဲ့ကြရင်တော့၊ တနိုင်ငံလုံးကို ကွပ်ကဲဖို့အတွက်သာမက၊ အခြေအနေမကောင်းရင် ‘ရပခ’နယ်မြေထဲ လျင်လျင်မြန်မြန် ဆုတ်ခွာထွက်သွားနိုင်အောင် ကြံစည်ဆောက်လုပ်ထားတဲ့ ဗျူဟာမြောက်စီမံကိန်းတခုလို့ ဆိုနိုင်ပါလိမ့်မယ်။
(ဆက်လက်ဖော်ပြပါဦးမည်)
👉သီအိုဇော် - ဘေရွတ်၊ ဂါဇာ၊ ပြုံယမ်း၊ နေပြည်တော် မြေအောက်ဥမင်ပဟေဠိ
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar