Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၂၃ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၂၃ )

(မိုးမခ) အောက်တိုဘာ ၁၅ ၊ ၂၀၂၄

15/10/24

Diary in the darkness 


ရာသီဥတုက နေသာတယ်။ လျှပ်စီးမီးက မှန်မှန်မလာပေမယ့် မီတာခက တစ်သိန်းတစ်သောင်းကျော် ကျတယ်။ ရေ မီး အထူး ချွေတာနေရတယ်။ ဈေးဖိုးလည်း ချွေတာနေရတယ်။ စားတာ သွားတာလည်း ချွေတာ။ စကားလည်း ချွေတာပေါ့။ ရေမီတာ၊ လျှပ်စစ်မီတာ ဖတ်သူတွေက သူတို့နဲ့ ညှိဖို့ ပြောပေမယ့် လိပ်ပြာမလုံလို့ ဘာမှ မညှိနိုင်ဘူး။ လူတွေက ကိုယ်ကို ငတုံးလို့ ပြောရင်လည်း ခံရမှာပါပဲ။

မနေ့က သီပေါမြို့ ကို TNLA က အလုံးစုံထိန်းချုပ်လိုက်ပြီ ဆိုတဲ့ သတင်းတွေ တက်နေတယ်။ စစ်ကောင်စီ မိသားစုတွေကို တနေ့ကတည်းက မြို့ထဲက ထွက်ခွာခွင့် TNLA က ပေးခဲ့ပါတယ်။ ဒါပေမဲ့ မေမြို့က စစ်ကောင်စီအရာရှိကြီးတွေက သူ့တပ်မိသားစုဝင်တွေကို လိုလိုလားလား လက်ခံတာ မရှိခဲ့ဘူးလို့ လူမှုကွန်ရက်တွေ ရုပ်သံမှတ်တမ်းတွေနဲ့ စစ်ကောင်စီမိသားစုတွေက ဖော်ပြနေကြတယ်။ 

လွတ်ရာကျွတ်ရာကို ကုန်တင်ယာဉ်တွေနဲ့ ထွက်ပြေးသွားတဲ့ စစ်ကောင်စီ မိသားစုတွေကို သီပေါသူသီပေါသားတွေက ခဲနဲ့ပေါက်ပြီး နောက်မလာကြနဲ့လို့ အော်ဟစ်နှုတ်ဆက်နေကြလို့ ဝမ်းနည်းမိတယ်လို့ စစ်ကောင်စီ  လော်ဘီ ဇော်မိုးဟိန်းက ပြောတယ်။ ဒီနေ့လည်း အရှင်မိတဲ့ စစ်ကောင်စီမိသားစု ရာကျော်ကို TNLA က ပြန်လွှတ်လိုက်တယ် ဆိုတဲ့ သတင်းတွေ ဆက်တိုက်တက်နေပါတယ်။

အာစီယံမှာ ထိပ်တန်းအဆင့်ရှိတဲ့ စတင်းဒတ် အာမီ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲအတွေ့အကြုံနုသေးတဲ့ တော်လှန်ရေးတပ်တွေကို ဘာကြောင့်များ မရှုမလှ စစ်ရှုံးနေရပါသလဲ။ ကျနော့်ရဲ့ စစ်တုရင်ကစားဖက် မိတ်ဆွေတစ်ယောက်က ခုလို ပြောပါတယ်။ 

"မင်းအောင်လှိုင်ရဲ့တပ်တွေဟာ လက်နက်နဲ့ စစ်သည်အင်အား သာပေမယ့် သူ စစ်ဗျူဟာခင်းတဲ့ပုံက ဆုတ်တက်လှုပ်ရှားခွင့် ခက်ခဲတယ်။ ခံစစ်သေတွေ ဖြစ်နေတယ်။ တဖက်က တော်လှန်ရေးတပ်တွေက ဆုံချက်ကျတဲ့နေရာတွေက စောင့်ပြီး စစ်ကောင်စီတပ်တွေကို မလှုပ်နိုင်အောင်၊ ထောက်ပံ့ရေးလမ်းကြောင်းတွေကို အချိတ်အဆက်မိမိနဲ့ ဖြတ်တောက်ကာ တာရှည်ဝိုင်းထားနိုင်ခဲ့တယ်။ စစ်ကောင်စီရဲ့ လေကြောင်းကလည်း ထိထိမိမိ မထောက်ပံ့နိုင်။ ပစ်ကူမပေးနိုင်ခဲ့ဘူး။ နောက်ဆုံးတော့ စစ်ကောင်စီတပ်တွေ အစာပြတ်ပြီး ဒူးထောက် အရှုံးပေးခဲ့ရတာပေါ့ တဲ့။" 

သူငယ်ချင်း နိုင်ကျဉ်းဟောင်းတစ်ယောက်ကတော့ "မင်းအောင်လှိုင်က ပြည်သူကို ရန်သူလို သဘောထားတယ်။ သူ့ရဲ့ ခြစား‌နေတဲ့  စစ်ယန္တရားကို အားပြုပြီး အာဏာကို တည်ဆောက်တယ်။ အဲဒါကြောင့် စစ်ရှုံးတာ" လို့ ပြောတယ်။ 

ဆရာဝန်တစ်ယောက်ကတော့ "ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အသက် ၆၀ ကျော်ရင် ငါးယောက်မှာ တစ်ယောက် စိတ်ဝေဒနာကို ခံစားနေရတယ်။ အဲဒီဝေဒနာသည်တွေထဲမှာ မင်းအောင်လှိုင်က စိုးရိမ်ဖွယ် ခံစားနေရသူ ဖြစ်တယ်။ ထင်ယောင်ထင်မှား ဖြစ်တတ်တဲ့ ရောဂါ မင်းအောင်လှိုင် ခံစားနေရတယ်။ သူဟာ အဆင့်မြင့်စိတ်ဝေဒနာရှင် တစ်ယောက်နဲ့ ပိုပိုတူလာတယ်" လို့ ပြောတယ်။ 

ကျွန်တော်ကတော့ ဘာမှမပြောတတ်တော့ပါဘူး။ သူ့ရဲ့စိတ်ဝေဒနာတွေ ကိုယ့်ဆီ မကူးစက်အောင် ဘာလုပ်ရမယ်ဆိုတာပဲ တွေးနေမိတယ်။ 

အဲဒီလို တွေးနေမိတာကိုက စိတ်ဝေဒနာ ကူးစက်ခံနေရပြီလို့ ဆရာဝန်က သတိပေးတယ်။ ဒီဝေဒနာက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ကိုလည်း ကူးစက်သွားပြီ ထင်တယ်။ သူလည်းဆုံးဖြတ်ချက်တွေ ချတာ ၊ လုပ်တာ၊ ကိုင်တာ ကြေညာချက်ထုတ်တာတွေက ကယောင်ချောက်ချား ဖြစ်နေပုံရတယ်။ 

ကမ္ဘာ့စိတ်ကျန်းမာရေးနေ့မှာ မင်းအောင်လှိုင်နဲ့အတူ စစ်ရူး ရူးနေတဲ့ ကမ္ဘာ့ခေါင်းဆောင်ကြီးတွေကို လည်း အရင်ဆုံး ဆေးစစ်သင့်ပြီ ထင်ပါတယ်။ အဖော်ညှိတာပါ။ 

အန်ကယ် တူမီး


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar